ဟောင်ကောင်မှာ ဒီမိုကရေစီ စာအုပ်တွေ လိုက်သိမ်းနေ

ပြင်းထန်တဲ့အရေးယူမှုတွေကို ကြောက်ရွံ့ပေမဲ့ လုံခြုံရေးဥပဒေသစ်ကို ဆန္ဒပြတာတွေရှိနေ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ပြင်းထန်တဲ့အရေးယူမှုတွေကို ကြောက်ရွံ့ပေမဲ့ လုံခြုံရေးဥပဒေသစ်ကို ဆန္ဒပြတာတွေရှိနေ

ဟောင်ကောင်မှာ ဒီမိုကရေစီရေးလိုလားတဲ့ ထင်ရှားသူတွေရေးသားတဲ့စာအုပ်တွေကို ပြည်သူ့ စာကြည့်တိုက်တွေကနေ လိုက်လံဖယ်ရှားနေပါတယ်၊ ဒါတွေက အငြင်းပွားစရာ လုံခြုံရေးဥပဒေ ချမှတ်ပြီးတဲ့နောက်ပိုင်းမှာ ဖြစ်လာနေတာပါ။

ဥပဒေသစ်ကို ဒီစာအုပ်တွေက ချိုးဖောက်ထားတာရှိမရှိ ပြန်စစ်ဆေးဖို့ရှိတယ်လို့ အဲဒီ စာကြည့်တိုက်တွေကို ကြီးကြပ်နေတဲ့သူတွေက ပြောပါတယ်။

ဒီဥပဒေသစ်က ခွဲထွက်တာတွေ၊ အစိုးရကို ဆန့်ကျင်တာတွေ၊ အကြမ်းဖက်မှုတွေကို ထောင်ဒဏ် တစ်သက်အထိ ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။

ဝေဖန်သူတွေကတော့ တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိနေတဲ့ ဟောင်ကောင်နယ်မြေရဲ့ လွတ်လပ်ခွင့်တွေကို ဒီဥပဒေက ဖျက်ဆီးလိုက်တာလို့ ဆိုနေပြီး ဘေဂျင်းကတော့ အဲဒီလို အမြင်တွေကို ပယ်ချထားပါတယ်။

ဟောင်ကောင်ရဲ့အချုပ်အခြာအာဏာကို ၁၉၉၇ ခုနှစ်မှာ ဗြိတိန်က တရုတ်လက်ထဲကို လွှဲပြောင်းပေးခဲ့ပြီး တစ်နိုင်ငံ၊ စနစ်နှစ်ခုဆိုတဲ့ သဘောတူချက်အောက်မှာ နောက် နှစ် ၅၀ အထိ ဟောင်ကောင်သူ ဟောင်ကောင်သားတွေရဲ့ သီးခြား အခွင့်အရေးတွေကို တရုတ်အနေနဲ့ အာမခံရမှာပါ။

South China Morning Post သတင်းစာအရ အနည်းဆုံး စာအုပ် ၉ အုပ် စာကြည့်တိုက်တွေမှာ မရှိတော့ဘဲ ပြန်လည်သုံးသပ်နေတယ်လို့ သိရပါတယ်။

ဒီစာအုပ်တွေထဲမှာ ထင်ရှားတဲ့ ဟောင်ကောင် ဒီမိုကရေစီရေး လှုပ်ရှားတက်ကြွသူ ဂျော့ရှုဝါဝန်နဲ့ ဒီမိုကရေစီ လိုလားသူ နိုင်ငံရေးသမား တန်ရာ ချန်တို့ ရေးသားတဲ့ စာအုပ်တွေ ပါဝင်ပါတယ်။

မစ္စတာ ဝန်က ဒီ ဥပဒေသစ်ဟာ "ပြည်မကြီးပုံစံ ဆင်ဆာ လုပ်တာကို ဟောင်ကောင်မှာ ချမှတ်ကျင့်သုံးတာဖြစ်ပြီး၊ စာအုပ်တွေကို ပိတ်ပင်ကန့်သတ်မှာနဲ့ ခြေတစ်လှမ်းအကွာမှာပဲ ရှိတော့တယ်" လို့ တွိ လုပ်ပါတယ်။

no caption

ဓာတ်ပုံ ရင်းမြစ်, @joshuawongcf@JOSHUAWONGCF

ဒီလုံခြုံရေး ဥပဒေသစ် အသက်ဝင်လာတဲ့ အင်္ဂါနေ့က စတင်ပြီး ထိပ်တန်း ဒီမိုကရေစီရေး လှုပ်ရှား တက်ကြွသူတွေ သူတို့ အခန်းကဏ္ဍတွေကနေ ဆင်းပေးနေကြပါတယ်။

တစ်ချိန်က ကျောင်းသားခေါင်းဆောင်ဖြစ်ခဲ့ဖူးပြီး ဟောင်ကောင် ဥပဒေပြုကောင်စီ အဖွဲ့ဝင် တစ်ယောက်ဖြစ်တဲ့ နေသန် လော လည်း ဟောင်ကောင်ကနေ ပြည်ပကို ထွက်ခွာသွားပါတယ်။

ဘေဂျင်းအစိုးရကတော့ ဒီ ဥပဒေအပေါ်ဝေဖန်တာတွေကို ပယ်ချထားပြီး၊ ဒီ ဥပဒေဟာ ၂၀၁၉ တုန်းက ဟောင်ကောင်မှာဖြစ်ခဲ့တဲ့ ဒီမိုကရေစီရေး လူထုဆန္ဒပြပွဲတွေကို တားဆီးဖို့အတွက် မဖြစ်မနေ လိုအပ်တဲ့ ဥပဒေလို့ဆိုပါတယ်။ အဲဒီ ဆန္ဒပြပွဲတွေမှာ ဆန္ဒပြတဲ့သူတွေနဲ့ ရဲတွေအကြား ကြမ်းတမ်းတဲ့ တိုက်ခိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။

ဒီဥပဒေဟာ ဟောင်ကောင်ရဲ့ သီးသန့် လွတ်လပ်ခွင့်တွေကို အာမခံပါမယ်လို့ ကတိပေးထားမှုတွေကို တရုတ်က ဖောက်ဖျက်လိုက်တာလို့ ယူကေနဲ့ တခြား အနောက်နိုင်ငံတွေက စွပ်စွဲချက်တွေကိုလည်း တရုတ်က ဒါဟာ သူတို့ ပြည်တွင်းရေးကို ဝင်ရောက်နှောင့်ယှက်တာလို့ဆိုကာ ပယ်ချထားပါတယ်။