ကိုဗစ်-၁၉ ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ မှားယွင်းလွဲချော်တဲ့ အယူအဆတွေက ဘာတွေလဲ

လတ်တလောနှစ်တွေအတွင်းမှာ ကာကွယ်ဆေးမှန်သမျှကို ဆန့်ကျင်တဲ့ တက်ကြွလှုပ်ရှားမှုတွေ အွန်လိုင်းပေါ်မှာ အရှိန်ရလာ

ဓာတ်ပုံ ရင်းမြစ်, SOPA IMAGES

ဓာတ်ပုံ ပုံစာ, လတ်တလောနှစ်တွေအတွင်းမှာ ကာကွယ်ဆေးမှန်သမျှကို ဆန့်ကျင်တဲ့ တက်ကြွလှုပ်ရှားမှုတွေ အွန်လိုင်းပေါ်မှာ အရှိန်ရလာ

ယူကေနိုင်ငံ အောက်စဖို့တက္ကသိုလ်က ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စမ်းသပ်မှုမှာ အလားအလာကောင်းတဲ့ ရလဒ်တွေ တွေ့ရကြောင်း ကြေညာချက်တွေ ထွက်လာတဲ့ ရက်သတ္တပတ်အတွင်းမှာပဲ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာလည်း ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ မှားယွင်းလွဲချော်တဲ့ အယူအဆနဲ့ ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

လတ်တလောနှစ်တွေအတွင်းမှာ ကာကွယ်ဆေးမှန်သမျှကို ဆန့်ကျင်တဲ့ တက်ကြွလှုပ်ရှားမှုတွေ အွန်လိုင်းပေါ်မှာ အရှိန်ရလာခဲ့ပြီး အခုလို ဆန့်ကျင်ဖို့ စည်းရုံးလှုပ်ရှားသူတွေက ကိုရိုနာဗိုင်းရပ်စ်ဘက်ကိုပါ လှည့်လာကြပါတယ်။

ဒေါက်တာ ကယ်ရီ မဒက်(ဂျ်)ရဲ့ ကိုရိုနာကာကွယ်ဆေး စမ်းသပ်မှုနဲ့ ပတ်သတ်တဲ့ မမှန်ကန်တဲ့ ပြောဆိုမှုတွေ ပြုလုပ်ထားတဲ့ ဗီဒီယိုဖိုင်ဟာ လတ်တလော လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ ပျံ့နှံ့

ဓာတ်ပုံ ရင်းမြစ်, BBC

ဓာတ်ပုံ ပုံစာ, ဒေါက်တာ ကယ်ရီ မဒက်(ဂျ်)ရဲ့ ကိုရိုနာကာကွယ်ဆေး စမ်းသပ်မှုနဲ့ ပတ်သတ်တဲ့ မမှန်ကန်တဲ့ ပြောဆိုမှုတွေ ပြုလုပ်ထားတဲ့ ဗီဒီယိုဖိုင်ဟာ လတ်တလော လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ ပျံ့နှံ့

မျိုးဗီဇဖြစ်စေတဲ့ ဇီဝ အက်ဆစ် DNA ကို ထိခိုက်တယ်ဆိုတဲ့ ပြောဆိုမှုများ

အဆစ်အမြစ်နဲ့ ကြွက်သားဆိုင်ရာ ဆရာဝန် ဒေါက်တာ ကယ်ရီ မဒက်(ဂျ်)ရဲ့ ကိုရိုနာကာကွယ်ဆေး စမ်းသပ်မှုနဲ့ ပတ်သတ်တဲ့ မမှန်ကန်တဲ့ ပြောဆိုမှုတွေ ပြုလုပ်ထားတဲ့ ဗီဒီယိုဖိုင်ဟာ လတ်တလော လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ ပျံ့နှံ့ပြီး လူသိများလာခဲ့ပါတယ်။

ကယ်ရီရဲ့ ဗီဒီယိုမှာ ကိုရိုနာကာကွယ်ဆေးက အထိုးခံရသူတွေရဲ့ မျိုးဗီဇ အချက်အလက်တွေ ပါဝင်တဲ့ DNA ကို အပြောင်းအလဲ ဖြစ်စေနိုင်တယ် ဆိုပြီး မမှန်မကန် ပြောဆိုထားပါတယ်။

သူ့ အပြောအရဆိုရင် “ကိုဗစ်-၁၉ ကာကွယ်ဆေးတွေဟာ ကျွန်မတို့တွေကို မျိုးဗီဇ ပြုပြင်ပြောင်းလဲခံရတဲ့ သတ္တဝါတွေ ဖြစ်လာအောင် ဖန်တီးထားတာ” လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီကာကွယ်ဆေးတွေဟာ အထိုးခံရသူတွေကို ကွန်ပြူတာ အသိဉာဏ်တုလို စနစ်တစ်ခုနဲ့ ချိတ်ဆက်အောင် လုပ်မှာလည်း ဖြစ်တယ်လို့ ကယ်ရီက ပြောဆိုခဲ့ပြီး သက်သေပြတာတော့ မရှိခဲ့ပါဘူး။

ဗီဒီယို ပုံစာ, ကိုရိုနာ ဗိုင်းရပ်စ် နဲ့ ယုံတမ်းစကားများ

လက်ရှိမှာ စမ်းသပ်နေဆဲ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ၂၅ မျိုး ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ စာရင်းဇယားအရ သိရပါတယ်။

အဲဒီ ကာကွယ်ဆေးတွေထဲမှာ DNA ကို ပြောင်းလဲစေတဲ့ ကာကွယ်ဆေး မပါဝင်သလို ကွန်ပြူတာ အသိဉာဏ်တုလို စနစ်နဲ့ ချိတ်ဆက်တဲ့ နည်းပညာလည်း သုံးမထားပါဘူး။

ဒီကာကွယ်ဆေးတွေ အားလုံးဟာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးကို ခန္ဓာကိုယ်က သိရှိပြီး ပြန်လည် တိုက်ခိုက်နိုင်အောင် ကိုယ်ခံအားစနစ်ကို လေ့ကျင့်ပေးတဲ့ နည်းလမ်းအပေါ်မှာ အခြေခံ ပုံစံထုတ်ထားတာ ဖြစ်ပါတယ်။

ကယ်ရီ မဒက်(ဂျ်)ဟာ နောက်ထပ် မှားယွင်းတဲ့ ပြောဆိုမှုတွေကိုလည်း သူ့ရဲ့ ဗီဒီယိုမှာ ပြုလုပ်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စမ်းသပ်မှုတွေမှာ စိတ်ချရအောင် သိပ္ပံနည်းကျ လိုက်နာရမယ့် လုပ်ငန်းစဉ်တွေကို လိုက်နာတာလည်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။

အခုလို ပြောဆိုတဲ့ ကယ်ရီ မဒက်(ဂျ်)ကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမဲ့ လက်ရှိ သတင်းဖော်ပြပြီးတဲ့ အချိန်အထိတော့ ပြန်လည် တုံ့ပြန်တဲ့စာ မရသေးပါဘူး။

တောင်အာဖရိကမှာလည်း အလားတူ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စမ်းသပ်မှု လုပ်ခဲ့ရာမှာ ဒါကို မြို့တော် ဂျိုဟန်းနားဘတ်စ်မှာ ကန့်ကွက်ဆန္ဒပြသူ တချို့ရှိခဲ့

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, တောင်အာဖရိကမှာလည်း အလားတူ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စမ်းသပ်မှု လုပ်ခဲ့ရာမှာ ဒါကို မြို့တော် ဂျိုဟန်းနားဘတ်စ်မှာ ကန့်ကွက်ဆန္ဒပြသူ တချို့ရှိခဲ့

ကယ်ရီ မဒက်(ဂျ်)ရဲ့ ဗီဒီယိုကို ဘယ် လူမှုကွန်ရက်စာမျက်နှာတွေမှာ ဝေမျှကြသလဲ

ကယ်ရီ မဒက်(ဂျ်)ရဲ့ ဗီဒီယိုကို သူ့နာမည်တပ်ထားတဲ့ ယူကျူ့ချန်နယ်ကနေ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းလောက်က တင်ခဲ့တာ ဖြစ်ပြီး လက်ရှိ ဇူလိုင်လ ၂၆ ရက်နေ့အထိမှာ ကြည့်ရှုမှု သုံးသိန်းခွဲ နီးပါး ရှိလာပြီ ဖြစ်ပါတယ်။

ဒီဗီဒီယိုကို ဖေ့စ်ဘွတ် နဲ့ အင်စတက်ဂရမ် လူမှုကွန်ရက်စာမျက်နှာတွေမှာလည်း ဝေမျှမှု များပြားပြီး အမေရိကန်၊ ယူကေနိုင်ငံနှင့်တကွ ကမ္ဘာတလွှား ဆက်လက် ဝေမျှ ကြည့်ရှုနေကြဆဲ ဖြစ်ပါတယ်။

တောင်အာဖရိကနိုင်ငံက သိပ္ပံပညာရှင်တစ်ယောက်ဖြစ်ပြီး Mistress of Science ကလောင်အမည်ရှိတဲ့ ဆာရာဒေါင်းကတော့ ဒီဗီဒီယိုကို သူ့ရဲ့ မိခင်ဖြစ်သူက တစ်ဆင့် သိရှိခဲ့ပြီး သူ့မိခင်ပါဝင်တဲ့ ခရစ်ယာန်ဝတ်ပြု အုပ်စုအတွင်းမှာ ဒါကို ယုံယုံကြည်ကြည်နဲ့ ဝေမျှခဲ့ကြတယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာတော့ ဆာရာဒေါင်းက မဟုတ်မှန်ကြောင်း ပြန်လည် ရှင်းပြတဲ့ စာတစ်စောင် ပို့တော့မှ လက်ခံသွားကြတယ်လို့ ဘီဘီစီကို ပြောပါတယ်။

တချို့ ဖေ့စ်ဘွတ် အကောင့်ပိုင်ရှင်တွေက သူတို့အနေနဲ့ အစမ်းသပ်ခံ သတ္တဝါတွေ အဖြစ်မခံနိုင်ဘူးလို့ ပြောဆိုကြပြီး စမ်းသပ်တဲ့ ကာလက အချိန်တိုတောင်းလွန်းတယ်လို့လည်း ပြော
ဓာတ်ပုံ ပုံစာ, တချို့ ဖေ့စ်ဘွတ် အကောင့်ပိုင်ရှင်တွေက သူတို့အနေနဲ့ အစမ်းသပ်ခံ သတ္တဝါတွေ အဖြစ်မခံနိုင်ဘူးလို့ ပြောဆိုကြပြီး စမ်းသပ်တဲ့ ကာလက အချိန်တိုတောင်းလွန်းတယ်လို့လည်း ပြော

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စမ်းသပ်မှု ကာလနဲ့ ပတ်သက်တဲ့ ပြောဆိုမှုများ

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့က အောက်စဖို့တက္ကသိုလ် ကိုရိုနာ ကာကွယ်ဆေး စမ်းသပ်မှု ရလဒ် ထုတ်ပြန်လိုက်ချိန်မှာ ကိုရိုနာအခြေအနေနဲ့ ပတ်သက်ပြီး ဖွဲ့စည်းထားတဲ့ ဖေ့စ်ဘွတ်ဂရုတွေ အကြား အငြင်းအခုံတွေ ဖြစ်ခဲ့ပါတယ်။

တချို့ ဖေ့စ်ဘွတ် အကောင့်ပိုင်ရှင်တွေက သူတို့အနေနဲ့ အစမ်းသပ်ခံ သတ္တဝါတွေ အဖြစ်မခံနိုင်ဘူးလို့ ပြောဆိုကြပြီး စမ်းသပ်တဲ့ ကာလက အချိန်တိုတောင်းလွန်းတယ်လို့လည်း ပြောဆိုကြပါတယ်။

အခုလို ကာကွယ်ဆေး စမ်းသပ်မှုကို အချိန်တိုတိုအတွင်းမှာ လုပ်တဲ့ ကိစ္စဟာ လုံခြုံစိတ်ချရမှုအတွက် စိုးရိမ်စရာ ဖြစ်တယ် ဆိုပေမဲ့ စမ်းသပ်မှု အားလုံးမှာ တင်းကြပ်တဲ့ စည်းကမ်းနဲ့ လုပ်ငန်းစဉ်တွေ အားလုံးလိုက်နာမှု ရှိပါတယ်လို့ အောက်စဖို့ဒ် ကာကွယ်ဆေး ထုတ်လုပ်ရေး အုပ်စုက ပါမောက္ခ အန်ဒရူး ပေါလာ့ဒ်က ဘီဘီစီကို ပြောပါတယ်။

အဲဒီလုပ်ငန်းစဉ်ထဲမှာ စမ်းသပ်မှုအတွင်း ပါဝင်တဲ့ နိုင်ငံတွေက စောင့်ကြည့်စစ်ဆေးတဲ့ ဌာနတွေကို လုံခြုံစိတ်ချမှုဆိုင်ရာ အစီအရင်ခံစာတွေလည်း တင်သွင်းရပါတယ်လို့ ဆိုပါတယ်။

အခုလို စမ်းသပ်မှုရဲ့ ပထမ အဆင့် နှစ်ဆင့် မြန်မြန်ပြီးသွားခြင်းရဲ့ အကြောင်းကတော့ ယခင် အောက်စဖို့ဒ်မှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ သုတေသနတွေ လုပ်ထားခဲ့ဖူးတာကြောင့်ဖြစ်ပြီး၊ စီမံခန့်ခွဲမှုနဲ့ ရန်ပုံငွေ လုပ်ငန်းစဉ် အရှိန်မြှင့်မှုနဲ့အတူ ကာကွယ်ဆေး အစမ်းသပ်ခံဖို့ လူရှာရာမှာ မြန်မြန်ရခဲ့တာတွေကြောင့်လည်း ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, အောက်စဖို့ဒ်က ကိုဗစ်ကာကွယ်ဆေး ရလဒ်ကောင်း

အခုလို ကာကွယ်ဆေးစမ်းသပ်မှု တတိယအဆင့်ကို ရောက်လာချိန်မှာတော့ ကိုယ့်သဘောနဲ့ကိုယ် အစမ်းသပ်ခံဖို့ ပါဝင်လာသူ နောက်ထပ် ထောင်ဂဏန်းလောက် ပါဝင်မှာ ဖြစ်ပြီး အားလုံးမှာ ဖြစ်ပေါ်လာနိုင်တဲ့ ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း စောင့်ကြည့်မှာ ဖြစ်ပါတယ်။

ပထမအဆင့် နှစ်ဆင့် စမ်းသပ်မှုတွေမှာတော့ အန္တရာယ်ပေးနိုင်လောက်တဲ့အထိ ဘေးထွက်ဆိုးကျိုး ဖြစ်တာ မတွေ့ခဲ့ရဘဲ ၁၆ နဲ့ ၁၈ ရာခိုင်နှုန်းကြားလောက်ရှိတဲ့ အစမ်းသပ်ခံသူတွေမှာ ဖျားနာလာတာမျိုးပဲ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီသုတေသနမှာပါဝင်တဲ့ ပညာရှင်တွေရဲ့ အဆိုအရကတော့ ဒီလိုဘေးထွက်ဆိုးကျိုးလောက်ကို ပါရာစီတမော့ သောက်ပြီး ဖြေရှင်းလို့ ရပါတယ်လို့ ဆိုပါတယ်။

အဲဒီ အောက်စဖို့ဒ်မှာ ကာကွယ်ဆေး စမ်းသပ်မှု စတင်ချိန်မှာ အစမ်းသပ်ခံသူ တစ်ဦးသေဆုံးခဲ့တယ်ဆိုတဲ့ သတင်းထွက်ခဲ့ပေမဲ့ အချက်အလက် စစ်ဆေးသူတွေက ဒါကို မမှန်ကန်ကြောင်း လျင်လျင်မြန်မြန်ပဲ ပြသနိုင်ခဲ့ပါတယ်။

ဘီဘီစီ ကျန်းမာရေးဆိုင်ရာ သတင်းထောက် ဖားဂက်စ် ဝဲ့လ်ရှ်ကလည်း စမ်းသပ်မှုမှာ ပါဝင်သူတစ်ဦးနဲ့ တွေ့ဆုံစကားပြောနိုင်ခဲ့ပါတယ်။

စပန်းနစ်ရှ် အဖျားရောဂါကြောင့် သေဆုံးသူ သန်း ၅၀ လောက်ဟာ ရောဂါကြောင့် မဟုတ်ဘဲ ကာကွယ်ဆေးကြောင့် သေဆုံးတာ ဆိုတဲ့ ပြောဆိုမှုက လုံးဝမှားယွင်းနေ
ဓာတ်ပုံ ပုံစာ, စပန်းနစ်ရှ် အဖျားရောဂါကြောင့် သေဆုံးသူ သန်း ၅၀ လောက်ဟာ ရောဂါကြောင့် မဟုတ်ဘဲ ကာကွယ်ဆေးကြောင့် သေဆုံးတာ ဆိုတဲ့ ပြောဆိုမှုက လုံးဝမှားယွင်းနေ

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးနဲ့ စပန်းနစ်ရှ် အဖျားရောဂါ ဆက်စပ်ပြောဆိုမှု

၁၉၁၈ ပတ်ဝန်းကျင်လောက်က ကမ္ဘာတလွှား ဖြစ်ပွားခဲ့တဲ့ စပန်းနစ်ရှ် အဖျားရောဂါကြောင့် သေဆုံးသူ သန်း ၅၀ လောက်ဟာ ရောဂါကြောင့် မဟုတ်ဘဲ ကာကွယ်ဆေးကြောင့် သေဆုံးတာ ဆိုတဲ့ အွန်လိုင်းပေါ်မှာ ပုံဖော် ပြောဆိုမှုတွေလည်း လူမှု ကွန်ရက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေဆဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒါဟာ လုံးဝမှားယွင်းတဲ့ ပြောဆိုမှု ဖြစ်နေပါတယ်။ အမေရိကန် ရောဂါ ထိန်းချုပ်ရေး ဌာနရဲ့ ထုတ်ပြန်ချက်အရ အဲဒီအချိန်က ကာကွယ်ဆေး မရှိခဲ့ဘူးလို့ ဆိုပါတယ်။

အဲဒီကာလအတွင်းမှာ အမေရိကန်နဲ့ ယူကေ သိပ္ပံပညာရှင်တွေက ဘက်တီးရီးယား အခြေခံတဲ့ ကာကွယ်ဆေး သဘောမျိုး စမ်းသပ်ခဲ့တာမှန်ပေမဲ့ လက်ရှိ ခေတ်ပေါ် ကာကွယ်ဆေးလို ပုံစံတိတိကျကျ ထွက်လာခြင်း မရှိသေးဘူးလို့လည်း သမိုင်းစာရေးဆရာ မာ့ခ် ဟိုနင်စဘန်က ပြောပါတယ်။

အဲဒီ ကာလအတွင်းမှာ စပန်းနစ်ရှ် အဖျားရောဂါဟာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တယ်ဆိုတာတောင် ဘယ်သူမှ မသိခဲ့ကြဘူးလို့လည်း သူက ဆိုပါတယ်။

အဲဒီ အချိန်တုန်းက စပန်းနစ်ရှ် အဖျားရောဂါကြောင့် သေဆုံးရတဲ့ အကြောင်းအရင်း နှစ်ခု ရှိခဲ့ပြီး ရောဂါပိုး ကူးစက်ပြီး ဖျားနာမှုနဲ့ ဒီရောဂါကို ကိုယ်ခံအား စနစ်က အကြီးအကျယ် တုံ့ပြန်မှုကြောင့် အဆုတ်ထဲမှာ အရည်တွေ ဖြစ်ထွန်းမှုတွေကြောင့် လို့ ဆိုပါတယ်။