ကိုရိုနာဗိုင်းရပ်စ်က လေထဲက ဘယ်လိုကူးတာလဲ

Street graffiti in Dakar asking people to cover their mouths when they sneeze

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တီဘီရောဂါဟာ လေထဲက ကူးစက်နိုင်ကြောင်း လူသိများတဲ့ ရောဂါတစ်ခုဖြစ်

ကိုရိုနာဗိုင်းရပ်စ်နဲ့ ထိတွေ့ခဲ့တဲ့ ရုပ်ဝတ္ထု မျက်နှာပြင်တွေပေါ်က တစ်ဆင့် ဒီဗိုင်းရပ်စ်ကူးစက်ခြင်းကိုသာ တစ်ခုတည်းသော ဒီပိုး ကူးစက်ခြင်းနည်းလမ်းပဲလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က လတ်တလောကာလအထိ ယူဆထားခဲ့ပါတယ်။

အဲဒီကူးစက်ပုံအရ ဒီပိုးကူးစက်ခံနေရသူတွေ ခေျာင်းဆိုး၊ နှာချေရာက ထွက်လာတဲ့ တံတွေးစက်နဲ့ ထိတွေ့ထားတဲ့ အရာတွေနဲ့ အခြားသူတွေက ထိတွေ့မိရာကနေ ကူးစက်တာကို ဆိုလိုတာ ဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း လက်ဆေးတာကို အဲဒီ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ကူးစက်မှုကို ကာကွယ်ဖို့ အဓိက နည်းလမ်းတစ်ခုအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ယူဆခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုအချိန်မှာတော့ တချို့အခြေအနေတွေမှာ ဒီလို လေထဲက ကူးစက်ခြင်းဖြစ်နိုင်ခြေကို ဘေးဖယ်ထားလို့ မရဘူး ဆိုတာကို ဒီအဖွဲ့က အသိအမှတ်ပြုလာတာ ဖြစ်ပါတယ်။

ဒီလို လေထဲက ကူးစက်ပုံအရ ဆိုရင် ဒီပိုးရှိသူတွေ စကားပြောတာ၊ အသက်ရှူတာကတစ်ဆင့် ထွက်လာတဲ့ တံတွေးစက်ငယ်ကလေးတွေ ကနေပါ တခြားသူတွေကို ကူးစက်နိုင်တယ်လို့ ဆိုပါတယ်။

ဒီလို ကူးစက်ခြင်းအတွက် သက်သေတွေသာ ခိုင်လုံမယ်ဆိုရင် အဆောက်အအုံတစ်ခုခုအတွင်း ရှိနေသူတွေ ဒီပိုးမကူးအောင် လိုက်နာရမယ့် စည်းကမ်း အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်က လေထဲက ကူးစက်နိုင်ကြောင်း အတည်ပြုလိုက်ရင် လိုက်နာရမယ့် စည်းကမ်းတွေ ပြောင်းလဲနိုင်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ကိုရိုနာဗိုင်းရပ်စ်က လေထဲက ကူးစက်နိုင်ကြောင်း အတည်ပြုလိုက်ရင် လိုက်နာရမယ့် စည်းကမ်းတွေ ပြောင်းလဲနိုင်

လေထဲကနေ ရောဂါပိုး ဘယ်လို ကူးစက်တတ်သလဲ

လေထဲမှာ ဗိုင်းရပ်စ် ဒါမှမဟုတ် ဘက်တီးရီးယားတွေ ပါနေတဲ့ အမှုန်တွေဟာ လေထဲမှာ နာရီနဲ့ချီ ရှိနေတတ်ပြီး လူတွေက ဒါတွေကို အသက်ရှူသွင်းမိတဲ့အခါမှာ ရောဂါ ကူးစက်တတ်ပါတယ်။

အဲဒီ အလွန်သေးငယ်တဲ့ အမှုန်တွေ လေထဲမှာ ဖြန့်ကြက် တည်ရှိနိုင်တဲ့ အကျယ်အဝန်းကလည်း ကြီးမားတယ်လို့ ဆိုပါတယ်။

တီဘီ၊ အဆုတ်ရောင် နမိုးနီးယား ရောဂါနဲ့ အဖျား ရောဂါတွေဟာ အဲဒီလို လေထဲက ကူးစက်တတ်တဲ့ ရောဂါတွေ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာလည်း အဲဒီရောဂါတွေလိုပဲ အရံအတား အမိုးအကာ ရှိတဲ့ အဆောက်အအုံအတွင်းနဲ့ ပြင်ပက လူထူထပ်တဲ့ နေရာတွေမှာပါ လေထဲက တစ်ဆင့် ကူးစက်နိုင်ခြေရှိတဲ့ သက်သေရှိတယ်လို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဝန်ခံခဲ့ပါတယ်။

အလုံပိတ် ဒါမှမဟုတ် လေဝင်လေထွက် မကောင်းတဲ့ နေရာတခုမှာ လူလူချင်း ခပ်ခွာခွာ နေရုံနဲ့ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှု ကာကွယ်ဖို့ မလုံလောက်နိုင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အလုံပိတ် ဒါမှမဟုတ် လေဝင်လေထွက် မကောင်းတဲ့ နေရာတခုမှာ လူလူချင်း ခပ်ခွာခွာ နေရုံနဲ့ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှု ကာကွယ်ဖို့ မလုံလောက်နိုင်

ကိုရိုနာဗိုင်းရပ်စ်က လေထဲမှာ ဘယ်လောက် ကြာကြာ ရှိနေနိုင်လဲ

ကိုရိုနာဗိုင်းရပ်စ်ကို ဓါတ်ခွဲခန်းထဲက လေထုမှာ ဖြန်းကြည့်ပြီး လေ့လာချက်တွေအရ ဒီပိုးဟာ လေထဲမှာ အနည်းဆုံး သုံးနာရီ ရှိနေနိုင်တယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။

ဒါပေမဲ့ တချို့ သိပ္ပံပညာရှင်တွေကတော့ ဒီလိုတွေ့ရှိမှုဟာ ဓါတ်ခွဲခန်းထဲမှာသာ ဖြစ်တဲ့အတွက် လက်တွေ့ တကယ့်လေထုထဲမှာဆိုရင်တော့ ရလဒ်က အပြောင်းအလဲ ရှိနိုင်တယ်လို့ ဆိုပါတယ်။

လူတစ်ယောက်တည်းကနေ လူပေါင်းများစွာကို ဒီပိုးကူးစက်သွားဖူးတဲ့ ဖြစ်စဉ်တွေကြောင့်လည်း ကိုရိုနာဗိုင်းရပ်စ်ဟာ လေထဲက ကူးစက်နိုင်သလားဆိုတဲ့ သံသယဝင်မှုတွေကို ပိုမို အားကောင်းလာစေခဲ့ပါတယ်။

အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ်က မောင့်ဗာနွန်မြို့မှာ လူတစ်ယောက်တည်းကနေ ၄၅ ယောက်ထက်မနည်း ဒီပိုးကူးစက်သွားစေနိုင်တယ်လို့ ယူဆထားကြပြီး အဲဒီပိုးကူးနေသူက အကူးခံရသူ ၄၅ ယောက်နဲ့အတူ ခရစ်ယာန် ဓမ္မသီချင်း သီဆိုခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီလို ကူးစက်ခံလိုက်ရသူ တချို့ဟာ ဒီရောဂါ ရောဂါမကူးအောင် လူလူချင်း ခပ်ခွာခွာနေရတဲ့ စည်းကမ်းကို မချိုးဖောက်ဘဲ နေရဲ့သားနဲ့ ကူးစက်ခံခဲ့ ကြရတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းလောက်ကလည်း တရုတ်နိုင်ငံ ကွမ်ကျူးဒေသမှာ ဒီလို အလားတူ ဖြစ်ရပ်မျိုး ဖြစ်ခဲ့ဖူးပြီး ဒီဖြစ်စဉ်မှာ ကိုရိုနာကူးစက်ခံနေရသူ လာစားတဲ့ စားသောက်ဆိုင်အတွင်းက အခြားလူ ၉ ယောက်ကို ကူးစက်သွားတယ်လို့ ယူဆခဲ့ပါတယ်။

ဒီကူးစက်မှုကို လေ့လာတဲ့ သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်အရ အကူးခံရသူတွေထဲက တစ်ဦးဟာ မူလကူးစက်ခံနေရသူနဲ့ ၆ မီတာ ( ပေ ၂၀ လောက်) အကွာအဝေးမှာ ရှိနေခဲ့တာတောင်မှ အကူးခံခဲ့ရပုံပေါ်တယ်လို့ ဆိုပါတယ်။

လေအေးပေးစက်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တချို့ သိပ္ပံပညာရှင်တွေကတော့ လေအေးပေးစက်တွေဟာ ဗိုင်းရပ်စ်ပိုးတွေကို လေထဲမှ ပိုပြီး ဝေးဝေးရောက်အောင် ကူညီပေးနိုင်တယ်လို့ သံသယရှိ

အများပြည်သူအတွက် ဘယ်လို လမ်းညွှန်ချက်အသစ်တွေ ထွက်လာနိုင်သလဲ

ရောဂါတစ်ခု ကူးစက်ပုံအပေါ် အခြေခံပြီး ဒီရောဂါကို ပျံ့နှံ့မှုကို ကာကွယ်တဲ့ စည်းကမ်းတွေ ထုတ်ရတာ ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ လက်ရှိ ထုတ်ပြန်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှု တားဆီးရေး လမ်းညွှန်ချက်အရ လက်ကို ရေနွေးနဲ့ ဆပ်ပြာသုံးပြီး စက္ကန့် ၂၀ ကြာ လက်ဆေးဖို့နဲ့ လူလူချင်း ခပ်ခွာခွာ နေကြဖို့ တိုက်တွန်းချက်တွေ ထုတ်ပြန်ထားပါတယ်။

ဒီလို တိုက်တွန်းချက်တွေအတိုင်း လိုက်နာကြဖို့ အရေးကြီးတယ်ဆိုပေမယ့် ဒီနည်းလမ်းတွေက လေထဲက ကူးစက်တဲ့ အခြေအနေအတွက်တော့ မထိရောက်ဘူးဆိုပြီး အခုအချိန်မှာ တချို့ သိပ္ပံပညာရှင်တွေက ပြောလာကြပါတယ်။

လက်ရှိ ဇူလိုင်လ ၁၁ ရက်နေ့အထိတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မထုတ်ပြန်သေးပေမဲ့ ထွက်လာလာတဲ့ လေ့လာမှု သက်သေအသစ်တွေကိုတော့ သုံးသပ်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ဆုံး လေထဲက ကူးစက်မှုကို ဒီအဖွဲ့က အတည်ပြုပြီ ဆိုရင်တော့ အများပြည်သူတွေ အနေနဲ့ နှာခေါင်းစည်းတွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုဖို့၊ လက်ရှိ ၂ မီတာ (ခြောက်ပေခွဲ) ထက်ပိုပြီး လူလူချင်း ခပ်ခွာခွာ နေကြဖို့ စည်းကမ်းတွေကို အထူးသဖြင့် အဖျော်ယမကာဆိုင်၊ စားသောက်ဆိုင်နဲ့ အများပြည်သူသုံး ယာဉ်တွေမှာ လိုက်နာဖို့ တိုက်တွန်းချက် အသစ်တွေ ထွက်လာနိုင်ပါတယ်။

ဒါ့အပြင် လေအေးပေးစက် အသုံးပြုတဲ့ အဆောက်အအုံနဲ့ ယာဉ်တွေ အတွင်းမှာ ရှိသူတွေ လိုက်နာရမယ့် ပိုတင်းကြပ်တဲ့ စည်းကမ်းချက်တွေလည်း ထွက်လာနိုင်ပါတယ်။

ဗီဒီယို ပုံစာ, ကမ္ဘာတဝန်းမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၅ သိန်းရှိလာ

ဘယ်လို အခြေအနေတွေက WHO ကို ကိုရိုနာ မပြန့်ပွားရေး တိုက်တွန်းချက်တွေ ပြန်လည် သုံးသပ်စေခဲ့သလဲ

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ နိုင်ငံပေါင်း ၃၂ နိုင်ငံက သိပ္ပံပညာရှင် ၂၃၉ ယောက်ဟာ WHO ကို အိတ်ဖွင့်ပေးစာ တစ်စောင် ပေးပို့ခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ WHO အနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ လေထဲက ကူးစက်နိုင်ခြေ ရှိတဲ့ အတွက် ဒီပိုးနဲ့ ပတ်သက်တဲ့ လမ်းညွှန်ချက်တွေကို ထပ်မံ မွမ်းမံဖို့ သူတို့က ရေးသား တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

အခုလို ရေးသားတောင်းဆိုခဲ့တဲ့ သိပ္ပံပညာရှင်တွေထဲက တစ်ဦးဖြစ်တဲ့ အမေရိကန်နိုင်ငံ ကော်လိုရားဒိုး တက္ကသိုလ်က ဓာတုဗေဒပညာရှင် ဟိုဆေး ဟင်းမနက်ဇ် ကလည်း သူတို့ဟာ WHO ကို တွေ့ရှိချက် အသစ်တွေ အပေါ် အသိအမှတ်ပြုပေးစေချင်တာပါလို့ ဆိုပါတယ်။

ဒါဟာ WHO ကို တိုက်ခိုက်တာ မဟုတ်ဘဲ သိပ္ပံနည်းကျ စောဒကတက်တာသာ ဖြစ်တယ် ဆိုပေမဲ့ WHO နဲ့ ဆွေးနွေးရာမှာ ဒီအဖွဲ့ဘက်က တွေ့ရှိချက် အသစ်တွေကို လက်ခံဖို့ ငြင်းဆန်နေတဲ့အတွက် အခုလို လူသိရှင်ကြား တောင်းဆိုရတာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

အဲဒီ အိတ်ဖွင့်ပေးစာကို WHO ရဲ့ ရောဂါ ပြန့်ပွားမှု ထိန်းချုပ် တားဆီးရေးဆိုင်ရာ ညှိနှိုင်းရေးမှူး ဘနက်ဒက်တား အာလေဂရန်းဇီးက တုန့်ပြန်ခဲ့ပြီး “လူထူထပ်ပြီး အလုံပိတ် ဒါမှမဟုတ် လေဝင်လေထွက် မကောင်းတဲ့ အခြေအနေ” အတွင်းမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားတယ် ဆိုတဲ့ သက်သေတွေအရ ဒီလို ကူးစက်နိုင်ခြေကို ဘေးဖယ် စဉ်းစားလို့ မရဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့လည်း WHO အနေနဲ့ ဆုံးဖြတ်ချက် အသစ်တွေမချခင်မှာ နောက်ထပ် ဒီလို ကူးစက်မှု သက်သေတွေကို ဆက်လက် လေ့လာလိုသေးတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

WHO အကြံပေးဖြစ်သူ ဒေါက်တာ ဒေးဗစ် ဟေးမန်းကလည်း ဒီကိုရိုနာဗိုင်းရပ်စ်ကို နှိမ်နင်းဖို့ နည်းဗျူဟာအသစ်တွေ မချခင်မှာ WHO အနေနဲ့ ပိုမိုကျယ်ပြန့်တဲ့ လေ့လာမှုတွေက ခိုင်မာတဲ့ ရလဒ်တွေကို တွေ့ဖို့ မျှော်လင့်တယ်လို့ ဆိုခဲ့ပါတယ်။