လူမျိုးရေးခွဲခြားတဲ့ အိန္ဒိယ အုပ်ချုပ်ရေးမှူး ရုပ်တု ဆက်ထူထားလို့ ယူကေမှာ အငြင်းပွား

လူမျိုးရေး ခွဲခြားတဲ့ ရုပ်တုတစ်ခုကို ကြိုးနီစနစ် အကြောင်းပြပြီး ယူကေနိုင်ငံ မြို့တစ်မြို့ရဲ့ အလယ်မှာ ဆက်စိုက်ထူထားဖို့ ဆုံးဖြတ်ခဲ့တာဟာ စိတ်ဓာတ်ပျက်ပြားစေပြီး မယုံနိုင်လောက်အောင်ပဲလို့ လူ့အခွင့်အရေး လှုပ်ရှားတောင်းဆိုသူတစ်ဦးက ပြောပါတယ်။

ရှရူဘရီမြို့လယ်က ရင်ပြင်မှာ စိုက်ထူထားတဲ့ အိန္ဒိယ အုပ်ချုပ်ရေးမှူး ဗိုလ်မှူးချုပ် ရောဘတ် ကလိုက်ဗ် ရဲ့ ရုပ်တုကို ဖယ်ရှားပေးဖို့ တောင်းဆိုမှုတွေ ရှိခဲ့အပြီး ရှရော့ပ်ရှိုင်းယား မြို့နယ်ကောင်စီက ဒီရုပ်တုကို ဒီအတိုင်းဆက်ထားဖို့ မဲခွဲ ဆုံးဖြတ်လိုက်တာပါ။

ဒီရုပ်တုကို ဖယ်ရှားပေးဖို့ တောင်းဆိုထားတဲ့ စာနှစ်စောင်ကို လူပေါင်း ၂၃၀၀၀ လက်မှတ်ရေးထိုးခဲ့ကြတာပါ။

မြို့နယ်ကောင်စီက ဒီရုပ်တုဟာ ထိန်းသိမ်းစောင့်ရှောက်ထားရမယ့် သမိုင်းဝင် အဆောက်အအုံစာရင်းထဲမှာ ပါနေတဲ့အတွက် ဖယ်ရှားပစ်ဖို့ အခက်အခဲ ရှိတယ်လို့ ပြောပါတယ်။

ရှရူဘရီမြို့လယ် ရင်ပြင်မှာ ၁၈၆၀ ခုနှစ်ကတည်းက စိုက်ထူထားခဲ့တဲ့ ဒီရုပ်တုဟာ သမိုင်းဝင်ရုပ်တု ဖြစ်တဲ့အတွက် ဒါကို ဖယ်ပစ်ဖို့ အင်္ဂလန် သမိုင်းအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ အများကြီးလုပ်ဖို့ လိုတယ်လို့ ဆိုပါတယ်။

ဒေသန္တရအစိုးရအဖွဲ့ရဲ့ ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် ပီတာ နပ်တင်းက ဒီရုပ်တုကို ဆက်ထားသင့်တယ်လို့ဆိုပြီး အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့မှာလည်း သူ့ရဲ့ရုပ်တုတစ်ခု ရှိနေကြောင်း ပြောပါတယ်။

ဒီကိစ္စကို မြို့နယ်ကောင်စီမှာ မဲခွဲ ဆုံးဖြတ်ခဲ့ရာမှာ ရုပ်တု မဖယ်ရှားဖို့ ကောင်စီဝင် ၂၈ ဦး က ထောက်ခံမဲပေးပြီး အတည်ပြုခဲ့တာပါ။ ၁၇ ဦးက ကန့်ကွက်မဲပေးခဲ့ပြီး တစ်ဦးက ကြားနေမဲ ပေးခဲ့ပါတယ်။

ဗိုလ်မှူးချုပ် ရောဘတ် ကလိုက်ဗ် ဟာ လူမျိုးရေးခွဲခြား၊ ကျေးကျွန်ပြုမှုနဲ့ တိုက်ရိုက် ဆက်နွှယ်မှု မရှိပေမဲ့ အိန္ဒိယကို ဗြိတိသျှကိုလိုနီ နယ်ချဲ့ အုပ်ချုပ်ရာမှာ စီမံကိန်းချခဲ့သူအဖြစ် အများက ရှုမြင်ကြပြီး သမိုင်းပညာရှင်တချို့ရဲ့ ဝေဖန်ပြစ်တင်မှုကို ခံခဲ့ရပါတယ်။

ဘင်္ဂလား အငတ်ကပ်ဘေးကြီး ဆိုက်တဲ့ ၁၇၇၀ ခုနှစ်မှာ လူတွေ သန်းနဲ့ ချီ သေဆုံးနေကြချိန်မှာ ဗြိတိသျှကိုလိုနီ လက်အောက် အိန္ဒိယနိုင်ငံက နေရာတွေအတော်များများကို အရှေ့အိန္ဒိယကုမ္ပဏီက ထိန်းချုပ်ယူခဲ့ပြီး လုယက်သိမ်းယူမှုတွေ နေရာအနှံ့ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက် ဗိုလ်မှူးချုပ် ရောဘတ် ကလိုက်ဗ် ဟာ ချမ်းသာကြွယ်ဝသူ သူဌေးကြီးအဖြစ် ဗြိတိန်နိုင်ငံကို ပြန်လာခဲ့ပါတယ်။

"သူ့ရဲ့ဆိုးမွေကြောင့် လူတွေ သန်းနဲ့ချီ သေဆုံးခဲ့ရတာတောင် သူ့ရုပ်တု ဖယ်သင့်မသင့် ဆိုတာကို အချေအတင် ပြောနေရတာဟာ ယုံနိုင်စရာ မရှိပါဘူး။ မြို့နယ်ကောင်စီရဲ့ဆုံးဖြတ်ချက်ဟာ လူတွေကို စိတ်ဓာတ်ပျက်အောင် လုပ်လိုက်တာပါ။ ဒါပေမယ့် ဒီရုပ်တုကိုတော့ တချိန်ချိန်မှာ ဖယ်ကို ဖယ်ပစ်ရမှာပါ" လို့ ရုပ်တု ဖယ်ရှားပစ်ဖို့ စာ ရေးသားတင်သွင်းခဲ့သူ ဒေးဗစ် ပါတန်က ပြောပါတယ်။

"ရုပ်တု ဖယ်ပစ်ဖို့ အခက်အခဲတွေ ရှိနေတယ်ဆိုတဲ့ မြို့နယ်ကောင်စီရဲ့ အကြောင်းပြချက်ဟာ အခြေအမြစ် လုံးဝ မရှိဘူး"

"အတိတ်က ဖြစ်ရပ်တွေကို သင်ခန်းစာယူဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် အတိတ်သမိုင်းထဲမှာ ဆက်မနေသင့်ပါဘူး" လို့လည်း သူက ဆိုပါတယ်။

ဒါပေမဲ ဒီရုပ်တုကို ဖယ်ရှားတာဟာ သမိုင်း တစ်စိတ်တစ်ပိုင်းကို ဖျောက်ဖျက်ပစ်လိုက်တာနဲ့ အတူတူပဲ လို့ ပြောနေကြတဲ့ လူ ၈၀၀၀ ကျော်လောက်ကလည်း ရုပ်တု မဖယ်ရှားဖို့ စာတင်သွင်းထားပါတယ်။