လူတွေ လက်မခံတော့တဲ့ ရုပ်တုတွေကို ဆက်ထားထားသင့်သလား။ ဖြိုချပစ်သင့်သလား။

အတိတ်သမိုင်း မပျောက်ပျက်သွားစေဘဲ ဖြေရှင်းနိုင်မယ့် နည်းလမ်း ရှိပါလား။ ဘာမှမလုပ်ဘဲ ဒီအတိုင်းပဲ ဆက်ထားထားသင့်ပါလား။ အီရတ်၊ ဂျာမနီ၊ အိန္ဒိယနဲ့ အမေရိကန်နိုင်ငံတွေဆီက ရနိုင်မယ့် သင်ခန်းစာတွေအကြောင်း ဘီဘီစီသတင်းထောက် Kavita Puri က လေ့လာ တင်ပြထားပါတယ်။

အချိန်က၂၀၀၃ခုနှစ် ဧပြီလ၊ ရာသီဥတု သာယာတဲ့ နွေဦးရာသီ နေ့တစ်နေ့၊ နေရာက ဘဂ္ဂဒက်မြို့အရှေ့ပိုင်းမှာပါ။

"အမေရိကန်တွေ ဒီကို ရောက်နေပြီ"လို့ အိမ်နီးချင်းတစ်ယောက်က ဂါအိသ် အဗ္ဗဒူလ် အဟာ့ဒ်ကို လှမ်းအော်ပြောလို့ လမ်းပေါ် ထွက်ကြည့်လိုက်တော့ စစ်ယူနီဖောင်းတွေနဲ့ အမေရိကန် စစ်သားတွေကို သေနတ်တွေ ချိန်ထားလျက်သား တွေ့လိုက်ရပါတယ်။

အမေရိကန်စစ်သားတွေဟာ ဖီယာဒို့စ် ရင်ပြင်ဆီကို ချီတက်သွားနေကြတာပါ။ အဲဒီရင်ပြင်အလယ်မှာက ညာလက် မိုးပေါ်မြှောက်ပြီး လူတွေကို လက်ဝှေ့ယမ်း နှုတ်ဆက်နေပုံ အီရတ်သမ္မတ ဆဒမ်ဟူစိန်ရဲ့ ဧရာမရုပ်တုကြီး ရှိနေပါတယ်။

အဲ့ဒီအချိန် ရင်ပြင်ထဲမှာ အီရတ်အရပ်သားတွေ အုပ်လိုက်ကြီး စုဝေး ရောက်နေကြပါပြီ။ "ဘဂ္ဂဒက်မြို့ ကျသွားပြီဆိုတာ တဖြည်းဖြည်း သေချာသွားခဲ့တယ်"လို့ အဗ္ဗဒူလ် အဟာ့ဒ်က ပြန်ပြောပြပါတယ်။

အီရတ် လူအုပ်ကြီးက ဆဒမ်ဟူစိန်ရဲ့ ရုပ်တုအောက်ခြေဆီ ရှေ့တိုး ရောက်လာကြပြီး ရုပ်တုကို ဖြိုချဖို့ လုပ်ကြပါတယ်။ ဒါပေမယ့် ရုပ်တုက ကြီးလည်းကြီး၊ အရမ်းလည်း ခိုင်ခံ့တော့ ဖြိုချလို့ မရခဲ့ပါဘူး။

သိပ်မကြာခင်မှာဘဲ အဲဒီကို အမေရိကန် စစ်သံချပ်ကာ ကားတစ်စင်း ရောက်လာပြီး ကားထဲက ထွက်လာတဲ့ အမေရိကန် မရိန်းတပ်သားက ရုပ်တုကို ကြိုးနဲ့တုပ်လိုက်ပါတယ်။ အဲဒီမရိန်းတပ်သားကပဲ အမေရိကန် အလံကိုင်ပြီး ဆဒမ်ရဲ့ခေါင်းပေါ်ထိ တွယ်တက်ခဲ့ပါတယ်။

အမေရိကန်အလံထောင်ဖို့ အဲ့ဒီ မရိန်းတပ်သား လုပ်နေတာကို ကြည့်နေရင်း အဗ္ဗဒူလ် အဟာ့ဒ် က "အဲ့လိုတော့ မလုပ်ကောင်းပါဘူး"ဆိုပြီး စိတ်ထဲကတောင် ပြောမိလိုက်ပါသေးတယ်။

နောက်တော့ ဆဒမ်ဟူစိန် ရုပ်တုကြီးကို လူအုပ်ကြီးက လှဲချလိုက်နိုင်ခဲ့ပြီး လမ်းမတစ်လျှောက်တရွတ်တိုက် ဆွဲသွားကြပါတယ်။

အဲဒီနောက်မှာ သူတို့ခေါင်းဆောင်ဟောင်းရဲ့ ရုပ်တုကို လူအုပ်ကြီးက ဖိနပ်တွေချွတ် ရိုက်ခဲ့ကြတဲ့ ပုံဟာ သမိုင်းတွင် ကျန်ရစ်ခဲ့ပါတော့တယ်။ အာဏာရှင်အစိုးရရဲ့ စိုးမိုးခြယ်လှယ်မှုကို ချိုးဖောက် တွန်းလှန်တဲ့အနေနဲ့ သူတို့တွေ လုပ်ခဲ့ကြတာပါ လို့ အဗ္ဗဒူလ် အဟာ့ဒ်က ပြောပါတယ်။

ဘဂ္ဂဒက်မြို့မှာ ဆဒမ်ဟူစိန်ရဲ့ ရုပ်တုအတော်များများ စိုက်ထူထားပြီး "သူ့မျက်လုံးနဲ့ နှုတ်ခမ်းမွှေးက ပြည်သူတွေ ဘယ်သွားသွား နောက်က စောင့်ကြည့်နေတယ်" ဆိုတဲ့ သင်္ကေတ တစ်ခုဖြစ်ခဲ့တယ်လို့ အဗ္ဗဒူလ် အဟာ့ဒ်က ပြောပါတယ်။

"ဆဒမ်ဟူစိန် ရုပ်တုကြီး ပြိုကျသွားခဲ့တဲ့နေ့ဟာ နှစ်ပေါင်း ၃၀ ကြာ ဖိနှိပ်ချုပ်ချယ်ခံနေရမှု အဆုံးသတ်သွားတဲ့နေ့၊ အီရတ်ပြည်သူတွေရဲ့ဘဝကို ဘုရားထက်တောင် ကြီးစိုးခြယ်လှယ်ခဲ့တဲ့ လူကို ဖယ်ရှားပစ်လိုက်နိုင်တဲ့နေ့ ဆိုတာကို သဘောပေါက်မိလိုက်ပါတယ်"

ရုပ်တုအတော်များများကို အရည်ကျို ဖျက်ဆီး ဒါမှမဟုတ် ရှေးဟောင်းစ္စည်း စုဆောင်းသူတွေကို ရောင်းပစ်ခဲ့ကြပါတယ်။ အဲဒီရုပ်တုတွေ ဘယ်ရောက်သွားလဲ ဆိုတာကိုတော့ ဘယ်သူမှ မသိကြပါဘူး။ ပျောက်ခြင်းမလှ ပျောက်ကုန်ကြတာပါ။

ဆဒမ်ဟူစိန်ရုပ်တု ထားတဲ့ အုတ်ခုံကြီးကတော့ အချိန်အတော်ကြာ နေရာလွတ် ဖြစ်နေခဲ့ပါတယ်။ လူမျိုးစုတွေအကြား တိုက်ခိုက်မှုတွေ ဖြစ်နေတဲ့အတွက် ရှီအာ၊ ဆွန်နီ ဒါမှမဟုတ် ကာ့ဒ်

တွေထဲမှာ ဘယ်လူမျိုးစုရဲ့ရုပ်တုကို အဲဒီအုတ်ခုံပေါ်မှာ အစားထိုး ထားမလဲဆိုတာ သဘောမတူနိုင် ဖြစ်ခဲ့ကြပါတယ်။

နောက်ဆုံး ဒီအုတ်ခုံကြီးကိုပါ ဖယ်ရှားလိုက်ပြီး အခုတော့ အဲဒီ့နေရာကို ပန်းခြံ လုပ်ထားပါတယ်။

"အခု ၂၀၂၀ ခုနှစ်မှာ ဒီနေရာကို လာခဲ့ပါတယ်၊ ဆဒမ်ဟူစိန်ခေတ်က ပုံတွေ တစ်ခုမှ မတွေ့ရ တော့သလို သမိုင်းအထောက်အထားတွေလည်း ပျောက်ကုန်ပါပြီ" လို့ အခုအခါ ဂါးဒီးယန်း သတင်းစာရဲ့ သတင်းထောက်တစ်ဦး ဖြစ်နေပြီ ဖြစ်တဲ့ အဗ္ဗဒူလ် အဟာ့ဒ်က ပြောပြပါတယ်။

သူ့ကို အပေါ်ကနေ မိုးပြီး စိုက်ကြည့်နေခဲ့ဖူးတဲ့ ဆဒမ်ဟူစိန် ရုပ်တုကြီး ဘဂ္ဂဒက်မြို့လယ်မှာ ရှိနေမှာကို အဗ္ဗဒူလ် အဟာ့ဒ်က မလိုလားပါဘူး။ ဒါပေမယ့် သမိုင်းရာဇဝင်ပါ လုံးဝပျောက်ကွယ်သွားမှာကို စိုးရိမ်မိတာမို့ အဲဒီရုပ်တုကို ပြတိုက်တစ်ခုခု ဒါမှမဟုတ် ပန်းခြံတစ်ခုခုထဲမှာ ဆက်ထားစေချင်တဲ့ဆန္ဒတော့ ရှိနေပါတယ်။

ဒါမှ နောင်နှစ်တစ်ရာလောက်ကြရင် လူငယ်မျိုးဆက်တွေက အဲဒီရုပ်တုကြီးကို ကြည့်ပြီး "ဒီလူကြီးက အီရတ်ကို အုပ်စိုးခဲ့တဲ့ အာဏာရှင်ကြီးပါလား" ဆိုတာ ပြောနိုင်ကြမှာပါ။ ဒါက အရေးကြီးပါတယ်လို့ သူက ပြောပါတယ်။

ဂျာမနီနိုင်ငံက မြို့ကြီးတွေကို လျှောက်ကြည့်ရင် နာဇီခေတ်က ရုပ်တုတွေကို တစ်ခုမှ တွေ့ရမှာမဟုတ်ပါဘူး။ ရုပ်တုအတော်များများဟာ ဒုတိယကမ္ဘာစစ်အတွင်း ဗုံးဒဏ်ကြောင့် ပျက်စီးသွားခဲ့ကြတာပါ။ နောက်ပိုင်းမှာတော့ အရည်ကျိုပြီး အဆောက်အအုံတွေ ပြန်ဆောက်လုပ်ရာမှာ အသုံးပြုခဲ့ကြပါတယ်။

၁၉၄၆ ခုနှစ်မှာ မဟာမိတ်တပ်ဖွဲ့တွေ အနိုင်ရတော့ ရုပ်တုတွေအပါအဝင် နာဇီခေတ်အငွေ့အသက်တွေ အားလုံးကို တရားမဝင်ပစ္စည်းအဖြစ် ဖျက်ဆီးပစ်ရမယ်လို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

"ဖိနှိပ်ချုပ်ချယ်ခဲ့သူ အာဏာရှင်တွေရဲ့ ရုပ်တုတွေကို တိုင်းပြည်မှာ ဘာလို့ ဆက်ထားထားရမှာလဲ"လို့ ဘာလင်မြို့ ဂျူးပြတိုက်ရဲ့ ဗိသုကာ ဒန်နီယယ် လီဘက်စ်ကင်းက ပြောပါတယ်။

"တရားမျှတမှုနဲ့ အမှန်တရားကို ဆန့်ကျင်တဲ့ အရာမှန်သမျှ ဖျက်ဆီးပစ်ရပါမယ်။ ဂျာမနီက အဲဒီအတိုင်း လုပ်ခဲ့တာပါ"

ဒါပေမဲ့ ရုပ်တုတွေကို ဖယ်ရှားပစ်လိုက်တာနဲ့ သမိုင်းအဖြစ်အပျက်တွေ ပျောက်သွားပြီလို့တော့ မဆိုနိုင်ပါဘူး။

ဂျာမနီနိုင်ငံမှာ စစ်ကြီးပြီးပြီးချင်း အတိတ်သမိုင်းကြောင်းကို ပြန်ပြောင်း သုံးသပ်တာမျိုး မလုပ်ခဲ့ပါဘူး။ ၁၉၆၀ ပြည့်လွန်နဲ့ ၁၉၇၀ ပြည့်လွန်နှစ်ပိုင်းတွေလောက်မှာမှ ဂျာမနီနိုင်ငံမှာ အတိတ်ကို သင်ခန်းစာယူ ဆင်ခြင်သုံးသပ်တာတွေ စလုပ်ခဲ့ကြပါတယ်။ အခုဆိုရင် နာဇီခေတ်ကအကြောင်းတွေနဲ့ ဂျူးလူမျိုးတွေ မီးလောင်တိုက်သွင်း အသတ်ခံခဲ့ရတဲ့ ဖြစ်ရပ်တွေကို ဂျာမန်ကျောင်းတွေမှာ မသင်မနေရ သင်ကြားနေပါပြီ။ ကျောင်းသားအားလုံးနီးပါး ဂျူးအကျဉ်းစခန်းတစ်ခုခု ဒါမှမဟုတ် ဂျူးတွေ အစုလိုက်အပြုံလိုက် ညှဥ်းပန်းနှိပ်စက် သတ်ဖြတ်ခံခဲ့ရတဲ့ အထိမ်းအမှတ် ပြတိုက်တစ်ခုခုကို သွားလေ့လာကြရပါတယ်။

နာဇီရုပ်တုတွေကို ဆက်ထိန်းသိမ်းထားမယ့်အစား နာဇီတွေ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေ၊ သူတို့ရဲ့ဒဏ် ခံခဲ့ရတဲ့သူတွေအကြောင်းကို အဓိက အာရုံစိုက်ဖို့ ဂျာမနီက ရွေးချယ်ခဲ့ပါတယ်။

လီဘက်စ်ကင်းရဲ့ မိဘတွေဟာ ပိုလန်နိုင်ငံက ဖြစ်ပြီး နာဇီတွေရဲ့ နှိပ်စက်ညှဥ်းပန်းမှုအောက်မှာ အသက်မသေဘဲ လွတ်လာခဲ့သူတွေ ဖြစ်ပါတယ်။ ပြောမထွက်နိုင်လောက်အောင် ဆိုးရွားလွန်းတဲ့ ရာဇဝတ်မှုကြီးတွေနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ ဒီမိုကရေစီနိုင်ငံ တစ်ခု ဖြစ်လာအောင် ကြိုးပမ်း တည်ဆောက်နိုင်ခဲ့တယ် ဆိုတာကို ဂျာမနီက အံ့မခန်း သက်သေပြနိုင်ခဲ့တယ်လို့ လီဘက်စ်ကင်း က ပြောပါတယ်။

၁၉၈ဝ ပြည့်လွန်နှောင်းပိုင်းမှာ ဘာလင်မြို့ ဂျုးပြတိုက်အတွက် ဒီဇိုင်းပြိုင်ပွဲမှာ သူဝင်ပြိုင်ခဲ့ပါတယ်။ ပြိုင်ပွဲမှာ သူအနိုင်ရခဲ့ပြီး တာဝန်ကြီးတစ်ခု ထမ်းဆောင်ရသလိုမျိုး စိတ်ခံစားမိခဲ့ပါတယ်။

"အဆောက်အအုံ တစ်ခု ဆောက်ဖို့ ဒီဇိုင်းဆွဲရတာမျိုးထက် အများကြီး တာဝန်ပိုကြီးပါတယ်"လို့ ဆိုပါတယ်။ နာဇီခေတ်ကို မကြုံခဲ့ဖူးသူ မျိုးဆက်တွေကို အဲဒီတုန်းက သမိုင်းဖြစ်ရပ်မှန်တွေအကြောင်း ချပြနိုင်ဖို့က တကယ့်စိန်ခေါ်မှုကြီး ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ ပြတိုက်ရဲ့အလယ် အချက်အချာနေရာမှာ ဘာမှပြမထားပဲ ကွက်လပ်နေရာကြီးတစ်ခု သူဖန်တီးထားခဲ့ပါတယ်။ " ဒီကွက်လပ်ကြီးဟာ သမိုင်းမှာ ဖြစ်ပျက်ခဲ့တာတွေက ထုတ်မပြနိုင်လောက်အောင် ဆိုးရွားလွန်းနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ" လို့ သူက ရှင်းပြပါတယ်။

ဆိုးရွားခက်ခဲခဲ့တဲ့ သမိုင်းကြောင်းကို ရုပ်တုတွေ မပြဘဲနဲ့ လည်း ပြန်ပြောပြနိုင်ပါတယ်။ "ရုပ်တုတွေ ပြထားတာထက် စာရင် နေရာလွတ်တွေ၊ လူထုအသုံးပြုနိုင်တဲ့ နေရာတွေ ဖန်တီးပေးပြီး အများမသိတဲ့ သမိုင်းကြောင်း အဖြစ်အပျက်တွေကို လူတွေ ပိုအာရုံစိုက်လာစေအောင် လုပ်နိုင်ပါတယ်"

အိန္ဒိယနိုင်ငံ ဒေလီမြို့မြောက်ပိုင်းမှာ ပန်းခြံကျယ်ကြီး တစ်ခု ရှိပါတယ်။ အပင်တွေ အပြိုင်းအရိုင်း ပေါက်နေပြီး အနားတစ်ဝိုက်မှာ ခွေးလေခွေးလွင့်တွေ ကျက်စားနေပါတယ်။ တစ်ခါတစ်လေတော့ ကလေး‌တွေ ခရစ်ကက် လာကစားတတ်ကြပါတယ်။ အဲဒီပန်းခြံထဲမှာ ရုပ်တုတွေ ရှိနေပြီး ရုပ်တုတချို့ပေါ်မှာ လက်ဆော့ လျှောက်ခြစ် ထားတာတွေ တွေ့ရမှာပါ။

၁၉၄၇ ခုနှစ် သြဂုတ်လမှာ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရခဲ့အပြီး နောက်ပိုင်းမှာ ဒေလီမြို့တော်ရဲ့ လမ်းမကျယ်ကြီးတွေနဲ့ လမ်းမအဝိုင်းတွေမှာရှိတဲ့ သက်ဦးဆံပိုင် ဘုရင်ရုပ်တုတွေ၊ ဘုရင်ခံချုပ် ရုပ်တုတွေကို ဖယ်ရှားပစ်ဖို့ ကျယ်ကျယ်လောင်လောင် တောင်းဆိုတာမျိုးတွေ မရှိခဲ့ပါဘူး။

နောက်ပိုင်းမှာ တချို့ရုပ်တုတွေကို ဗြိတိန်နိုင်ငံကို ပြန်ရောင်းချတာ၊ တချို့ကို ဗြိတိသျှဘုရင်မကြီး ဗစ်တိုးရီးယား နန်းတက်ပွဲ ကျင်းပခဲ့တဲ့ Coronation Park ပန်းခြံကြီးထဲ ရွှေ့ပြောင်း ထားရှိတာတွေ လုပ်ခဲ့ကြပါတယ်။

အခုတော့ အဲဒီနေရာဟာ ကိုလိုနီခေတ်ကာလ အုပ်ချုပ်ခဲ့သူတွေရဲ့ ပုံတူရုပ်တုတွေကို "မမြင်လေ ကောင်းလေ" ဆိုတဲ့သဘောနဲ့ စုပုံပစ်ထားတဲ့နေရာ ဖြစ်နေပြီလို့ အိန္ဒိယ အနုပညာနဲ့ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ တည်ထောင်သူ အေဂျီကေ မီနွန်က ပြောပါတယ်။

ဒါ့ကြောင့် အဲဒီနေရာဟာ "ရုပ်တုသင်္ချိုင်း"လို့ နာမည်တွင်နေတာလို့ သူကပြောပါတယ်။

အဲဒီမှာရှိတဲ့ ရုပ်တုတွေထဲမှာ အထင်ကရအဖြစ်ဆုံး ရုပ်တုကြီးကတော့ ပဉ္စမမြောက် ဂျော့ဂဘုရင်ကြီးရဲ့ ရုပ်တုပါ။ ပေ ၇၀လောက် မြင့်ပြီး ဒေလီမြို့လယ်က ဘုရင်ခံချုပ်အိမ်တော်ကို သွားတဲ့လမ်းပေါ်က အိန္ဒိယဂိတ်နားမှာ တည်ထားခဲ့တာပါ။

လွတ်လပ်ရေးရပြီး ၁၀ နှစ်ကျော် အကြာမှာတော့ အိန္ဒိယပြည်သူတွေက ဗြိတိသျှဘုရင်တစ်ပါးရဲ့ ရုပ်တု ဒီလို အထင်ကရ နေရာမျိုးမှာ ရှိမနေသင့်တော့ဘူးလို့ ယူဆလာကြပါတယ်။ ဒါ့ကြောင့် ဂျော့ဂျ်ဘုရင်ရုပ်တုကို တစ်စစီဖြုတ်ပြီး ၁၉၁၁ ခုနှစ်တုန်းက အိန္ဒိယဧကရာဇ်မင်းမြတ်အဖြစ် သူဘိသိက်ပွဲ ဆင်နွှဲခဲ့တဲ့ Coronation Park ပန်းခြံကြီးထဲ ရွှေ့ပြောင်း ထားခဲ့ကြပါတယ်။

အေဂျီကေ မီနွန် ကတော့ ဒေလီမြို့သမိုင်းကြောင်းကို ပြန်ပြောရာမှာ ဒီရုပ်တုတွေကို အသုံးပြုချင်ခဲ့တာပါ။ ဒေလီမြို့မှာ ဘိသိက်ပွဲ လာရောက် ဆင်နွဲခဲ့ချိန်တုန်းက အဲဒီပန်းခြံကြီးထဲမှာပဲ ဂျော့ဂျ်ဘုရင်က ဗြိတိသျှအင်ပါယာရဲ့ အိန္ဒိယမြို့တော်သစ်အဖြစ် ဒေလီမြို့ကို ပထမဆုံး အုတ်မြစ်ချပေးခဲ့တာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်မှာ နှစ်တစ်ရာပြည့်အထိမ်းအမှတ်အနေနဲ့ ပန်းခြံကြီးကို ပြင်ဆင်မွမ်းမံပြီး သမိုင်းအချက်အလက်တွေ ရေးထားတဲ့ မော်ကွန်းကျောက်ပြားတစ်ခုနဲ့အတူ ဖွင့်လှစ်ဖို့ သူက ရည်ရွယ်ခဲ့တာပါ။

"ဖြစ်ပျက်ခဲ့တဲ့ သမိုင်းကြောင်းကို ကျွန်တော်တို့ အသိအမှတ်ပြုဖို့ လိုပါတယ်။ ကိုလိုနီအစိုးရ အုပ်ချုပ်ခဲ့ဖူးတယ်၊ ဒေလီမြို့ တည်ထောင်ဖို့ ဆုံးဖြတ်ခဲ့တယ်၊ ဒီနေရာမှာ ကျင်းပခဲ့တယ် ဆိုတာတွေကို လက်ခံရပါမယ်။ ဒေလီမြို့သစ် အစပြုခဲ့ရာနေရာဟာ ဒီနေရာဖြစ်တယ် ဆိုတဲ့ အချက်ကို အောင်ပွဲခံကြရအောင်ပါ" လို့ သူက ပြောပါတယ်။

ပန်းခြံပြင်ဖို့ သူလည်း စလုပ်ရော၊ အစိုးရသစ်က အကူအညီတွေ မပေးတော့ဘဲ ရပ်လိုက်ပါတော့တယ်။ ဗြိတိသျှကိုလိုနီလက်ထက် ရုပ်တုတွေနဲ့ ပြည့်နေတဲ့ ဒီပန်းခြံကြီးက အခုထိ ပျက်စီး ယိုယွင်းနေဆဲပါ။ ဒါဟာ အိန္ဒိယပြည်သူတွေ ကိုလိုနီခေတ်အတိတ်ကာလအကြောင်း ပြောဖို့ ခက်နေကြတဲ့ အရိပ်လက္ခဏာပါ။

"ဒီအကြောင်းပြောဖို့ တချို့က စိတ်မသက်မသာ ဖြစ်ကြပါတယ်။ တချို့ကတော့ ဘာမှ မဖြစ်ကြပါဘူး။ ဒါပေမဲ့ တစ်နည်းတဖုံအားဖြင့် ဒီကိစ္စဟာ နိုင်ငံရေး မီးထတောက်နိုင်တဲ့ လောင်စာတစ်ခုအဖြစ် ရှိနေတုန်းပါ။ နောက်ထပ် မီးစတွေ ဆက်ဖြစ်လာနိုင်ပါတယ်"လို့ အေဂျီကေ မီနွန် က ပြောပြပါတယ်။

တကယ်လည်း ဒီကိစ္စက မပြီးဆုံးသေးတဲ့ ကိစ္စတစ်ခုပါ။ ‌ဂျော့ဂျ်ဘုရင် ရုပ်တု တည်ခဲ့တဲ့ အုတ်ခုံလွတ်ကြီးကလည်း ဒေလီမြို့လယ်ခေါင်မှာ ဒီအတိုင်း ထီးထီးကြီး ရှိနေဆဲပါ။

.အမေရိကန်နိုင်ငံမှာ ကျွန်စနစ် ဆက်ကျင့်သုံးဖို့ ပြည်တွင်းစစ်ကာလတုန်းက တိုက်ပွဲဝင်ခဲ့ကြတဲ့ ကွန်ဖက်ဒရိတ် စစ်ဗိုလ်ချုပ်တွေ၊ စစ်သားတွေရဲ့ ရုပ်တုတွေကို နိုင်ငံတောင်ပိုင်းက ပြည်နယ်တွေမှာ ကြိုကြားကြိုကြား တွေ့နေရပါတယ်။

သူတို့တွေ စစ်ရှုံးသွားပေမဲ့ ဆယ်စုနှစ်တွေနဲ့ချီ ကြာခဲ့ပြီးနောက်ပိုင်းမှာ အဲဒီ အထင်ကရ စစ်ခေါင်းဆောင်တွေ အောင်ပွဲခံနေပုံ ရုပ်တုတွေ မြို့လယ်ခေါင်က ရင်ပြင်တွေမှာ စတွေ့လာရပါတယ်။

အာဖရိကန်နွယ်ဘွား အမေရိကန်တွေ ရုံးတင်စစ်ဆေးခံရမယ့် ခရိုင်တရားရုံးရှေ့ မြက်ခင်းပြင်တွေမှာ အဲဒီ ရုပ်တုတွေ စိုက်ထူထားကြတယ်လို့ ပန်ဆယ်လ်ဗေးနီးယားပြည်နယ် အနုပညာ အကယ်ဒမီကျောင်းရဲ့ ပါမောက္ခ ဆာရာ ဘီသမ်က ပြောပါတယ်။ ဒါဟာ ရိုမန်ခေတ်က လုပ်ခဲ့သလိုမျိုး အတုခိုး လိုက်လုပ်တဲ့ပုံ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်တွင်းစစ်ကြောင့် အာဖရိကန်နွယ်ဘွား အမေရိကန်တွေ အခွင့်အရေး တန်းတူ ရလာတယ် ဆိုပေမဲ့ တကယ့်လက်တွေ့မှာ လူမျိုးရေး ခွဲခြားမှုတွေ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ နိုင်ငံတောင်ပိုင်းမှာ ဒီစစ်ဗိုလ်ချုပ်တွေရဲ့ ရုပ်တုတွေ စိုက်ထူနေတာဟာ အဲဒီမှာ ပြည်တွင်းစစ်ရဲ့ လက်ကျန် အရိပ်စစ်ပွဲကို သူတို့နိုင်နေတယ်ဆိုတာကို ဖော်ပြနေတယ်လို့ သူက ပြောပါတယ်။

ကွန်ဖက်ဒရိတ် ဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်တဲ့ ရောဘတ် အီး လီးရဲ့ ရုပ်တုကို ဗားဂျီးနီးယားပြည်နယ် ရစ်ချ်မန်မြို့မှာ ၁၈၉၀ ခုနှစ်က စိုက်ထူခဲ့သလိုမျိုး ရုပ်တုတွေ စိုက်ထူနေတာဟာ ကွန်ဖက်ဒရိတ် လှုပ်ရှားမှု ဆက်ရှင်သန်နေရေးမှာ အခရာကျပြီး လူဖြူကြီးစိုးရေးဝါဒကို အမြဲတမ်းအမှတ်ရနေစေဖို့ ဖြစ်တယ်လို့ ပါမောက္ခ ဘီသမ်က ထောက်ပြပါတယ်။

ဒီရုပ်တုတွေကို အားလုံးက အပြည့်အဝ လက်ခံခဲ့ကြတာတော့ မဟုတ်ပါဘူး။ "ဒီရုပ်တုတွေ စိုက်ထူဖို့ လူမည်း အလုပ်သမားတွေကို ခိုင်းခဲ့ကြတယ်။ တစ်ချိန်မှာ ဒီရုပ်တုတွေကို လူမည်းတွေကပဲ ပြန်ဖြိုချကြလိမ့်မယ်"လို့ Richmond Planet သတင်းစာရဲ့ အယ်ဒီတာ့အာဘော်မှာ သတင်းထောက် ဂျွန် မစ်ချယ်လ် ကအဲဒီအချိန်တုန်းက ဟောကိန်း ထုတ်ခဲ့တယ်လို့ ပါမောက္ခ ဘီသမ်က ဥပမာပြခဲ့ပါတယ်။

တောင်ပိုင်းပြည်နယ်တွေကတော့ ရုပ်တုတွေ ရှိနေတာကို ခုခံပြောခဲ့ကြပြီး ဒါဟာ ကျွန်စနစ်ကို ကာကွယ်ဖို့ မဟုတ်ဘဲ ကွန်ဖက်ဒရိတ် စစ်သူရဲကောင်းဝါဒကို ဂုဏ်ပြုချီးမြှောက်ဖို့ ဖြစ်တယ်လို့ စောဒကတက်နေကြပါတယ်။ ပြည်နယ်ကို ကာကွယ်နိုင်တဲ့ အခွင့်အာဏာကို သုံးပြီး ဖယ်ဒရယ် ဗဟိုအစိုးရရဲ့ အာဏာကို ဆန့်ကျင် ဖီဆန်နေကြပါတယ်။

ရုပ်တုတွေ ဖယ်ရှားတဲ့ လှုပ်ရှားမှုတွေက ၂၀၁၅ ခုနှစ် မတိုင်ခင်အချိန်ထိ ဖြစ်မလာခဲ့ သေးပါဘူး။ တောင်ပိုင်း ကယ်ရိုလိုင်းနားပြည်နယ် ချာလ်စတန်မြို့က ဧမာနွေလ ဘုရားကျောင်းမှာ ဘုရားဝတ်ပြုနေသူ လူမည်း ၉ ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး နောက်ပိုင်းမှာ စဖြစ်လာခဲ့တာပါ။

နောက်ပိုင်းမှာ လူသတ်သမားကို ပစ္စတိုတစ်လက်၊ ကွန်ဖက်ဒရိတ်အလံတစ်ခုနဲ့အတူ ရှာတွေ့ခဲ့ပါတယ်။

ဒီလို အကြမ်းဖက် တိုက်ခိုက်မှုမျိုးတွေဟာ ကွန်ဖက်ဒရိတ်ရုပ်တုတွေရဲ့ သင်္ကေတ လက္ခဏာ ဖြစ်တဲ့ လူမျိုးရေး ခွဲခြားမှု သမိုင်းကြောင်းရှည်ကြီးနဲ့ ဆက်နွှယ်နေတယ် ဆိုတာကို အခုဖြစ်လာတဲ့ Black Lives Matter movement လှုပ်ရှားမှုက အတိအလင်း ချိတ်ဆက်ပြနေတယ်လို့ ပါမောက္ခ ဘီသမ်က ထောက်ပြပါတယ်။

အခုဆို အာဖရိကန် အမေရိကန် ‌‌‌ဂျော့ဖလျွိက်ဒ် သေဆုံးခဲ့ရအပြီး အမေရိကန်နိုင်ငံတလွှားမှာ လူစုလူဝေးနဲ့ ကန့်ကွက်ဆန္ဒပြမှုတွေ ဖြစ်လာခဲ့ပါတယ်။ ဆန္ဒပြမှုအတော်များများကို ဒီလို ရုပ်တုတွေနားတစ်ဝိုက်မှာ လုပ်လာကြပါတယ်။

ဗာဂျီးနီးယားပြည်နယ်မှာ ကွန်ဖက်ဒရိတ် သမ္မတဟောင်း ဂျက်ဖာဆန် ဒေးဗစ်စ်ရဲ့ ရုပ်တုအပါအဝင် ရုပ်တုအတော်များများ ဖြိုချခံခဲ့ရပါတယ်။

"ရုပ်တုတွေက သမိုင်း မဟုတ်ပါဘူး။ သူတို့က သမိုင်းဆိုင်ရာပစ္စည်းတွေပါ။ အခုကာလမှာ ဒီရုပ်တုတွေကို လိုက်တိုက်ခိုက် ဖြိုချနေတာဟာ ဒီရုပ်တုတွေကို ကျွန်မတို့က အရေးထားနေတယ် ဆိုတာကို ဖော်ပြနေပါတယ်" လို့ ပါမောက္ခ ဘီသမ်က ပြောပါတယ်။

ဒီရုပ်တုတွေ ဆက်ရှိနေသရွေ့ ရုပ်တုတွေကို ဖြိုချပစ်တဲ့လူတွေလည်း ရှိနေမှာပဲလို့ သူကပြောပါတယ်။

"ဒါ့ထက် အများကြီး ပိုကျယ်ပြန့်တဲ့ မမျှတမှု၊ ခွဲခြားဆက်ဆံခံရမှုကိစ္စတွေကို မကျေမနပ် ဖြစ်နေတဲ့ လူတစ်စုက သူတို့ ဒေါသတွေကို လူနဲ့ ဆင်တူတဲ့ ရုပ်တုတွေပေါ် ပုံချတိုက်ခိုက်ခဲ့ကြတာပါ"

နယူးယောက်မြို့က ဗြိတိသျှ တတိယမြောက် ဂျော့ဂျ် ဘုရင်ရဲ့ ရုပ်တုကို အကောင်းဆုံး ဥပမာ အဖြစ် သူက ပြပါတယ်။ အဲဒီရုပ်တုကို လွတ်လပ်ရေး စစ်ပွဲကာလအတွင်း အမေရိကန်တွေက ဖြိုချ ဖျက်ဆီး၊ အရည်ကြိုပြီး ရလာတဲ့ ကျည်ဆံ လေးသောင်းကို ဗြိတိသျှတွေကို တိုက်ရာမှာ ပြန်သုံးခဲ့ပါတယ်။

ဘုရင်ကို သစ္စာခံသူတွေကတော့ ရုပ်တုရဲ့ အစိတ်အပိုင်းတစ်ချို့ကို မြေကြီးအောက်မှာ မြုပ်ထားခဲ့ကြတဲ့အတွက် ရုပ်တု အကြွင်းအကျန်တစ်ချို့တွေကို ဒီနေ့အထိ အခါအားလျော်စွာ တူးဖေါ် တွေ့နေဆဲဖြစ်ပါတယ်။

အခုအခါ ဗားဂျီးနီးယား ပြည်နယ် ရစ်ချ်မန်မြို့က ဗိုလ်ချုပ်ကြီး ရောဘတ် အီးလီးရဲ့ ရုပ်တုကို ဖယ်ရှားပြီး တစ်နေရာမှာ သိမ်းထားမယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောထားပါတယ်။

ရုပ်တုတွေ ရာပေါင်းများစွာ ဆက်ရှိနေဆဲ ဖြစ်ပေမဲ့ ဒီတစ်ခုကို ဖြိုချခဲ့တာ၊ နောက်ထပ် ရုပ်တုတွေလည်း ဖြိုချကောင်း ဖြိုချလာနိုင်တာဟာ အမေရိကန်နိုင်ငံအနေနဲ့ အတိတ်သမိုင်းကြောင်းကို ရင်ဆိုင်ဖို့ စလုပ်လာမယ့်သဘော ဖြစ်တယ်လို့ ပါမောက္ခ ဘီသမ် က မျှော်လင့်နေပါတယ်။

"ဒါဟာ နောက်ဆုံးမှာ ပြည်တွင်းစစ်ရဲ့ တကယ့် သရုပ်မှန် အဖြစ်အပျက်တွေကို မှန်းဆပြောရမယ့်ပုံ ဖြစ်လာမှာကို ပြနေပါတယ်။ တကယ်လို့ ဗိုလ်ချုပ်ကြီး ရောဘတ် အီးလီး ရုပ်တုကို အခု ဖြိုချတော့မယ်ဆိုရင် ဒီလိုကိစ္စမျိုးကို ခွင့်လွှတ်နိုင်ဖို့၊ ဒီရုပ်တုတွေဟာ ကျွန်မတို့ အတွက် ဘယ်လို အဓိပ္ပာယ်ဆောင်သလဲဆိုတာ အဖြေရှာနိုင်ဖို့ အဆင်သင့် ဖြစ်နေလောက်ပြီ ဆိုတဲ့ သဘောပါ။ တစ်ကယ်လည်း ဒီလို ဖြစ်လာမယ်လို့ ကျွန်မမျှော်လင့်ပါတယ်"