ရုရှားဖွဲ့စည်းပုံအသစ်ကြောင့် ပူတင် အနှစ် ၃၀ ကျော် အာဏာဆက်ရနေမှာလား

ရုရှားမှာ မဲခွဲ ဆုံးဖြတ်ပြီး အတည်ပြုမယ့် ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ကြောင့် သမ္မတ ဗလာဒီမီယာ ပူတင်ဟာ ၂၀၃၆ ခုနှစ်အထိ အာဏာ ဆက်ရနိုင်ဖွယ် ရှိနေပါတယ်။

သူဟာ ပြီးခဲ့တဲ့ အနှစ် ၂၀ အတွင်းမှာ ဝန်ကြီးချုပ် ဒါမှမဟုတ် သမ္မတ နေရာတွေကို တစ်ခုမဟုတ်တစ်ခု တောက်လျှောက် တာဝန်ယူထားခဲ့သူလည်း ဖြစ်တဲ့အတွက် သူ့ရဲ့ အာဏာရ သက်တမ်းဟာ ၃၆ နှစ်အထိလည်းရှိလာ နိုင်ပါတယ်။

“ပူတင်မရှိရင် (လက်ရှိ)ရုရှားဆိုတာလည်း ဖြစ်မလာနိုင်ဘူး” လို့ ရုရှားသမ္မတရုံး ဒုဦးစီးမှူးက ပြောဆိုခဲ့ဖူးပြီး ဒီလိုအမြင်ဟာ သန်းပေါင်းများစွာသော ရုရှားပြည်သူတွေ ဆီမှာလည်း ရှိတယ် ဆိုတာကို ဆယ်စုနှစ်နဲ့ချီပြီး ပူတင်ကို ဆက်ပြီး မဲပေးခဲ့ကြတဲ့ အခြေအနေက ရောင်ပြန်ဟပ်နေပါတယ်။

အခုလို ပူတင်ကို ယုံကြည်မှုဟာ ဇူလိုင်လ ၁ ရက်နေ့ ရုရှားဖွဲ့စည်းပုံအခြေခံဥပဒေအသစ် မဲပေးမှု အပြီး ပိုပြီး သက်တမ်းရှည်ဖို့ ဖြစ်နိုင်ချေရှိလာပြီး အတည်ဖြစ်သွားမယ်ဆိုရင် ပူတင်ဟာ နောက်ထပ် ၆ နှစ်စီကြာမယ့် သမ္မတသက်တမ်း ၂ ခု ထမ်းဆောင်ခွင့် ရှိမှာ ဖြစ်ပါတယ်။

အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ ပူတင်ရဲ့ လက်ရှိ သမ္မတသက်တမ်းဟာ ၂၀၂၄ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး နောက်ထပ် သမ္မတအဖြစ် အရွေးခံ မခံ ကိစ္စကို ပြတ်ပြတ်သားသား မပြောထားသေးပါဘူး။

အခုလို ကျင်းပမယ့် ဖွဲ့စည်းပုံအသစ် မဲပေးမှုဟာ ဇူလိုင်လ ၁ ရက်နေ့မှ တရားဝင် ဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်အခြေအနေမှာ လူတွေ စုပြုံမှုကို တားဆီးဖို့အတွက် ဇွန်လ ၂၅ ရက်နေ့ ကတည်းက စပြီး မဲပေးခွင့်ပေးထားပါတယ်။

အခုလို မဲပေးခွင့် စပေးထားတဲ့ရက် မတိုင်ခင် တစ်ရက်မှာ ဖြစ်တဲ့ ဇွန်လ ၂၄ ရက်နေ့မှာတော့ ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် ရွှေ့ဆိုင်းထားခဲ့ရတဲ့ အောင်ပွဲနေ့ ချီတက်ပွဲကို ကျင်းပခဲ့ပြီး ဒုတိယကမ္ဘာစစ်မှာ နာဇီဂျာမနီကို အနိုင်ယူပြီး ဥရောပမှာ စစ်ပြီးဆုံးမှု ၇၅ နှစ်ပြည့်တဲ့ အောင်ပွဲနေ့လည်း ဖြစ်ပါတယ်။

အဲဒီချီတက်ပွဲကို ကိုရိုနာအခြေအနေကြောင့် ပိတ်ထားကာစ မော်စကိုမြို့ ပြန်ဖွင့်ကာစ အချိန်မှာ မြို့တော်ဝန်သတ်မှတ်ထားတဲ့ရက်ထက် တစ်ပတ်စော ကျင်းပခဲ့တာဖြစ်ပါတယ်။

နိုင်ငံရေးဝေဖန်သူတွေကတော့ ဒီလို မျိုးချစ်စိတ်တက်ကြွစေတဲ့ စစ်ရေးချီတက်ပွဲမျိုးကနေ မဲမပေးကြခင် သမ္မတ မျက်နှာသာရအောင် အချိန်ကိုက် ကျင်းပတာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ဖွဲ့စည်းပုံ အခြေခံဥပဒေကို အများဆန္ဒနဲ့ ပြင်ဆင်ဖို့ အဆိုပြုခဲ့ပြီး ဧပြီလ ၂၂ ရက်နေ့ မှာ ကျင်းပဖို့ လျာထားခဲ့ပေမဲ့ ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီ ဗိုင်းရပ်စ် အခြေအနေကြောင့် လူချင်း ခပ်ခွာခွာနေရတဲ့ စည်းကမ်းနဲ့အညီ မဲပေးနိုင်ဖို့ အတွက် မဲပေးမှုကို ငါးရက်ကြာ ကျင်းပမှာ ဖြစ်ပါတယ်။

အခုလို မဲပေးရာမှာ မဲရုံထဲ ဝင်ရောက်နိုင်တဲ့ လူဦးရေ ကိုလည်း စည်းကမ်း ကန့်သတ်ထားပြီး မော်စကိုလို နေရာမျိုးမှာတော့ အီလက်ထရွန်နစ် မဲပေးစနစ်ကို ကျင့်သုံးမယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်မှုကို ရုန်းကန်ဖြေရှင်းနေရတဲ့ ဒေသတွေမှာလည်း အလားတူ လုပ်မှာ ဖြစ်တဲ့အတွက် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ပူတင်ရဲ့ အကြံအစည်က ဘာလဲ

လက်ရှိသမ္မတ ပူတင်ဟာ ၁၉၉၉ မှာ ဝန်ကြီးချုပ်အဖြစ် စတင်ခန့်အပ်ခံရပြီး၊ ၂၀ဝ၀-၂၀ဝ၈ အတွင်း သမ္မတ၊ ၂၀ဝ၈-၂၀၁၂ အတွင်း ဝန်ကြီးချုပ်ပြန်လုပ်၊ ၂၀၁၂-၂၀၁၈ အတွင်း သမ္မတ ပြန်ဖြစ်ခဲ့ပြန်ပြီး၊ ၂၀၁၈ မှာ နောက်တကြိမ် သမ္မတ ထပ်ဖြစ်ခဲ့တဲ့အတွက် လက်ရှိ ၂၁ ရာစု အတွင်းမှာ ရုရှားနိုင်ငံက ပူတင်ကိုသာ ထိပ်ဆုံးခေါင်းဆောင်အဖြစ် မြင်ထားကြတာ ဖြစ်ပါတယ်။

ပူတင်က နောက်ထပ် အရွေးခံဦးမယ်လို့ မပြောပေမဲ့ သူ့ကို အဓိက ထောက်ခံသူ အမတ်တဦးဖြစ်ပြီး အာကာသယာဉ်မှူးဟောင်းတစ်ဦးလည်းဖြစ်တဲ့ ဗလန်တီနာ ထရက်ရှ်ကိုဗာကတော့ ဖွဲ့စည်းပုံအသစ်နဲ့အတူ ပူတင်ရဲ့ သမ္မတ သက်တမ်းကို “သုည က ပြန်စပြီး” အာဏာဆက်ရနေအောင် လုပ်ဖို့ အဆိုပြုထားပြီးသား ဖြစ်ပါတယ်။

ပူတင်ဟာ လူထုထောက်ခံမှုကိုလည်း ရနေတယ်လို့ ယူဆရပြီး ပြီးခဲ့တဲ့ ၂၀၁၈ ရွေးကောက်ပွဲမှာဆိုရင် ၇၆%ကျော် မဲရခဲ့တာ ဖြစ်ပါတယ်။

ပူတင်အတွက် နောက်ထပ် သက်တမ်း နှစ်ဆက် ထမ်းဆောင်ခွင့်ရှိမယ့် အခု ဖွဲ့စည်းပုံပြင်ဆင်မှုဟာ အောက်ခြေက တောင်းဆိုမှုသဖွယ် ပုံဖော်ပြီး ပူတင် ကိုယ်တိုင်က မတတ်သာလို့ လက်ခံရတဲ့ ပုံပေါ်အောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်လို့ မော်စကို အခြေစိုက် ဘီဘီစီ သတင်းထောက် ဆာရာ ရိန်းစဖို့ဒ် က ဆိုပါတယ်။

ပူတင်က ရုရှားအတွက် အရေးပါသူ ဘယ်လိုဖြစ်လာခဲ့သလဲ

ကွန်မြူနစ်ဝါဒနဲ့ အနောက်အုပ်စုတို့ရဲ့ စစ်အေးတိုက်ပွဲ နိဂုံပိုင်း ရောက်လာတဲ့ ကာလဟာ လက်ရှိ ပူတင် ရယ်လို့ ဖြစ်လာမယ့် အကြောင်းတရားတွေ ပုံဖော်နေတဲ့ ကာလလည်း ဖြစ်ပါတယ်။

ဆိုဗီယက် ပြိုကွဲစေမယ့် ၁၉၈၉ ခုနှစ် တော်လှန်ရေးတွေ ဖြစ်လာချိန်မှာ ပူတင်က အဲဒီအချိန်က အရှေ့ဂျာမနီရဲ့ မြို့တစ်မြို့ဖြစ်တဲ့ ဒရက်စ်ဒန်မှာ ရုရှားထောက်လှမ်းရေး KGB တဦး အနေနဲ့ ရောက်ရှိနေချိန် ဖြစ်ပါတယ်။

အဲဒီ အချိန်က အဖြစ်အပျက်တွေအတွက် သူဘာမှ လုပ်မပေးနိုင်ခဲ့ပေမဲ့သူ့စိတ်ထဲမှာ စွဲမှတ်သွားစေနိုင်တဲ့ အဖြစ်အပျက် နှစ်ခု ရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ပထမတစ်ခုကတော့ လူထုအုံကြွမှုတွေကြောင့် ဘာလင်တံတိုင်းနဲ့အတူ သံကန့်လန့်ကာလို့ တင်စားခေါ်ကြတဲ့ ဆိုဗီယက်အုပ်စု ပြိုကျတဲ့ အဖြစ်အပျက်ဖြစ်ပြီး ဒီအဖြစ်အပျက်က သူ့ကို နောက်ပိုင်းမှာ လူထုအုံကြွမှုတွေ အပေါ် ကြောက်ရွံ့စိုးရိမ်တဲ့ ခံစားမှုနဲ့ ယှဉ်တွဲ စွဲမှတ် သွားစေနိုင်လောက်တယ်လို့ ဆိုပါတယ်။

ဒုတိယတစ်ခုကတော့ ဆိုဗီယက်ပြိုကွဲမှုနဲ့အတူ မြို့တော် မော်စကိုမှာ အာဏာ ဟာကွက် ဖြစ်လာတဲ့အတွက် ဘယ်သူ့မှာ အာဏာရှိတယ်ဆိုတာ မပြောနိုင်တော့တဲ့ အခြေအနေဖြစ်ပြီး ဒါကတော့ သူ့အပေါ် ဒီအဖြစ်အပျက်ကို စက်ဆုပ်ရွံရှာတဲ့ ခံစားမှုနဲ့ ယှဉ်တွဲ စွဲမှတ် သွားစေနိုင်လောက်တယ်လို့ ဆိုပါတယ်။

သူ ဒရက်စ်ဒန်မှာ ရှိစဉ် ၁၉၈၉ ဒီဇင်ဘာလမှာ မြို့ရဲ့ KGB ဌာနချုပ်ကို လူအုပ် အဝိုင်းခံခဲ့ရပြီး အဲဒီအချိန်က မီခေး ဂေါ်ဘာချော့ လက်အောက်က ဆိုဗီယက် အစိုးရရုံးစိုက်ရာ မော်စကိုကို လှမ်း အကူအညီတောင်းခဲ့ပေမဲ့“ဘာသံမှ ပြန်မကြားခဲ့ရဘူး” လို့ ပူတင် ကိုယ်တိုင်က ပြန်ပြောင်း ပြောပြခဲ့ပါတယ်။

အခုလို ဝိုင်းခဲ့တဲ့ လူအုပ်က ဌာနချုပ်က စာရွက်စာတမ်းတွေ ရသွားမှာ စိုးရိမ်တဲ့အတွက် ပူတင်က သူ့ဆုံးဖြတ်ချက်နဲ့သူ စာရွက်တွေ မီးရှို့ဖို့ ဆုံးဖြတ်ခဲ့ပြီး များလွန်းတဲ့အတွက် မီးလင်းဖိုတောင် ထပေါက်ကွဲခဲ့တယ် ဆိုပြီး ပူတင်က သူ့ရဲ့ အင်တာဗျူးတွေ ဖော်ပြထားတဲ့ “ပထမလူ” ဆိုတဲ့ စာအုပ်ထဲမှာ ပြောဆိုထားပါတယ်။

ပူတင်ရဲ့ အထုပ္ပတ္တိကို ရေးသားသူ ဂျာမန်လူမျိုး ဘောရစ်စ် ရိုက်ခ်ချူစတာကလည်း “ပူတင်သာ အရှေ့ဂျာမနီမှာ တာဝန် မကျခဲ့ဘူးဆိုရင် ကျွန်တော်တို့ အခုမြင်နေရတဲ့ ပူတင် ဆိုတာနဲ့ ကျွန်တော်တို့ အခုမြင်နေရတဲ့ ရုရှားဆိုတာ ဖြစ်လာမှာ မဟုတ်ပါဘူး” လို့ ဆိုပါတယ်။

အာဏာ လှေကားထစ်ကို စတက်လာတဲ့ ပူတင်

အရှေ့ဂျာမနီက ပြန်လာတဲ့ ပူတင်ဟာ သူ့ရဲ့ မွေးရပ်မြေ လီနင်ဂရက်မြို့ (လက်ရှိအချိန်မှာ အမည်ဟောင်းဖြစ်တဲ့ စိန့်ပီတာစဘတ်ဂ် ပြန်ပြောင်းပြီးဖြစ်တဲ့မြို့) ကို ပြန်ရောက်လာပြီး မြို့တော်ဝန်သစ် အနာတိုလီ ဆော့ဘ်ချက် ရဲ့ ညာလက်ရုံးနေရာကို ညတွင်းချင်းဆိုသလို ချက်ချင်း ရသွားခဲ့ပါတယ်။

အဲဒီ ကာလမှာ အနောက်ဂျာမနီနဲ့ ပြန်လည်ပေါင်းစည်းသွားတဲ့ အရှေ့ဂျာမနီမှာ တာဝန်ကျခဲ့သူတွေ အရာကျသွားခဲ့တယ် ဆိုပေမဲ့ ဒီလူတွေက ရုရှားပြည်သစ်မှာ နိုင်ငံရေးအရရော ပုဂ္ဂိုလ်ရေးအရပါ ကြီးပွားနိုင်တဲ့ အခွင့်အရေးလည်း ရှိနေကြတဲ့ ကာလလည်း ဖြစ်ပါတယ်။

ဒီလို ကာလမှာ ပူတင်ရဲ့ အခန်းကဏ္ဍ ကလည်း အတက်ပိုင်းကို ရောက်နေခဲ့ပြီး ဆော့ဘ်ချက် အရာကျသွားတဲ့ အချိန်မှာတောင်မှ ရာထူးဆက်မြဲခဲ့တဲ့အပြင် ရုရှားရဲ့ အခွင့်ထူးခံ လူတန်းစားအသစ်တွေနဲ့ အောင်အောင်မြင်မြင် ချိတ်ဆက်ပြီး အာဏာလှေကားထစ်ကို ဆက်တက်နိုင်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ပူတင်ဟာ မြို့တော် မော်စကိုမှာ စတင်တာဝန်ကျလာပြီး KGB နေရာမှာ အသစ်ဖွဲ့စည်းတဲ့ ရုရှားထောက်လှမ်းရေး FSB မှာ ဒါရိုက်တာလို နေရာကောင်းလည်း ရလာခဲ့ပါတယ်။

အဲဒီကနေ နောက်တစ်ဆင့်တက်ပြီး ၁၉၉၉ မှာ ကရင်မလင် နန်းတော် အတွင်းမှာ လုပ်ကိုင်ရတဲ့ နိုင်ငံတော် လုံခြုံရေး ကောင်စီ အတွင်းရေးမှူးနေရာ အထိပါ အဆင့် တက်လာခဲ့ပါတယ်။

အဲဒီကာလဟာ ဘောရစ် ယဲ့လ်ဆင်က သမ္မတသစ် ဖြစ်လာတဲ့ ကာလဖြစ်ပြီး သူ့ရဲ့ အစိုးရက ကွန်မြူနစ်ပါတီလူဟောင်းတွေကို ဘေးဖယ်ကာ နိုင်ငံရေးဘက်မှာပါ အရှိန်အဝါကြီးတဲ့ လုပ်ငန်းရှင်ကြီးတွေနဲ့ မဟာမိတ်ဖွဲ့လာတဲ့ ကာလလည်း ဖြစ်ပါတယ်။

အဲဒီ လုပ်ငန်းရှင်ကြီးတွေအတွက်လည်း ဒီလို အသွင်ကူးပြောင်းရေးကာလမှာ ကြွယ်ဝမှုနဲ့ လွှမ်းမိုးနိုင်မှုတွေ ဆတက်ထမ်းပိုး ပြန်ရနိုင်တဲ့အတွက် မဟာမိတ်ဖွဲ့ကြတာ ဖြစ်ပါတယ်။

ဒီကာလမှာ ဘောရစ်စ် ဘရက်ဇော့ဗ်စကီးလို လုပ်ငန်းရှင်ကြီးတွေက ယဲ့လ်ဆင်ကို အဓိက ထောက်ခံပေးသူတွေ အဖြစ် ပေါ်ထွက်လာပြီး ရွေးကောက်ပွဲတွေ ပြန်လည် ကျင်းပလာတဲ့ ရုရှားမှာ အများအမြင်ကို လွှမ်းမိုးနိုင်တဲ့ အင်အားကြီးသူတွေလည်း ဖြစ်လာကြပါတယ်။

ဒီလိုကာလမှာ ပူတင်ဟာ နိုင်ငံတော် လုံခြုံရေး ကောင်စီ အတွင်းရေးမှူး နေရာကို လပိုင်းသာ ထမ်းဆောင်ရပြီး တစ်နှစ်တည်းမှာပဲ သမ္မတ ယဲ့လ်ဆင်ရဲ့ ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ခြင်းကို ခံခဲ့ရပါတယ်။

ရုတ်တရက် မမျှော်လင့်ဘဲ သမ္မတပါ ဖြစ်လာ

နောက်ပိုင်းမှာ အဲဒီအချိန်က သမ္မတ ယဲ့လ်ဆင်ဟာ ကျန်းမာရေးချို့တဲ့မှုနဲ့အတူ အများမြင်ကွင်းမှာ အယောင်ယောင်အမှားမှားလုပ်တာတွေ ရှိလာပြီး ၁၉၉၉ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာတော့ ရုတ်တရက် နုတ်ထွက်ကြောင်း ကြေညာလိုက်ပါတယ်။

ဒါနဲ့ပဲ ပူတင်ဟာ ဘရက်ဇော့ဗ်စကီးနဲ့တကွ အခြား နိုင်ငံရေးမှာပါ အရှိန်အဝါရှိတဲ့ အဓိက လုပ်ငန်းရှင်ကြီးတွေရဲ့ ထောက်ခံမှုနဲ့အတူ မမျှော်လင့်ဘဲ ရုတ်တရက် ယာယီ သမ္မတ ဖြစ်လာခဲ့ပါတယ်။

ဒီလိုနဲ့ ၂၀ဝ၀ ပြည့်နှစ် မတ်လမှာ ကျင်းပတဲ့ ရွေးကောက်ပွဲမှာပဲ ပူတင်က အနိုင်ရပြီး သမ္မတ နေရာကို ခိုင်ခိုင်မာမာ စပြီး ရလာခဲ့ပါတယ်။

ယဲ့လ်ဆင်ရဲ့ နိုင်ငံရေးမိသားစုထဲမှာ ပါဝင်တဲ့ နိုင်ငံရေးအရှိန်အဝါရှိတဲ့ လုပ်ငန်းရှင်ကြီးတွေ၊ ပြုပြင်ပြောင်းလဲရေး သမားတွေဟာ အဲဒီအချိန်ကတည်းက ဆံပင်ဖြူစ ပြုနေပြီး လူသိနည်းတဲ့အပြင် သူတို့ လွှမ်းမိုးလို့ ရနိုင်တယ်လို့ ယူဆတဲ့ ပူတင်ကို ကျေကျေနပ်နပ် ထောက်ခံပေးခဲ့ကြပါတယ်။

ဒါပေမဲ့ ပူတင်က သူအာဏာရလာပြီး သုံးလအတွင်းမှာပဲ စာနယ်ဇင်းမီဒီယာကို ထိန်းချုပ်လိုက်တဲ့အတွက် အဲဒီအချိန်က အဓိကကျတဲ့ အပြောင်းအလဲ ဖြစ်နေတဲ့ ကာလအတွင်းမှာ ဒီလုပ်ငန်းရှင်ကြီးတွေနဲ့တကွ ကရင်မလင် နန်းတော်က အုပ်ချုပ်သူ လူတန်းစား လူဟောင်းတွေပါ အငိုက်မိ ကုန်ကြပါတယ်။

ဒီကာလမှာ အမှီအခိုကင်းပြီး လွတ်လပ်တဲ့ ရုပ်သံဌာန NTV ပိတ်သိမ်းခံရပြီး တခြား စာနယ်ဇင်းမီဒီယာတွေကိုလည်း အစိုးရက ဝင်ရောက် စီးနင်းရှာဖွေမှုတွေ လုပ်လာတဲ့အပြင် သတင်းထုတ်လွှင့်မှုတွေကိုလည်း အစိုးရက ကြိုတင် စစ်ဆေးလာပါတယ်။

ဒီလို ပူတင်ရဲ့ ကိုင်တွယ်ပုံတွေဟာ နောက်ပိုင်း သူ့ရဲ့ အုပ်ချုပ်မှုပုံစံကို အစပျိုးပေးလိုက်စေမယ့် လုပ်ဆောင်မှုတွေ ဖြစ်တယ်လို့လည်း ဆိုရမှာ ဖြစ်ပါတယ်။

မကျေနပ်တဲ့ အသံတွေကို ဖိနှိပ်လာ

အခုလို စာနယ်ဇင်းမီဒီယာကို ထိန်းချုပ်လိုက်တာဟာ သမ္မတသစ် ပူတင်အတွက် နှစ်မျိုး အကျိုးရှိနေပြီး အရှိန်အဝါရှိတဲ့ ဝေဖန်သူတွေကို သူတို့ရထားတဲ့ မီဒီယာစင်မြင့်ကနေ ဖယ်ရှားနိုင်တဲ့ အကျိုးနဲ့ အဖြစ်အပျက်တွေအပေါ် လူထုနားလည်သဘောပေါက်ပုံကို လိုသလို ပုံဖော်နိုင်တဲ့ သတင်းတင်ဆက်ပုံကိုပါ ပြန်လည် တည်ဆောက်နိုင်တဲ့ အကျိုးတွေပဲဖြစ်ပါတယ်။

ဒီလိုနဲ့ပဲ လူတွေရဲ့ ချေချင်းညာက စစ်ပွဲတွေအပေါ် ရှုမြင်ပုံက စပြီး ရုရှားမှာ အကြမ်းဖက်တိုက်ခိုက်ခံရပုံတွေကို လူထု ရှုမြင်ပုံတွေအထိ အစိုးရက ပုံဖော်လွှမ်းမိုးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် လူထုအကြား သမ္မတ ပိုပြီး နာမည်ရဖို့ ကိစ္စမှာလည်း အသုံးချနိုင်ခဲ့ပြီး ရုရှားပြည်သစ်နဲ့ သူ့ရဲ့ ခေါင်းဆောင်သစ်တို့ ဘယ်လောက် အင်အားကြီးကြောင်း ကိုယ့်ကိုယ်ကိုယ် ပုံဖော်မှုတွေကိုလည်း ဖြန့်ချီနိုင်ခဲ့တဲ့အပြင် ရုရှားရဲ့ ရန်သူအသစ်တွေက ဘယ်သူတွေဖြစ်သလဲ ဆိုတာကိုလည်း လူထုအကြား ပုံဖော်ပေးနိုင်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းကစပြီး နယ်ဘက်က ရုရှားပြည်သူတွေဆိုရင် ပူတင်က ကြည့်စေချင်တဲ့ တီဗီအစီအစဉ်ပဲ ကြည့်ကြရတယ်လို့ ဆိုနိုင်တဲ့အပြင် ရုရှားက တီဗီလိုင်း စုစုပေါင်း သုံးထောင်လောက်မှာ အများစုက သတင်းတင်ဆက်မှု မပါတော့ပဲ နိုင်ငံရေးသတင်း ပါရင်လည်း အစိုးရစိစစ်ပြီးသား သတင်းကိုပဲ လွှင့်ရတော့တယ်လို့ ဆိုပါတယ်။

ဒေသအလိုက်ပါ လွှမ်းမိုးချုပ်ကိုင်လာ

ပူတင်ဟာ ရုရှားရဲ့ ဒေသ ၈၃ ခုမှာ သူစိတ်ချတဲ့ နိုင်ငံရေးသမားတွေကို အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ခြင်းအားဖြင့် ဒေသအလိုက်ပါ တဖြည်းဖြည်း လွှမ်းမိုး ချုပ်ကိုင် လာနိုင် ခဲ့ပါတယ်။

သူဟာ ၂၀ဝ၄ ခုနှစ်မှာ ဒေသတွင်း ရွေးကောက်ပွဲနဲ့ အုပ်ချုပ်ရေးမှူး ရွေးတဲ့ စနစ်ကို ဖျက်သိမ်းလိုက်ပြီး ဗဟိုအစိုးရက ရွေးချယ်တဲ့ ကိုယ်စားလှယ်လောင်း သုံးဦးကို ဒေသတွင်း အမတ်တွေက ရွေးချယ်ရတဲ့ စနစ်ကို ပြောင်းခဲ့ပါတယ်။

ဒါ့ကြောင့် ပူတင်ဟာ ဒီမိုကရေစီ စနစ်ကို ဖျက်သိမ်းနေပြီလို့ ဝေဖန်ခံခဲ့ရပေမယ့် ဒီနည်းဗျူဟာက အဓိကအားဖြင့် ချေချင်းညာ ဒေသမှာ အလုပ်ဖြစ်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာတော့ ဒီမိုကရေစီတောင်းဆိုတဲ့ ဆန္ဒပြပွဲတွေနဲ့အတူ ဒေသတွင်း ရွေးကောက်ပွဲတွေ ပြန်လုပ်ပေးခဲ့ရပေမဲ့ ၂၀၁၃ ဧပြီလ အရောက်မှာတော့ ကန့်သတ်ဥပဒေသစ် တခု ထုတ်ပြန်မှုနဲ့အတူ ပူတင်ရဲ့ တိုက်ရိုက်ထိန်းချုပ်မှုပုံစံ ပြန်ရောက်လာခဲ့ပါတယ်။

နာမည်ခံ ပြုပြင်ပြောင်းလဲရေး လုပ်ရတဲ့ ကာလ

၂၀၁၁ - ၂၀၁၃ ကာလမှာ မော်စကိုက ဘိုလော့နာရာ ရင်ပြင် ဆန္ဒပြပွဲတွေ အပါအဝင် လူအများအပြား တက်ရောက်တဲ့ ဆန္ဒပြပွဲတွေ ရုရှားနိုင်ငံအနှံ့ဖြစ်ပေါ်ခဲ့ပြီး သန့်ရှင်းတဲ့ ရွေးကောက်ပွဲနဲ့အတူ ဒီမိုကရေစီနည်းကျ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ တောင်းဆိုလာခဲ့ကြပါတယ်။

အဲဒီ ဆန္ဒပြပွဲတွေဟာ ၁၉၉၀ နောက်ပိုင်း ရုရှားမှာ အကြီးဆုံး ဆန္ဒပြပွဲတွေလည်း ဖြစ်ပြီး အာရပ်ဒေသက အာရပ်နွေဦး ဒီမိုကရေစီ တော်လှန်ရေး ဆန္ဒပြပွဲတွေနဲ့တကွ အရောင်တစ်ခုခုနဲ့ ဝိသေသ ပြုတဲ့ ဒီမိုကရေစီ ဆန္ဒပြပွဲတွေ ကမ္ဘာမှာ ဖြစ်ပွားနေတဲ့ ကာလနဲ့လည်း တိုက်ဆိုင်နေခဲ့ပါတယ်။

ပူတင်ကတော့ ဒီရုရှားပြည်တွင်း ဆန္ဒပြပွဲတွေကို အနောက်အုပ်စု အစိုးရတွေက ရုရှားကို နောက်ကွယ်က စွက်ဖက်ဖို့ လမ်းစပဲလို့ ရှုမြင်ပုံရပြီး ဒါကို တန်ပြန်ဖို့အတွက် လစ်ဘရယ်ဝါဒ အခြေခံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ပေးဖို့ စကားစ လာခဲ့ပါတယ်။

ဒီလိုနဲ့ ပူတင်ဟာ နိုင်ငံရေးမှာ ဗဟိုချုပ်ကိုင်မှု လျှော့ချဖို့နဲ့ ဒေသအသီးသီးကို စီးပွားရေး အခွင့်အာဏာ ပိုပေးရေး ကိစ္စတွေကို ပြောဆိုလာခဲ့ပါတယ်။

အဲဒီကာလက ပူတင်ရဲ့ မိန့်ခွန်းတိုင်းမှာ ‘ပြုပြင်ပြောင်းလဲရေး’ ဆိုတဲ့ စကားလုံးကို ထည်လဲ အသုံးပြုခဲ့ပေမဲ့ ပူတင်အစိုးရကို လူထုစိန်ခေါ်မှုတွေ အရှိန်လျော့လာတာနဲ့အတူ ပြုပြင်ပြောင်းလဲရေးအသံကို ပြန်မကြားရတော့ပါဘူး။

ခရိုင်းမီးယားနဲ့တကွ နီးစပ်ရာ ဒေသတွင်း အင်အားပြမှု

ယူကရိန်းမှာ ၂၀၁၄ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ပြီး နောက်ပိုင်း မတည်ငြိမ်မှုတွေ ရှိနေတဲ့ အခြေအနေကို ပူတင်က အခွင့်အရေးအဖြစ် အသုံးချခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

၂၀၁၄ ဖေဖော်ဝါရီလမှာ ယူကရိန်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ကရိုင်းမီးယားဒေသဟာ ရုရှားအုပ်ချုပ်မှုအောက် ရောက်လာခဲ့ပြီး ဒါကို မတားဆီးနိုင်ခဲ့တဲ့ အနောက်အုပ်စုက သူတို့အတွက် အရှက်ရစရာ ဆုံးရှုံးမှုတခု အဖြစ် ရှုမြင်ခဲ့ကြပါတယ်။

ဒီလို ရုရှားရဲ့ အင်အားပြမှုလို့ ရှုမြင်ကြတဲ့ ဖြစ်ရပ် ဖြစ်ပြီးနောက်ပိုင်းမှာ ရုရှားဟာ စစ်အေးတိုက်ပွဲ ကာလတုန်းကလို အင်အားကြီးနိုင်ငံ ဖြစ်စရာ မလိုဘူးဆိုတာ ပူတင်က သဘောပေါက်ပါတယ် ဆိုတဲ့ ဒေသတွင်း သုံးသပ်သူတွေရဲ့ ကောက်ချက်ဟာ ပြန်လည် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။

အနည်းဆုံးတော့ အနောက်အုပ်စုနဲ့တကွ နေတိုး စစ်စာချုပ်အဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေကို ခြေထိုးခံပြီး ကမောက်ကမ ဖြစ်အောင် လုပ်နိုင်တဲ့ အာဏာမျိုးတော့ ပူတင်မှာ ရှိတယ်လို့ ယူဆနိုင်စရာ ဖြစ်လာပြီး အနောက်အုပ်စုနဲ့ ရုရှားဆက်ဆံရေးမှာ ပူတင်က ရှေ့ဆောင် ပုံစံချသူ တယောက်လည်း ဖြစ်လာနိုင်တယ်လို့လည်း ယူဆလာကြပါတယ်။

ခရိုင်းမီးယား ဖြစ်စဉ်ဟာ ရုရှားအတွက် အကြီးကျယ်ဆုံး ခြေလှမ်း လှမ်းမှု ဖြစ်တယ် ဆိုပေမဲ့ ပူတင်ဟာ အလားတူ နိုင်ငံရေး ခြေဆန့်မှုတွေကို လုပ်လာတာ ဆယ်စုနှစ်နဲ့ ချီရှိလာပြီလို့ ဆိုနိုင်ပါတယ်။

“ရပ်နီး ပြည်ပ” လို့ ခေါ်တဲ့ ယခင် ဆိုဗီယက်ပြည်ထောင်စုအောက်က ခွဲထွက်လာတဲ့ နိုင်ငံငယ်တွေကို လွှမ်းမိုးစရာ နယ်ပယ်တွေ အဖြစ် ရုရှားအစိုးရက ယူဆနေသေးပြီး ၂၀ဝ၈ ခုနှစ် ဂျော်ဂျီယာနဲ့ ဖြစ်ခဲ့တဲ့ စစ်ရေးပဋိပက္ခ အပြီးမှာ ရုရှား အသာရခဲ့တာကလည်း သက်သေတစ်ရပ်ပဲ ဖြစ်ပါတယ်။

အနောက်အုပ်စုရဲ့ အားနည်းရာ နေရာကို အသုံးချခြင်း

နိုင်ငံခြားရေး ကိစ္စတွေနဲ့ ပတ်သက်လို့ အနောက်အုပ်စုအကြား ညီညွတ်မှု မရှိတဲ့အပေါ် ပူတင်က အပြည့်အဝ အသုံးချနိုင်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

အထူးသဖြင့် ဆီးရီးယားမှာ သမ္မတ အာဆတ်ကို ထောက်ခံတဲ့ အင်အားစုကို ရုရှားက နောက်ခံပေးခဲ့တာဟာ ပူတင်အတွက် ဘက်ပေါင်းစုံမှာ အကျိုးရှိခဲ့ပါတယ်။

ရုရှားရဲ့ ကြားဝင်မှုကြောင့် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအတွက် အရေးပါတဲ့ ဆီးရီးယားလို ဒေသတခုအတွင်း ဘယ်အုပ်စုဘက်ကမှ လွှမ်းခြုံအသာစီး မရနိုင်တဲ့ အကျိုးသက်ရောက်မှု ရှိခဲ့ပြီး တစ်ဖက်မှာလည်း ပူတင်က လက်နက်အသစ်နဲ့ စစ်နည်းဗျူဟာ အသစ်တွေကို ဆီးရီးယားမှာ စမ်းကြည့်ဖို့ အခွင့်အရေး ရသွားခဲ့ပါတယ်။

ဒါ့အပြင် အာဆတ်မျိုးဆက် အပါအဝင် ရုရှားရဲ့ သမိုင်းဝင် မဟာမိတ်တွေနဲ့ “ရပ်နီး ပြည်ပ” နိုင်ငံတွေကို ရုရှားက လက်မလွှတ်သေးပါဘူး ဆိုတဲ့ သတင်းစကား ပါးလိုက်သလိုလည်း အကျိုးသက်ရောက်မှု ရှိခဲ့ပါတယ်။

ရုရှားအတွက် ဇာဘုရင်အသစ်လို့ ဆိုနိုင်မလား

ပူတင်ဟာ သူ့ရဲ့သက်တမ်းအတွင်းမှာ ရုရှား ပဒေသရာဇ်ခေတ်က နယ်မြေချဲ့ထွင်ရေးကို တရားထူထောင်တဲ့ အယူအဆ တခုဖြစ်တဲ့ “ရုရှားပိုင်မြေတွေ လိုက်စုသူ” ဆိုတဲ့ ပုံရိပ်ကိုလည်း ပြန်လည် အသက်သွင်းနိုင်ခဲ့ပါတယ်။

ဒီလိုနောက်ခံ အခြေအနေမျိုးမှာ ခရိုင်းမီးယားနဲ့တကွ “ရပ်နီး ပြည်ပ” နိုင်ငံတွေရဲ့ အရေးကိစ္စတွေမှာ ရုရှားလွှမ်းမိုးမှု ရှိရေး ဘယ်လောက် ပူတင်အတွက် အရေးပါမလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်ရမှာ ဖြစ်ပါတယ်။

အာကဒီ အော့စရော့ဗ်စကီးလို ရုရှားက စောင့်ကြည့်လေ့လာသူ တချို့ကလည်း ပါတီနိုင်ငံရေးကို မှုစရာမလိုတဲ့ သူမတူတဲ့ ရုရှားခေါင်းဆောင် ခေတ်သစ် ဇာဘုရင် ပေါ်လာဖို့ အခြေအနေတွေက စေ့ဆော်နေတယ်လို့ ယူဆထားကြပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ပူတင်က တသီးပုဂ္ဂလ အဖြစ် အရွေးခံခဲ့တဲ့ ကိစ္စကလည်း ဒီလို ပုံစံမျိုး ဖြစ်လာနေကြောင်း လမ်းညွှန်ပြသလို ဖြစ်နေပါတယ်။

လက်ရှိအနေအထားအရ ပူတင် ရုရှားမှာ ပြိုင်ဘက်မရှိ ဖြစ်နေပေမယ့် သူ့ရဲ့ လက်ရှိ သမ္မတ သက်တမ်း ကုန်ဆုံးမှာ ၂၀၂၄ နောက်ပိုင်းမှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာ ဘယ်သူမှ မပြောနိုင်သေးပါဘူး။

အနာဂတ်မှာ ဘာဖြစ်လာမယ်ဆိုတာ ဘယ်သူက ကံသေကံမ မပြောနိုင်ဘူးဆိုပေမယ့် ပူတင်ကတော့ သူ့ရှေ့ရေးအတွက် ကြိုတင်စီမံမှု တခုခု လုပ်ထားနိုင်သူ ဖြစ်နေပါတယ်။