ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရုပ်တုတွေကို မင်းမဲ့စရိုက်ရန်က ကာကွယ်ဖို့ ထရမ့်အမိန့်ပေး
ရုပ်တုတွေကို ပစ်မှတ်ထားတဲ့ ဆန္ဒပြသမားတွေကို ထောင်ချမယ် ဆိုပြီး အမေရိကန် သမ္မတ ထရမ့်က အမိန့်ကြေညာချက်ထုတ်ပြီး သတိပေးလိုက်ပါတယ်။
ပြည်သူပိုင် ရုပ်တုတခုကို ပျက်စီးအောင်လုပ်တဲ့ မည်သူမဆိုကို ဥပဒေအရ အပြင်းထန်ဆုံး ပြစ်ဒဏ်ပေးရမယ် ဆိုပြီး အဲဒီအမိန့်မှာ ပါရှိပါတယ်။
မင်းမဲ့စရိုက် ကြီးစိုးနေတာကို ပြည်နယ်တရားရေးနဲ့ ရဲဌာနတွေက မနှိမ်နင်းနိုင် ဖြစ်နေတဲ့အတွက် ပြည်ထောင်စုအစိုးရက ထောက်ပံ့မှုတွေ ဖြတ်တောက်ဖို့လည်း အဲဒီအမိန့်က ဆော်သြထားပါတယ်။
လက်နက်မဲ့ လူမည်းအမျိုးသား ဂျော့ဖလွိုက်ကို ရဲက သတ်မှု ဖြစ်ပြီးကတည်းက အမေရိကန်က ရုပ်တုအတော်များများ ဖြိုလှဲဖျက်ဆီးခံနေရပါတယ်။
သမ္မတအမိန့်က သောကြာနေ့ ညနေက ထုတ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီနေ့မှာပဲ နယူးဂျာစီမှာ ဂေါက်ရိုက်ဖို့ ရှိတဲ့ ခရီးတခုကို ဖျက်ပြီး ဥပဒေစိုးမိုးရေးအတွက် ဝါရှင်တန် မြို့တော်မှာပဲ နေမယ်လို့ မစ္စတာထရမ့်က တွစ်တာကနေ ရေးသားခဲ့ပါတယ်။
"ဒီလုယက်မီးရှို့သူတွေနဲ့ လက်ဝဲအစွန်းရောက်တွေက အမေရိကန် အစိုးရကို ဖျက်ဆီးဖို့ မာ့က်စ်ဝါဒလို အတွေးအခေါ်တွေကို ပြောင်ပြောင်တင်းတင်း ကိုင်စွဲထားကြတယ် " လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။
ဆန္ဒပြသူတွေဟာ အမေရိကန်သမိုင်းကို မသိကြဘူးဆိုပြီးလည်း စွပ်စွဲထားပါတယ်။
ပြည်တွင်းစစ်ခေတ်တုန်းက တောင်ပိုင်းက ကျွန်စနစ်အားပေးတဲ့တပ်တွေကို အနိုင်ယူခဲ့တဲ့ သမ္မတဟောင်း ယူလစ်ဆစ် ဂရန့်ရဲ့ အရုပ် ဆန်ဖရန်စ္စကိုမှာ ပစ်မှတ်ထားခံရတာကိုလည်း ဒီအမိန့်မှာ ဖော်ပြပါတယ်။
ကျွန်စနစ်ဖျက်သိမ်းရေးကို တောင်းဆိုသူတယောက်ရဲ့ အရုပ်နဲ့ ပြည်တွင်းစစ်မှာ မြောက်ပိုင်းဘက်က ဝင်တိုက်ပေးတဲ့ လူမည်းတပ်ရင်းအတွက် အမှတ်တရနေရာတွေလည်း ပစ်မှတ်ထားခံခဲ့ရပါတယ်။
ဒီအရုပ်တွေ ဖယ်ရှားတာ တည်ဆောက်တာနဲ့ ပတ်သက်ပြီး ဘယ်သူမဆို ဘယ်အဖွဲ့အစည်းမဆို ငြိမ်းချမ်းစွာ တောင်းဆိုပိုင်ခွင့်ရှိတယ်လို့လည်း ဒီကြေညာချက်က ဖော်ပြပါတယ်။
ဒါပေမဲ့ ဘယ်သူမှတော့ ဒီအရုပ်တွေကို အင်အားသုံး ဖယ်ရှားခွင့်မရှိဘူးလို့ ဆိုပါတယ်။
တည်ဆဲဥပဒေတွေအရ ဒီလို ပြည်ထောင်စုပိုင် ပစ္စည်းတွေကို ဖျက်ဆီးရင် ထောင် ၁၀ နှစ်ထိ ချလို့ရတယ်လို့လည်း ရေးထားပါတယ်။
ယေရှုခရစ်တော်ပုံတွေနဲ့တကွ ဘာသာရေးနဲ့ နွှယ်တဲ့ ရုပ်တုတွေ အနုပညာလက်ရာတွေကို ဖျက်ဆီး တိုက်ခိုက် ဖယ်ရှားသူ မည်သူမဆိုကို အပြင်းထန်ဆုံး အရေးယူရမယ်လို့လည်း အဲဒီအမိန့်မှာ ပါရှိပါတယ်။
ဒီအမိန့်က လူမှုမျှတရေး လှုပ်ရှားသူ ရှောင်ကင်း မကြာခင်က တွစ်တာကနေ ရေးသားခဲ့တာကို ရည်ညွှန်းပုံရပါတယ်။ ကင်းက ယေရှုပုံဆိုတဲ့ လူဖြူရုပ်တုတွေကိုလည်း ဖယ်ရှားသင့်တယ်ဆိုပြီး ရေးခဲ့တာပါ။
ဒါက လူဖြူကြီးစိုးရေးပုံစံတမျိုးပဲလို့လည်း သူက ဆိုပါတယ်။
လွန်ခဲ့တဲ့ တလက မင်နီယာပိုလစ်မြို့မှာ ဖလွိုက်သေဆုံးရမှုနဲ့ ပတ်သက်ပြီး နိုင်ငံအနှံ့ ဆန္ဒပြပွဲတွေ ဖြစ်နေတဲ့အချိန်မှာ ကျွန်စနစ်အားပေးပြီး ခွဲထွက်ခဲ့တဲ့ အမေရိကန် တောင်ပိုင်းတပ်တွေနဲ့ ဆိုင်တဲ့ အရုပ်တွေ ပစ်မှတ်ထားခံနေရပါတယ်။
ဒီတောင်ပိုင်းရဲ့ သင်္ကေတတွေကလည်း အမေရိကန် အမွေအနှစ်တစိတ်တပိုင်း ဖြစ်တယ်ဆိုပြီး သမတ ထရမ့်က ကာကွယ်ပြောဆိုခဲ့ပါတယ်။
စပိန်က လူစွန့်စား နယ်သစ်ရှာသူ ခရစ်စတိုဖာ ကိုလံဘတ်ရဲ့ ရုပ်တုတွေလည်း နယ်ချဲ့စနစ်ရဲ့ သင်္ကေတတွေဆိုပြီး ပစ်မှတ်ထား တိုက်ခိုက်ခံနေရပါတယ်။
တချို့ပြည်နယ်တွေမှာတော့ တောင်ပိုင်းရဲ့ အမှတ်သင်္ကေတတွေကို အရင်ကြိုဖျက်ထားပြီး ဖြစ်ပါတယ်။
ဒီလဆန်းကပဲ ဗာဂျီးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးက ပြည်နယ်မြို့တော် ရစ်ချမွန်မှာ ရှိတဲ့ တောင်ပိုင်းတပ် ဗိုလ်ချုပ်ကြီး ရောဘတ်အီးလီးရဲ့ ရုပ်တုတခုကို ဖယ်ရှားမယ်လို့ ကြေညာခဲ့ပါတယ်။