ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမေရိကန်သမ္မတထရမ့်မှာ စစ်တပ်စေလွှတ်နိုင်တဲ့ အာဏာရှိသလား
- ရေးသားသူ, ဂျိတ်ခ် ဟော်တန်
- ရာထူးတာဝန်, BBC Reality Check
အမေရိကန်နိုင်ငံ တဝန်းမှာ ဆန္ဒပြမှုတွေ ဖြစ်နေချိန်မှာ အဲဒီမငြိမ်မသက်မှုတွေ အဆုံးသတ်သွားအောင် စစ်တပ်ကို လွှတ်လိုက်မယ်လို့ သမ္မတ ထရမ့်က ခြိမ်းခြောက်ပါတယ်။
မြို့တွေနဲ့ ပြည်နယ်တွေမှာ ပြဿနာကို ဖြေရှင်းဖို့ ပျက်ကွက်ရင် စစ်တပ်ကို လွှတ်လိုက်မယ်လို့ ထရမ့် ပြောတာပါ။
ဒါပေမဲ့ တချို့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကတော့ သူတို့ရဲ့ ခွင့်ပြုချက်မရဘဲ ထရမ့်အစိုးရမှာ ဗဟိုအဆင့် ပြည်ထောင်စု တပ်ဖွဲ့တွေ လွှတ်ဖို့ အာဏာမရှိဘူးလို့ ပြောပါတယ်။
သမ္မတမှာ တပ်ဖြန့်နိုင်တဲ့ အာဏာရှိလား
အတိုချုံးပြောရရင် ရှိပါတယ်။ တချို့ အခြေအနေတွေမှာ တပ်တွေ လွှတ်လိုက်နိုင်ပါတယ်။
အခုလည်း အမေရိကန်စစ်တပ်ရဲ့ အရန်တပ်ဖွဲ့ ဖြစ်တဲ့ အမျိုးသားလုံခြုံရေးတပ်ဖွဲ့ဝင် ထောင်ချီပြီး ဆန္ဒပြပွဲတွေ ရှိတဲ့ မြို့တွေကို ပို့ထားပြီးပါပြီ။
အဲဒီတပ်ဖွဲ့ဝင်တွေဟာ အမေရိကန် တဝန်းက ပြည်နယ် ၂၀ ကျော်မှာ ဆန္ဒပြမှုတွေကို ဖြိုခွဲဖို့ လုပ်နေပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ မြို့တွေနဲ့ ပြည်နယ်တွေ ကိုယ်တိုင်က တောင်းဆိုလို့ ရောက်လာကြသူတွေပါ။
ဒါပေမဲ့ ၁၉ ရာစုတုန်းက ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေအရလည်း ပြည်နယ်တွေရဲ့ ခွင့်ပြုချက်မလိုဘဲ ဝါရှင်တန် ဗဟိုအစိုးရက ကြားဝင်စွက်ဖက်နိုင်ပါတယ်။
ပြည်နယ်တစ်ခုမှာ တရားဥပဒေ စိုးမိုးရေးကို မလုပ်နိုင်တဲ့ အခြေအနေ ဒါမှမဟုတ် လူထုရဲ့ အခွင့်အရေးတွေ ထိပါးလာတဲ့ အခြေအနေလို့ သမ္မတက ယူဆချိန်မှာ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေရဲ့ ခွင့်ပြုချက်ယူဖို့ မလိုဘူးလို့ ပုန်ကန်သောင်းကျန်းမှု နှိမ်နင်းရေး အက်ဥပဒေက ခွင့်ပြုထားပါတယ်။
ဒီဥပဒေကို ၁၈၀၇ ခုနှစ်မှာ အတည်ပြုခဲ့တာပါ။ အင်ဒီးယန်းတွေရဲ့ ပြင်းထန်တဲ့ ကျူးကျော်တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ သမ္မတက စစ်တပ်အရန်တပ်ကို ခေါ်ဖို့ ခွင့်ပြုခဲ့တဲ့ ဥပဒေပါ။ တစ်ဆက်တည်းမှာပဲ ပြည်တွင်းမတည်ငြိမ်မှုတွေနဲ့ လူထုရဲ့ အခွင့်အရေးတွေကို ကာကွယ်ဖို့ အမေရိကန် စစ်တပ်ကို သုံးဖို့ပါ ခွင့်ပြုခဲ့ပါတယ်။
၁၈၇၈ မှာ အတည်ပြုခဲ့တဲ့ နောက်ထပ် ဥပဒေမှာတော့ ပြည်တွင်းမှာ စစ်တပ် သုံးမယ်ဆိုရင် ကွန်ဂရက် လွှတ်တော်ရဲ့ အတည်ပြုချက် ရဖို့ လိုပါတယ်။
ဒါပေမဲ့ ပုန်ကန်သောင်းကျန်းမှု နှိမ်နင်းရေး ဥပဒေ တစ်ခုတည်းနဲ့တင် သမ္မတက စစ်တပ်ချထားဖို့ ဥပဒေအရ အကျုံးဝင်တယ်လို့ ဥပေဒ ပညာရှင် တစ်ယောက်က ဘီဘီစီကို ပြောပြပါတယ်။
အခုလို အခြေအနေတွေမှာ ပြည်နယ်တွေရဲ့ ခွင့်ပြုချက်မလိုဘဲ သမ္မတက စစ်တပ် ချထားပိုင်ခွင့်ဟာ တရားဝင်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြပါတယ်။
အဓိကက စစ်တပ် သုံးမသုံးဆိုတာ သမ္မတရဲ့ ဆုံးဖြတ်ချက်ပဲ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေက အကူအညီတောင်းမှ လုပ်စရာ မလိုဘူးလို့ တက္ကဆက် တက္ကသိုလ် ဥပဒေ ပါမောက္ခ ရောဘတ် ချက်စနီက ပြောပါတယ်။
ဒီဥပဒေ အရင်က သုံးဖူးသလား
နှစ် ၃၀ လောက်အတွင်း ဒီဥပဒေကို မသုံးခဲ့ပေမဲ့ အရင်က ဒါကို အကြိမ် ဆယ်ချီ သုံးဖူးတယ်လို့ ကွန်ဂရက် သုတေသနအဖွဲ့ Congressional Research Service ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
၁၉၉၂ သမ္မတ ဂျော့ချ် အိတ်ချ် ဒဘယ်လျူ ဘွတ်ရှ် လက်ထက် လော့အိန်ဂျယ်လိစ် လူမျိုးရေး အဓိကရုဏ်းမှာ ဒီဥပဒေကို နောက်ဆုံး သုံးခဲ့ဖူးပါတယ်။
ပြီးတော့ ဒီဥပဒေကို ၁၉၅၀ နဲ့ ၁၉၆၀ နှစ်တွေမှာလည်း တောက်လျှောက်သုံးခဲ့ပါတယ်။ အဲဒီကာလတွေမှာ ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုတွေမှာ သမ္မတ သုံးဆက် လက်ထက်မှာ သုံးခဲ့တာပါ။ အဲဒီအချိန်မှာ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေက ကန့်ကွက်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။
အာကန်ဆောက လူမည်းနဲ့ လူဖြူကလေးတွေ အတူစာသင်တဲ့ ကျောင်းတစ်ခုမှာ ဆန္ဒပြတာကို ထိန်းချုပ်ဖို့အတွက် အမေရိကန်တပ်တွေ လွှတ်ဖို့ သမ္မတ ဒွိုက်အိုက်စင်ဟောင်ဝါ ၁၉၅၇ မှာ ဒီဥပဒေကို သုံးတော့ ကန့်ကွက်တာတွနဲ့ ကြုံခဲ့ပါတယ်။
၁၉၆၀ နှစ်တွေ နောက်ပိုင်းမှာတော့ ဒီဥပဒေ သုံးတာ နည်းလာပါတယ်။
ကက်ထရီနာ ဟာရီကိန်း မုန်တိုင်းတိုက်ခတ်အပြီးမှာ စစ်တပ်ရဲ့ အကူအညီကို ထိထိရောက်ရောက် ယူနိုင်ဖို့ ကွန်ဂရက်က ၂၀၀၆ မှာ ဒီဥပဒေကို ပြင်ခဲ့ပါတယ်။ ဒါပေမဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေက ကန့်ကွက်ခဲ့လို့ ပြင်ဆင်ချက်ကို ပြန်ရုပ်သိမ်းခဲ့ရပါတယ်။