ယာဥ်တိုက်မှုကြောင့် အိန္ဒိယ အလုပ်သမား ၂၄ ယောက်သေဆုံး

အိန္ဒိယမြောက်ပိုင်းမှာ လော်ရီကား ၂ စီးတိုက်မိပြီး လော့ဒေါင်းကာလအတွင်း အိမ်ပြန်နေတဲ့ ပြည်တွင်း ရွှေ့ပြောင်းအလုပ်သမား ၂၄ ယောက် သေဆုံးခဲ့ပါတယ်။

ယာဥ်မတော်တဆတိုက်မှုဟာ စနေနေ့က အူတရာပရာဒက်ရှ် ပြည်နယ် သြရိယမြို့မှာ ဖြစ်ပွားခဲ့တာပါ။ လမ်းဘေး လက်ဖက်ရည်ဆိုင်နားမှာ ရပ်ထားတဲ့ကားကို တခြားကားတစီးက ဝင်အောင်းမိတာဖြစ်ပါတယ်။

ရွှေ့ပြောင်းအလုပ်သမား အများစုဟာ အနောက်ပိုင်း ဂျာခန့်ပြည်နယ်နဲ့ အနောက်ဘင်္ဂလားပြည်နယ်က ဖြစ်ကြပါတယ်။

အိန္ဒိယမှာ ကိုရိုနာ ဗိုင်းရပ်စ် ထိန်းချုပ်ရေး အတွက် ပိတ်ဆို့မှု လော့ဒေါင်းကို မတ်လ ၂၄ ရက်နေ့က စတင်ခဲ့ပါတယ်။

ပိတ်ဆို့မှုကြောင့် နိုင်ငံတဝန်းမှာ စီးပွားရေးကျဆင်းခဲ့ပြီး သန်းနဲ့ချီတဲ့ တနေ့လုပ် တနေ့စား ရွှေ့ပြောင်း အလုပ်သမားတွေဟာ ငွေကြေးမရှိဘဲ မြို့ပြမှာ ပိတ်မိနေခဲ့ပါတယ်။

မြို့ပေါ်မှာ စားရမဲ့သောက်ရမဲ့ ဖြစ်မှာစိုးလို့ ကိုယ့်ရပ်ကိုယ့်ရွာကို အသည်းအသန် ပြန်ချင်နေကြတဲ့ အလုပ်သမား အမြောက်အမြားဟာ မိုင်ပေါင်း ရာချီပြီး လမ်းလျှောက် အိမ်ပြန်ကြပါတယ်။

အစိုးရ စီစဥ်ပေးတဲ့ အထူးကား၊ အထူးရထားတွေ အခုနောက်ပိုင်းမှာ ရှိလာပေမယ့် မလုံလောက်တဲ့အတွက် တချို့အလုပ်သမားတွေဟာ အထူးယာဥ်တွေကို မစောင့်ဆိုင်းနိုင်ဘဲ ကြုံရာကုန်ကားကြီးတွေနဲ့ လိုက်ပါကြပါတယ်။

ဒါ့ကြောင့် ကားမတော်တဆမှု၊ ရထားလမ်း မတော်တဆမှုတွေ ဖြစ်ပွားပြီး လူပေါင်း ဆယ်ဂဏန်းနဲ့ချီ သေဆုံးခဲ့ကြပါတယ်။

ဒီသီတင်းပတ်အစောပိုင်းက အူတရာပရာဒက်ရှ်ပြည်နယ် မူဇာဖာနာဂါးမှာ အလုပ်သမား ၆ ယောက်ဟာ အဝေးပြေးလမ်းမပေါ်ကားတိုက်ခံရပြီး သေဆုံးခဲ့ပါတယ်။

မေလ ၈ ရက်နေ့ကလည်း မဟာရာရှထရာပြည်နယ် သြရမ်ဂဘတ်မြို့မှာ ရထားအကြိတ်ခံရပြီး ရွှေ့ပြောင်းအလုပ်သမား ၁၆ ယောက်သေဆုံးခဲ့ပါတယ်။

အခုသေဆုံးခဲ့တဲ့ အလုပ်သမားတွေအတွက် ဝမ်းနည်းကြောင်း ဝန်ကြီးချုပ် နရန်ဒရာမိုဒီက သက်ဆိုင်ရာ မိသားစုတွေကို ပြောကြားခဲ့သလို ဒဏ်ရာရသူ ၃၆ ယောက်အတွက်လည်း မြန်မြန်သက်သာ ကျန်းမာဖို့ ဆုတောင်းပေးခဲ့ပါတယ်။

“သြရိယမတော်တဆမှုဟာ အလွန်ဝမ်းနည်းကြေကွဲဖို့ ကောင်းပါတယ်။ အခြေအနေ အမြန်ဆုံး ကောင်းမွန်လာဖို့ အစိုးရဟာ အစွမ်းကုန် ဆောင်ရွက်နေပါတယ်” လို့ မစ္စတာမိုဒီက တွစ်တာမှာ ရေးသားခဲ့ပါတယ်။

ဒဏ်ရာရသူတွေကို ဆေးဝါးပစ္စည်း ထောက်ပံ့ကူညီဖို့နဲ့ မတော်တဆမှုဖြစ်ရခြင်း အကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့ အူတရာပရာဒက်ရှ် ဝန်ကြီးချုပ် ယောဂီအဓိတရာနတ်ကလည်း ညွှန်ကြားထားပါတယ်။

အစိုးရဟာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေအနေကို လစ်လျူရှုပြီး အခြေအနေကို ကိုင်တွယ်ခဲ့တယ်လို့ပြည်နယ်အခြေစိုက် ဆမာဂျဝါဒီပါတီ ခေါင်းဆောင်က စွပ်စွဲအပြစ်တင်ပါတယ်။

ဒီလိုမတော်တဆမှုဟာ လူသေမှု မဟုတ်ဘူး၊ လူသတ်မှုဖြစ်တယ်လို့ သူက တွစ်တာမှာရေးသားခဲ့ပါတယ်။