အိန္ဒိယအလုပ်သမားတွေကို ဒေါ်လာ သန်း ၄၆၀ ကျော်ဖိုး အခမဲ့ အစားအစာ အစိုးရ ထောက်ပံ့

ပြည်တွင်းရွှေ့ပြောင်းအလုပ်သမားတွေအတွက် အိန္ဒိယအစိုးရက အစားအသောက် အခမဲ့ ထောက်ပံ့ပေးဝေပါမယ်။ ဒါဟာ ကိုဗစ်လော့ဒေါင်းကာလအတွက် ဒေါ်လာ ၂၆၆ ဘီလျံတန်ဖိုးရှိ စီးပွားရေး အစီအစဥ်ရဲ့ တစိတ်တဒေသဖြစ်ပါတယ်။

ဆန်၊ဂျုံ အစေ့အဆန်ထောက်ပံ့မှု ဒေါ်လာ ၄၆၃ သန်းဖိုးရှိပြီး ဒါဟာ ရွှေ့ပြောင်းအလုပ်သမား သန်း ၈၀ အတွက် ရည်ရွယ်တယ်လို့ အိန္ဒိယဘဏ္ဍာရေးဝန်ကြီး နီရာမလာစီသာရာမန်ကဆိုပါတယ်။

ကျပန်းအလုပ်သမားအများအပြားဟာ အိန္ဒိယမြို့ပြစီးပွားရေးရဲ့ ပင်မကျောရိုးဖြစ်ပြီး အခုသူတို့ဟာ ကိုဗစ်လော့ဒေါင်းကြောင့် ငတ်မှာစိုးရိမ်နေကြပါတယ်။

အစားအစာနဲ့ သောက်ရေ အလုံအလောက်မပါဘဲ ခရီးဝေး မိုင်ပေါင်းများစွာကို ခြေလျင် လမ်းလျှောက်ပြန်ကြရတဲ့ အလုပ်သမားတွေရဲ့ ဒုက္ခကြောင့် နိုင်ငံတဝန်းမှာ လူအများအပြားဟာ ဒေါသထွက်ခဲ့ကြပါတယ်။

ရထားနဲ့ ခရီးဝေး ဘတ်စ်ကားလိုင်းတွေပိတ်လိုက်ချိန်မှာ အလုပ်သမားတွေဟာ အလုပ်ပြုတ်ပြီး အိမ်မပြန်နိုင်ဘဲ တွယ်ရာမဲ့ သောင်တင်နေကြပါတယ်။

ရွှေ့ပြောင်း အလုပ်သမားတွေအတွက် သီးသန့်အထူးရထား၊ အထူးကားပြေးဆွဲပေးတာတချို့ ရှိပေမယ့် ရထား၊ကား မလုံလောက်တဲ့ ပြဿနာ၊ ရထားခ၊ ကားခမတတ်နိုင်တဲ့ ပြဿနာတွေအပြင် ရထားပေါ်၊ ကားပေါ်မှာ စိတ်ချရတဲ့ အလှမ်းကွာဝေးမှု ရှိမရှိဆိုတဲ့ အချက်အပေါ်မှာလည်း စိုးရိမ်ပူပန်မှု ရှိကြပါတယ်။

သောက်ရေနဲ့ အစားအစာမလုံလောက်ဘဲ ခြေလျင်ခရီးသွားရင်း အလုပ်သမားတွေ သေဆုံးတာလည်း ဖြစ်ခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ ခြေလျင်ခရီးသွားရင်း ရထားသံလမ်းပေါ်အိပ်စက်မိလို့ ရထားကြိတ်ခံရပြီး သေဆုံးသူ ရွှေ့ပြောင်းအလုပ်သမား ၁၆ ဦးလည်း အပါအဝင်ဖြစ်ပါတယ်။

အခမဲ့ရိက္ခာကို ထုတ်ယူဖို့အတွက် အလုပ်သမားတွေဟာ ခွဲတမ်းကတ်ပြားတွေကို အသုံးပြုနိုင်တယ်လို့ ဘဏ္ဍာရေးဝန်ကြီး နီရာမလာစီသာရာမန်က ကြေညာထားပါတယ်။ ခွဲတမ်းကတ်ပြားတွေဟာ သာမန်အချိန်မှာ ကျေးရွာတွေမှာသာ အသုံးပြုနိုင်တာဖြစ်ပေမယ့် အခုတော့ နိုင်ငံတဝန်းဘယ်နေရာမှာ မဆို အသုံးပြုနိုင်တယ်လို့ ကြေညာထားပါတယ်။

အခုခွဲတမ်းကတ်ပြားနဲ့ အစားအသောက်ဝေငှတဲ့ အစီအစဥ်ကို လူ သန်း ၆၇၀ အကျိုးခံစားရမှာ ဖြစ်ပြီး နောက်နှစ်မတ်လကုန်အထိ ဆောင်ရွက်သွားမယ်လို့လည်း မစ္စစီသာရာမန်ကဆိုပါတယ်။

အလုပ်သမားတွေအတွက် အဖိုးနှုန်းချိုသာတဲ့ အိမ်ရာတွေကိုလည်း ထောက်ပံ့ပေးဖို့ရှိပါတယ်။ အစိုးရထောက်ပံ့ပေးထားပြီး လူမနေလစ်လပ်နေတဲ့ အိုးအိမ်တချို့ကိုလည်း အလုပ်သမားတွေ အတွက် လွှဲပြောင်းစီစဥ်ပေးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

အခုအစီအစဥ်ကို စီးပွားရေးထောက်ပံ့မှု ဒုတိယအဆင့်အဖြစ် ကြာသပတေးနေ့က ကြေညာခဲ့တာဖြစ်ပြီး ဒီအစီအစဥ်ဟာ ရွှေ့ပြောင်းအလုပ်သမား၊ လမ်းဘေးစျေးသည်၊ အသေးစားလုပ်ငန်းရှင်နဲ့ တစ်ပိုင်တစ်နိုင်လုပ်တဲ့ လယ်သမားတွေအတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။

အခုစီးပွားရေးထောက်ပံ့မှုတန်ဖိုးဟာ အိန္ဒိယ ပြည်တွင်းထုတ်ကုန် စုစုပေါင်းရဲ့ ၁၀ ရာနှုန်းနဲ့ ညီမျှပြီး ရံဖန်ရံခါမှာ အစိုးရဟာ နေ့စဥ်ရက်ဆက်ဆိုသလို အစီအစဥ်သစ်တခုပြီး တခုကြေညာနေပါတယ်။

အခုဘဏ္ဍာရေးဝန်ကြီး မစ္စ စီသာရာမန်ရဲ့ ကြေညာချက်မှာ ပြီးခဲ့တဲ့ တလခွဲကာလအတွင်း အလုပ်ရပ်နားလိုက်ရတဲ့ လမ်းဘေးစျေးသည် ၅ သန်း အတွက် အထူးချေးငွေ ထုတ်ပေးဖို့လည်း ပါဝင်ပါတယ်။

တစ်ပိုင်တစ်နိုင်လုပ်ကိုင်တဲ့ လယ်သမား သန်း ၃၀ အတွက် အရေးပေါ်ရင်းနှီးမတည်ငွေ ဒေါ်လာ ၄ ဘီလျံလည်း ထုတ်ပေးမှာဖြစ်ပြီး ဒါဟာ မေနဲ့ဇွန်လအတွက် သီးနှံလိုအပ်ချက်ကို ကာမိမယ်လို့ ဆိုပါတယ်။

ဆင်းရဲသားတွေအတွက် အဓိက ရည်ရွယ်ပြီး တိုက်ရိုက်ငွေသားနဲ့ စားနပ်ရိက္ခာ ရူပီး ၁ ဒသမ ၇ ထရီလီယံဖိုး ထောက်ပံ့သွားမယ်လို့ မတ်လအတွင်းတုန်းက ပြောထားပါတယ်။

ဒါပေမယ့် တချို့နေရာတွေမှာ လုံလောက်တဲ့ ထောက်ပံ့မှုတွေ မရဘူးလို့ မစ္စတာမိုဒီရဲ့ အိန္ဒိယအစိုးရအပေါ် ဝေဖန်ပြစ်တင်မှုတွေလည်း ရှိပါတယ်။