ဆင်းရဲမွဲတေမှုနဲ့ကိုရိုနာဗိုင်းရပ်စ်

ဆလက်စတင်းအာဒီယမ်ဘိုမိသားစုဟာ ရေဝယ်သုံးဖို့ အစားအသောက်ကိုချွေတာကြရ။

ဓာတ်ပုံ ရင်းမြစ်, Mukuru promotion centre, Winnie Ogutu

ဓာတ်ပုံ ပုံစာ, ဆလက်စတင်းအာဒီယမ်ဘိုမိသားစုဟာ ရေဝယ်သုံးဖို့ အစားအသောက်ကိုချွေတာကြရ။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားချိန်မှာ ဥရောပအပါအဝင် ဖွံ့ဖြိုးတဲ့တိုင်းပြည်တွေက ပိတ်ဆို့မှုတွေလုပ်နေကြပေမယ့် သန်းပေါင်းများစွာသော တခြားလူတွေအတွက်တော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO ရဲ့ ညွှန်ကြားချက်ဖြစ်တဲ့ လက်ဆေးပါ၊ လူချင်းခွာနေပါဆိုတာကိုတောင် လိုက်နာဖို့ အခက်အခဲရှိပါတယ်။

ကမ္ဘာ့မြို့ပြလူဦးရေရဲ့ ၃၀ ရာနှုန်းဖြစ်တဲ့ လူပေါင်း သန်းတထောင်လောက်ဟာ ပြွတ်သိပ်ကျပ်ညပ်နေတဲ့ ကျူးကျော်အိမ်တွေလို နေရာတွေမှာနေကြရပါတယ်။ အဲဒီအိမ်တွေအများစုဟာ လေဝင်လေထွက်လည်း မကောင်း၊ ရေပေးဝေရေးစနစ်လည်းမရှိ၊ ရေဆိုးမြောင်း၊ မိလ္လာပိုက်လည်း မရှိကြပါဘူး။ အဲသလိုနေရာမျိုးဟာ ဗိုင်းရပ်စ်တွေ ပြန့်ပွားချင်သလောက်ပြန့်ပွားဖို့ရာ စားကျက်ကောင်းဖြစ်နေမှာပါ။

အသက် ၄၃ နှစ်ရွယ်ရှိတဲ့ ဆလက်စတင်း အာဒီယမ်ဘိုဟာ ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ မူကူးရူး ဆင်းရဲသားရပ်ကွက်မှာ နေပါတယ်။ သူ့ခင်ပွန်းရယ်၊ ကလေး ၆ ယောက်ရယ်ဟာ သူနဲ့ အတူနေကြပါတယ်။ သူတို့အိမ်မှာ အခန်းမရှိပါဘူး။ ရေပေးဝေရေးစနစ် မရှိပါဘူး။ လျှပ်စစ်မီးလည်း မရှိပါဘူး။ ကလေးတွေဟာ အိမ်ထဲမှာ တယောက်နဲ့ တယောက်မတိုးမိအောင် သွားလာဖို့တောင် မလွယ်ဘူးလို့ သူကဆိုပါတယ်။

"တကယ်လို့ကူးစက်ရောဂါဖြစ်လာရင် ရောဂါဖြစ်တဲ့ကလေးကို တခြားကလေးနဲ့ ခွဲထားဖို့ဆိုတာ ကျွန်မတို့အတွက် မဖြစ်နိုင်ပါဘူး။ ကျွန်မတို့မှာ နေရာ မရှိပါဘူး။ အခန်းမရှိပါဘူး။ ရောဂါကူးစက်ခံရသူတွေကို အစိုးရက ဆေးရုံမှာ ခေါ်ထားသင့်ပါတယ်" လို့သူက ဘီဘီစီကို ပြောပါတယ်။

သူ့ခင်ပွန်းကလက်သမားပါ။ တနေ့ကို လုပ်ခက ကင်ညာရှီလင် ၄၀၀ ရပါတယ်။ အမေရိကန်ဒေါ်လာ ၄ ဒေါ်လာနဲ့ညီမျှပါတယ်။ ၄၀၀ ရတဲ့အထဲက ၅၀ ကို ရေပုံး ၁၀ ပုံးဝယ်ဖို့အတွက် သုံးရပါတယ်။

အဲဒီရေကလည်း ပုံမှန်ဝယ်လို့မရတော့ ရေမရှိတဲ့အခါမှာ သူတို့လုပ်နေကျအတိုင်း ချွေတာရေးနည်းနဲ့ ချိုးရပါတယ်။

မူကူးရူးဆင်းရဲသားရပ်ကွက်မှာ အိမ်ချင်းထိထပ်ကျပ်ညပ်နေ။

ဓာတ်ပုံ ရင်းမြစ်, Mukuru promotion centre, Winnie Ogutu

ဓာတ်ပုံ ပုံစာ, မူကူးရူးဆင်းရဲသားရပ်ကွက်မှာ အိမ်ချင်းထိထပ်ကျပ်ညပ်နေ။

မူကူးရူးမှာ လူပေါင်း ၅ သိန်းကျော်နေပါတယ်။ ရပ်ကွက်ထဲက အိမ်အများစုဟာ ကတ်ထူပြားတွေ ဒါမှမဟုတ် ပလပ်စတစ်ပြားတွေနဲ့ ဆောက်လုပ်ထားကြပါတယ်။ သူတို့ရပ်ကွက်ထဲမှာ ချောင်လည်တဲ့သူမှ သွပ်ပြားအသုံးပြုနိုင်ကြတာပါ။ သူတို့ရပ်ကွက်ထဲကို အမှိုက်သိမ်းတဲ့လူ၊ အမှိုက်သိမ်းတဲ့ကား မလာပါဘူး။ အမှိုက်တော်တော်များများဟာ မြစ်ထဲပစ်ချလိုက်တာပါပဲ။

ပြည်တွင်းပရဟိတအဖွဲ့အစည်းဖြစ်တဲ့ မာဆီမူကူးရူးက အဲဒီရပ်ကွက်ထဲမှာ မူလတန်းကျောင်း ၄ ကျောင်း ဖွင့်ထားတော့ ကျောင်းသား ၇၀၀၀ လောက်တက်နေကြပါတယ်။ အဲဒီကျောင်းသားတွေရဲ့ တဝက်လောက်ဟာ ဆပ်ပြာဖိုးမတတ်နိုင်ကြဘူးလို့ ကျောင်းအုပ်ကြီး မေရီကလင်းက ဆိုပါတယ်။

"ကျွန်မသိပ်စိတ်ပူတာပဲ။ ဒီရပ်ကွက်ထဲမှာသာ ဗိုင်းရပ်စ်ရောက်လာရင် သိပ်ကြောက်စရာကောင်းမယ်" လို့ မစ္စအာဒီယမ်ဘိုက ဆိုပါတယ်။

အာဖရိကမှာ ဒီ့ထက်ဆိုးတဲ့ မိသားစုတွေအများကြီးရှိသေးတယ်လို့ ဒေါက်တာပီယဲအမ်ပီလီကဆိုပါတယ်။ သူကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO ရဲ့ကိုယ်စားလှယ်အဖြစ်နဲ့ အလယ်ပိုင်းအာဖရိကနဲ့ အနောက်အာဖရိက နိုင်ငံအများအပြားမှာ အလုပ်လုပ်ခဲ့ဖူးသူပါ။ တချို့ဆိုရင် အခန်းမရှိတဲ့ အိမ်သေးသေးလေးထဲမှာ မိသားစု ၁၂ ယောက်လောက်တောင် ပြွတ်သိပ်နေထိုင်ရတာမျိုးရှိတယ်လို့ သူကဆိုပါတယ်။ ကိုယ့်ဖာသာသီးခြားခွဲနေထိုင်မှု Self-quarantine လုပ်လို့မရတဲ့နေရာတွေ အများကြီးရှိပါတယ်လို့လည်းပြောပါတယ်။

ရေလုံလုံလောက်လောက်ရဖို့ ခက်ခဲတာကလည်း ဆင်းရဲသားရပ်ကွက်ထဲမှာတွင် မဟုတ်ပါဘူး။ ဂျိုဟန်းနစ္စဘတ်လို ချန်နိုင်းလို ကမ္ဘာ့တခြားမြို့ကြီးတွေမှာလည်း ပြီးခဲ့တဲ့နှစ်တုန်းက ရေပြတ်လပ်ရှားပါးမှုကြုံတွေ့ခဲ့ရပါသေးတယ်။

တောင်အာရှနိုင်ငံအများအပြားမိုးခေါင်ရေရှားအခက်ကြုံရာမှာချန်နိုင်းအပါအဝင်ဖြစ်။

ဓာတ်ပုံ ရင်းမြစ်, Getty images

ဓာတ်ပုံ ပုံစာ, တောင်အာရှနိုင်ငံအများအပြားမိုးခေါင်ရေရှားအခက်ကြုံရာမှာချန်နိုင်းအပါအဝင်ဖြစ်။

ရှန်ထိဆာဆင်ဒြာနတ်ဟာ အိန္ဒိယအရှေ့ပိုင်း ချန်နိုင်းမြို့ဆင်ခြေဖုံးမှာ နေထိုင်တဲ့ ကလေး ၂ ယောက်မိခင်ပါ။ "ပြီးခဲ့တဲ့နှစ်လိုသာ ရေပြတ်လပ်ရင်တော့ ကျွန်မတို့လက်တွေကို ရေသန့်သန့်နဲ့ ခဏခဏ ဆေးဖို့ရာ ခက်ပါလိမ့်မယ်" လို့သူက ဘီဘီစီကိုပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ရေပြတ်လပ်ချိန်မှာ သူ့မိသားစုဟာ သူတို့နဲ့ မိုင် ၃၀ ကျော်ဝေးတဲ့နေရာမှာရှိတဲ့ စိုက်ပျိုးရေးလုပ်ငန်းသုံးရေတွင်းတွေကထွက်တဲ့ မသန့်တဲ့ရေကို သုံးပြီး အသက်ဆက်ခဲ့ရပါတယ်။

အနည်းအကျဉ်းသာရှိတဲ့ အများသုံးအိမ်သာကိုပဲ သူတို့သုံးကြရပြီး ရေဘုံဘိုင်ကလည်း နည်းနည်းပဲ ရှိတော့ လူအများဟာ ကျန်းမာရေး အကြံပေးချက်တွေကို မလိုက်နာနိုင်ပါဘူးလို့ သူကဆိုပါတယ်။

မနှစ်ကလိုသာရေရှားပါပြတ်လပ်ရင် လက်ကိုခဏခဏဆေးဖို့အခက်တွေ့နိုင်တယ်လို့ရှန်ထိကဆို။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မနှစ်ကလိုသာရေရှားပါပြတ်လပ်ရင် လက်ကိုခဏခဏဆေးဖို့အခက်တွေ့နိုင်တယ်လို့ရှန်ထိကဆို။

“လော်ကယ်ရထားပေါ်မှာဆိုရင် လူတွေဟာကိုယ့်မျက်နှာနဲ့ လက်မနည်းနည်းပဲကွာတဲ့နေရာကနေ ပါးစပ်တောင် မအုပ်ဘဲ ချောင်းဆိုးနေကြတယ်လေ။ အဲသလို မလုပ်ပါနဲ့လို့ ကျွန်မက သွားပြောရင် တချို့က ဆောရီးပြောပေမယ့် တချို့နဲ့က ရန်ဖြစ်ရမှာပါ။” လို့လည်း သူကဆိုပါတယ်။

မိတ်ဆွေတွေ ဆွေမျိုးတွေကလည်း သူ့တိုက်ခန်းကို နေ့တိုင်း အလည်လာနေကြတော့ လူအများနဲ့ အပြန်အလှန်ထိတွေ့ဆက်ဆံနေရာတာတွေကို ဘယ်လိုလျှော့ချရမှန်းတောင် ဆာဆင်ဒြာနတ် စဥ်းစားလို့ မရသေးပါဘူး။

“ကျွန်မကလေးတွေကိုလည်း အပြင်ကပြန်လာတိုင်း လက်ကိုဖြည်းဖြည်းနဲ့ ကျကျနနဆေးဖို့ ကျွန်မပြောပါတယ်။ ငါးမိနစ်လောက်ပဲ အပြင်ထွက်ရင်တောင် ပြန်လာတဲ့အခါ လက်ဆေးဖို့ ကျွန်မပြောပါတယ်။ကျွန်မတို့မိသားစုကခရီးသိပ်ထွက်လေ့မရှိပါဘူး။” လို့သူကပြောပါတယ်။

ဗြိတိန်နိုင်ငံ ဂလပ်စဂိုတက္ကသိုလ်က ကျန်းမာရေးဝန်ဆောင်မှုဘာသာရပ်ကထိက ဒေါက်တာပေါ်ပီလန်ဘာတန်ကတော့ အစိုးရဘက်ကတိုးမြှင့်ဆောင်ရွက်ဖို့လိုတယ်လို့ဆိုပါတယ်။

“တချို့အစိုးရတွေက ဆင်းရဲကြပါတယ်။ ဒါပေမယ့် သူတို့ပြည်သူပြည်သားတွေလောက်တော့ မဆင်းရဲကြပါဘူး။ အခုလို ကမ္ဘာလုံးဆိုင်ရာကပ်ဘေးကြီးဖြစ်နေချိန်မှာလူတိုင်းဟာသီးခြားခွဲနေနိုင်လောက်တဲ့အနေအထားရှိအောင်ဖန်တီးပေးဖို့လိုပါတယ်။”လို့သူကဆိုပါတယ်။

ဆင်းရဲတဲ့နိုင်ငံတွေကို ဘယ်လိုကူညီမယ်ဆိုတာ လုပ်ငန်းလမ်းညွှန်ချက်နဲ့ချပြဖို့ဒေါက်တာအမ်ပီလီလိုလား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆင်းရဲတဲ့နိုင်ငံတွေကို ဘယ်လိုကူညီမယ်ဆိုတာ လုပ်ငန်းလမ်းညွှန်ချက်နဲ့ချပြဖို့ဒေါက်တာအမ်ပီလီလိုလား

ကမ္ဘာလုံးဆိုင်ရာကပ်ဘေးကြီးကို ရင်ဆိုင်ဖြေရှင်းနိုင်အောင် အစိုးရတွေကို ကူညီသွားမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် ကပြောပေမယ့် ဒေါက်တာအမ်ပီလီကတော့ ဖွံ့ဖြိုးမှုနိမ့်နိုင်ငံတွေမှာ ဘယ်လိုကူညီမယ်ဆိုတဲ့ လုပ်ငန်းလမ်းညွှန်နဲ့တကွလာတာမျိုးဖြစ်စေချင်တယ်လို့ဆိုပါတယ်။

ကပ်ဘေးကြီးက အာဖရိကကိုဝါးမြိုမသွားခင်မှာ သက်ဆိုင်ရာလူ့အဖွဲ့အစည်းတွေရဲ့အကြီးအကဲတွေနဲ့ များများတွေ့ဆုံဆွေးနွေးဖို့ကိုလည်း သူကတိုက်တွန်းနေပါတယ်။

“တိမ်မည်းကြီးဖုံးနေပေမယ့် ငွေရောင်အနားကွပ်လေးရှိနေသေးတယ်လို့ ပြောနိုင်တာက အာဖရိကမှာခုထိ ဗိုင်းရပ်စ်မြန်မြန်မပြန့်ပွားသေးတဲ့အချက်ပါ။အာဖရိကမှာ တွေ့ရတဲ့ကူးစက်မှုတော်တော်များများက တရုတ်နဲ့ ဥရောပကပြန်လာတဲ့လူတွေဆီက လာတာပါ။ အာဖရိကမှာ ဘာလို့မြန်မြန်ဆန်ဆန် မပြန့်ပွားသလဲဆိုတာတော့ကျွန်တော်တို့လည်း မသိပါဘူး။” လို့သူကဆိုပါတယ်။

အာဖရိကမှာပြည်တွင်းကူးစက်မှုကနည်းနေဆဲဖြစ်တဲ့အတွက်ထိန်းချုပ်ရေးဟာ အကောင်းဆုံးနည်းဗျူဟာပါပဲလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO ကပြောပါတယ်။

မူကူးရူးမှာတော့လောလောလတ်လတ်သီတင်းပတ်ကာလအတွင်းမှာ ဘာမှမဖြစ်သေးပါဘူး။

မစ္စအာဒီယမ်ဘိုကတော့သူ့မှာအကာအကွယ်ကင်းမဲ့နေသလိုခံစားရတော့ သူတတ်နိုင်တာကိုပဲသူလုပ်တော့တယ်လို့ဆိုပါတယ်။

“ကျွန်မနဲ့ကျွန်မတို့အိမ်နီးချင်းတွေကို ဗိုင်းရပ်စ်အန္တရာယ်ကနေ ဘုရားသခင်ကကယ်တင်ပေးဖို့ပဲ ဆုတောင်းနေပါတယ်ရှင်။”