ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ ဗြိတိန် ဝန်ကြီးချုပ်နဲ့ ကျန်းမာရေးဝန်ကြီးတို့ အိမ်ကနေ အလုပ်လုပ်နေရပြီ
ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိရကြောင်း ဗြိတိန် အစိုးရ က ပြောပါတယ်။
အမျိုးသား ကျန်းမာရေး ဝန်ဆောင်မှု ဌာန NHS က ၀န်ထမ်းတွေက ဝန်ကြီးချုပ် နေအိမ်မှာ လာရောက် စစ်ဆေးပေးခဲ့ပြီးနောက် အခုအခါ သူဟာ ဒေါင်းနင်းလမ်း နေအိမ်မှာ သီးခြား ခွဲနေထိုင်ကာ သူ့ဆီမှာ ဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ လက္ခဏာ အနည်းငယ်သာ တွေ့ရတယ်လို့ ဆိုပါတယ်။
အင်္ဂလန် ကျန်းမာရေး ဆိုင်ရာ ထိပ်တန်း အရာရှိ ပါမောက္ခ ခရစ်စ် ဝစ်တီ ရဲ့ အကြံပေးချက် အရ စစ်ဆေးကြည့်တဲ့ အခါ သူ့မှာ ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေး တွေ့ရှိတာ ဖြစ်ပြီး အခုတော့ သူဟာ အစိုးရ အဖွဲ့နဲ့ အတူ လက်ရှိ ဖြစ်ပေါ် နေတဲ့ အရေးကိစ္စတွေကို ကိုင်တွယ် ဖြေရှင်း ပေးလျက် ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လွန်ခဲ့တဲ့ ၂၄ နာရီ အတွင်း ရောဂါ လက္ခဏာ အနည်းငယ်ပြလို့ စမ်းသပ် စစ်ဆေး ကြည့်တဲ့ အခါ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံထားရတယ် ဆိုတာ သိခဲ့ရပါတယ် ၊ အခုတော့ တယောက်တည်း သီးခြား ခွဲနေထိုင်လျက် ရှိပေမယ့် ဗီဒီယို ကွန်ဖရန့် ကတဆင့် အစိုးရ အဖွဲ့ကို ဦးဆောင်ကာ ဗိုင်းရပ်စ် တိုက်ဖျက်ရေး လုပ်ဆောင်လျက် ရှိတယ်လို့ မစ္စတာ ဂျွန်ဆင်က သူ့ရဲ့ တွတ်တာ စာမျက်နှာကနေ သတင်းစကား ပါးထားပါတယ်။
ကျွန်တော်တို့ အတူတကွ ပူးပေါင်း လုပ်ဆောင်ကြရင် အောင်မြင်မှာပါလို့ သူက ဆိုပါတယ်။
ကိုယ်အပူချိန် ပုံမှန်ထက်မြင့်ကာ ဆက်တိုက် ချောင်းဆိုး တာဘဲ ရှိတယ်လို့ မစ္စတာ ဂျွန်ဆင်က တွတ်တာ လူမှုကွန်ယက် ပေါ်ကနေ ပြောကြား ထားပါတယ်။
မတ်လ ၂၆ရက်နေ့ ညတုန်းကတော့ NHS ၀န်ထမ်းတွေကို ကျေးဇူးတင်တဲ့ အနေနဲ့ မစ္စတာ ဂျွန်ဆင်ဟာ သူနေထိုင်ရာ အမှတ် ၁၀ ဝန်ကြီးချုပ် နေအိမ်အပြင်ထွက်ကာ လက်ခုပ်တီး ဂုဏ်ပြုခဲ့ကို တွေ့ခဲ့ရပါတယ်။
အလားတူ ကျန်းမာရေး ဝန်ကြီး မက်ထ် ဟန်းကော့ခ် ကလည်း ကိုရိုနာ ဗိုင်းရပ်စ် လက္ခဏာ အနည်းငယ် ပြလာတာကြောင့် ပြီးခဲ့တဲ့ရက် အနည်းငယ် ကတည်းက စလို့ လာမယ့် ကြာသပတေး နေ့အထိ အိမ်ကနေ အလုပ်လုပ် နေပါတယ်လို့ မတ်လ ၂၇ ရက် သောကြာနေ့မှာ သူက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဗြိတိသျှ ဝန်ကြီးချုပ် ရဲ့ ဘရစ်ဇစ် ညှိနှိုင်းရေးမှူး ဒေးဗစ် ဖရော့စ် လည်း ရုံးတက်တာ မတွေ့ရဘဲ ဗိုင်းရပ်စ် ကူးစက်ခံထားရပြီလား ဆိုတဲ့ သံသယတွေ ရှိနေပါတယ်။
ဝန်ကြီးချုပ်နဲ့ အတူ လတ်တလော တွေ့ရတဲ့ ဝန်ကြီးချုပ်ရဲ့ ထိပ်တန်း အကြံပေး ဒေါမနစ် ကမ်နင်း နဲ့ ဘဏ္ဍာရေး ဝန်ကြီး ရီရှီ ဆွန်နွတ်ခ် တို့မှာလည်း ရောဂါ လက္ခဏာတွေ့ရပြီး သူတို့ကတော့ စမ်းသပ် စစ်ဆေးမှု မလုပ်ရသေးဘူးလို့ သိရပါတယ်။
ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင် နဲ့ မတ်လ ၁၁ ရက်နေ့တုန်းက နောက်ဆုံး တွေ့ခဲ့တဲ့ အသက် ၉၃နှစ် အရွယ်ရှိ ဗြိတိသျှ ဘုရင်မကြီးဟာ ကျန်းမာရေး ကောင်းမွန်လျက် ရှိပါတယ်လို့ ဘာကင်ဟမ် နန်းတော် ပြောခွင့်ရသူက အတည်ပြုပြောကြားခဲ့ပါတယ်။
ဝန်ကြီးချုပ်နဲ့ ဘုရင်မကြီး တို့ဟာ အပတ်စဉ် တွေ့လေ့ရှိပေမယ့် အခု နောက်ဆုံး သီတင်းပတ် တုန်းကတော့ ဖုန်းပေါ်ကနေဘဲ စကားပြော ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
ယူကေမှာ အခုအခါ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၁၁၆၀၀ ကျော် ရှိပြီး သေဆုံးသူ ၅၇၈ ယောက် ရှိပါတယ်။
အခု သီတင်းပတ် အစောပိုင်းတုန်းကလည်း ဗြိတိသျှ အိမ်ရှေ့စံ ချားလ်စ် မင်းသား ဟာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံထားရတယ်လို့ နန်းတော်က ထုတ်ပြန် ထားပါတယ်။
အသက် ၇၁ နှစ် ရှိပြီ ဖြစ်တဲ့ ဝေလမင်းသား ချားလ်စ် ဆီမှာ ရောဂါ လက္ခဏာ အနည်းငယ် တွေ့ရတာကလွဲလို့ ကျန်းမာရေးကောင်းမွန်လျက် ရှိတယ်လို့ နန်းတွင်း အရေး ဆိုင်ရာ ပြောခွင့်ရသူက ပြောပါတယ်။