ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုရိုနာဗိုင်းရပ်စ် - ကိုဗစ်-၁၉ ကူးစက်မှုတွေ ဘယ်တော့ ရပ်မယ်လို့ ပညာရှင်တွေ သုံးသပ်ထားလဲ
- ရေးသားသူ, ဂျိမ်းစ် ဂါလဂါ
- ရာထူးတာဝန်, ဘီဘီစီ ကျန်းမာရေးနဲ့ သိပ္ပံ သတင်းထောက်
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှာ စိုးလို့ အသွားအလာတွေ ကန့်သတ်တာ၊ စာသင်ကျောင်းတွေ ပိတ်တာ၊ ခရီးသွားလာမှု ကန့်သတ်တာ၊ လူစုလူဝေးလုပ်တာတွေကို အကြီးအကျယ် ကန့်သတ်ရတဲ့ အတွက် ပုံမှန်အားဖြင့် လူတွေ ပျားပန်းခတ်သွားလာစည်ကားနေပြီး နေ့စဉ်လှုပ်ရှား သက်ဝင်နေကြတဲ့ နေရာတွေဟာ အခုတော့ လူသူကင်းမဲ့နေပါတယ်။
ရောဂါတစ်ခုကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အခုလို တုံ့ပြန်ကိုင်တွယ်တာ အရင်က တစ်ခါမှ မကြုံခဲ့ဖူးတဲ့ အဖြစ်ပါ။ ဒါပေမဲ့ ဒီအခြေအနေ ဘယ်တော့ ပြီးဆုံးမှာလဲ၊ လူတွေရဲ့ ဘဝတွေ ပုံမှန် ဘယ်တော့ ပြန်ရောက်မလဲ ဆိုတာက မေးစရာ ဖြစ်နေပါတယ်။
ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကတော့ ယူကေနိုင်ငံအနေနဲ့ လာမယ့် သီတင်း ၁၂ ပတ် အတွင်းမှာ ဆိုးရွားတဲ့ အခြေအနေကနေ ကျော်လွှားနိုင်မယ်၊ ကိုရိုနာ ဗိုင်းရပ်စ်ကို တိုင်းပြည်ကနေ မောင်းထုတ်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်းပြောပါတယ်။
ဒါပေမဲ့ လာမယ့် သုံးလအတွင်းမှာ ရောဂါကူးစက်သူ အရေအတွက် စတင်ကျဆင်းလာရင်တောင် ဒီကပ်ရောဂါဘေးကြီး အဆုံးသတ်ပြီလို့ ပြောနိုင်ဖို့ အလှမ်းဝေးနေဦးမှာပါ။
ဒါက နှစ်နဲ့ချီပြီးတောင် အချိန်ကြာနိုင်ပါတယ်။
လူ့ဘောင်အသိုင်းအဝိုင်းထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ကန့်သတ် တားဆီးတာတွေလုပ်နေတဲ့ လက်ရှိ နည်းဗျူဟာအတိုင်း ရေရှည် လုပ်နိုင်ပါ့မလားဆိုတာကလည်း မသေချာလှပါဘူး။
ဒီလိုလုပ်တဲ့ အတွက် လူမှုရေး၊ စီးပွားရေး ထိခိုက်မှုတွေက ကြီးမားပါလိမ့်မယ်။
ဘာလုပ်ဖို့ လိုအပ်သလဲ
လောလောဆယ်မှာ ကမ္ဘာ့နိုင်ငံတွေ လိုအပ်နေတာက ထွက်ပေါက်တစ်ခု၊ လက်ရှိကန့်သတ်မှုတွေကို ဖယ်ရှားနိုင်မယ့် နည်းလမ်း တစ်ခု ရှာဖို့ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီအခြေအနေကနေ ဘယ်လို ထွက်ပေါက်ရှာရမလဲ ဆိုတာက အကြီးမားဆုံး ပြဿနာကြီးပါလို့ အီဒင်ဘာရာတက္ကသိုလ်က ကူးစက်ရောဂါပျံ့နှံ့ခြင်းနဲ့ ကာကွယ်ရေးဆိုင်ရာ ပါမောက္ခ ဒေါက်တာ မာ့ခ် ဝူးလ်ဟောက်စ်က ပြောပါတယ်။
ဒါက ယူကေတစ်နိုင်ငံတည်းမှာတင် မဟုတ်ဘဲ ဘယ်နိုင်ငံမှာမှ နည်းလမ်းရှာ မရသေးတာလို့ သူက ပြောပါတယ်။
တကယ့်ကို သိပ္ပံပညာအတွက်ရော လူ့အဖွဲ့အစည်းအတွက်ပါ ကြီးမားတဲ့ စိန်ခေါ်မှုကြီးဖြစ်ပါတယ်။
နည်းလမ်းသုံးခု
ဒီပြဿနာကနေ ရုန်းထွက်နိုင်ဖို့ အဓိက နည်းလမ်းသုံးခုရှိပါတယ်။ အဲဒါတွေက
၁။ ကာကွယ်ဆေး
၂။ လူထုကြားမှာ ရောဂါပိုးကိုတိုက်ထုတ်နိုင်တဲ့ ကိုယ်ခံအားတွေ လုံလောက်အောင်တိုးလာမှု
၃။ လူတွေရဲ့ပြုမူနေထိုင်ပုံ၊ ပေါင်းသင်းဆက်ဆံရေးပုံစံတွေ အပြီးတိုင်ပြောင်းလဲမှု
စတာတွေဖြစ်ပါတယ်။
ကာကွယ်ဆေးရနိင်ဖို့ ဘယ်လောက်ကြာမလဲ
ကာကွယ်ဆေးရဖို့ ဆိုတဲ့နေရာမှာ အနည်းဆုံး အချိန်ကာလ တစ်နှစ်နဲ့ တစ်နှစ်ခွဲ ကြာနိုင်ပါတယ်။ ကာကွယ်ဆေးက လူတစ်ယောက်ကို ဗိုင်းရပ်စ်ကို ခုခံနိုင်အား ပေးလိုက်တာဖြစ်လို့ ကာကွယ်ဆေး ထိုးထားသူကို တကယ်တမ်း ဗိုင်းရပ်စ် ကူးစက်လာရင် သူ ဖျားနာ နေထိုင်မကောင်းတာ ဖြစ်မလာတော့ပါဘူး။
လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းကို ကိုယ်ခံအားရှိအောင် လုပ်ပေးလိုက်ပြီ ဆိုရင် လုံလောက်ပြီဖြစ်ပြီး လူထုကြားမှာ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေ မဖြစ်နိုင်တော့ပါဘူး။ ဒီသဘောတရားက လူအုပ်စုလိုက်ကို ခုခံပေးခြင်း ဖြစ်ပါတယ်။
အမေရိကန်မှာတော့ ကာကွယ်ဆေးကို တိရစ္ဆာန်တွေမှာ အရင်ဆုံး စမ်းသပ်ရတဲ့ ပုံမှန် စည်းကမ်းတွေကို မလိုက်နာလည်းရတယ် ဆိုတဲ့ ကင်းလွတ်ခွင့်ပေးပြီးနောက် ဒီတစ်ပတ်ထဲမှာပဲ သုတေသီတွေက လူတစ်ယောက်ကို ပထမဆုံး စမ်းသပ် ကာကွယ်ဆေးပေးခဲ့ပါတယ်။
ကာကွယ်ဆေးဖော်ဖို့ သုတေသန လုပ်ငန်းကိုလည်း မကြုံစဖူး အမြန်နှုန်းနဲ့ ကြိုးပမ်း လုပ်နေကြပါတယ်။ ဒါပေမဲ့ အောင်မြင်နိုင်မလား၊ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ လိုအပ်မလား ဆိုတာတွေအတွက်တော့ အသေအချာ အာမ မခံနိုင်ပါဘူး။
ပါမောက္ခ ဝူးလ်ဟောက်စ် ကတော့ ကာကွယ်ဆေးပေါ်လာတာ စောင့်ဖို့ ဆိုတာက ရောဂါကူးစက်မှု အဆုံးသတ်စေရေးနည်းလမ်းတစ်ခု အဖြစ် သဘောမထားဖို့ ပြောပါတယ်။
သဘာဝအတိုင်း ခုခံအားတက်ဖို့ ဘယ်လောက်ကြာနိုင်လဲ
သဘာဝအတိုင်း လူတွေမှာ ကိုယ်ခံစွမ်းအားတွေ တက်လာစေဖို့ ဆိုရင် အနည်းဆုံး နှစ်နှစ်လောက် ကြာနိုင်ပါတယ်။
ဆေးရုံကို ဗိုင်းရပ်စ်ကူးစက်သူတွေ အများကြီးလာကြရင် မနိုင်မနင်း ဖြစ်ကုန်ကြမှာကို အတတ်နိုင်ဆုံး ကာကွယ်တဲ့ အနေနဲ့ ကူးစက်သူတွေ အတတ်နိုင်ဆုံး ဆေးရုံကို မလာအောင် လုပ်ဖို့က ယူကေရဲ့ ရေတို နည်းဗျူဟာ ဖြစ်ပါတယ်။ ဆေးရုံကို ဗိုင်းရပ်စ်ကူးစက်သူတွေ အများကြီးလာကြရင် အထူးကြပ်မတ်ဆောင်တွေမှာ ကုသခံရမယ့် လူနာတွေအတွက် ကုတင်မလုံမလောက်ဖြစ်လာတဲ့အခါ သေဆုံးသူ အရေအတွက် ထိုးတက် သွားနိုင်ပါတယ်။
ရောဂါကူးစက်မှုတွေကို ထိန်းချုပ်နိုင်ပြီဆိုတာနဲ့ တစ်ပြိုင်နက် နောက်ထပ် ကူးစက်မှုတွေ ထပ်ရှိမလာခင် နောက်တစ်ကျော့ ကန့်သတ်မှုတွေ လုပ်ဖို့ မလိုအပ်သေးတဲ့ အချိန်အထိ လက်ရှိအကြံပြုထားချက် တချို့ကို ခဏ ပယ်ဖျက်ပေးနိုင်ပါတယ်။
ဒါပေမဲ့လည်း ဘယ်အချိန် လူတွေမှာ ကိုယ်ခံအားတွေ တက်လာမယ် ဆိုတာကတော့ မသေချာပါဘူး။
ယူကေရဲ့ သိပ္ပံ အကြံပေးဆိုင်ရာ အကြီးအကဲ ဆာ ပက်ထရစ် ဗဲလင့်စ်ကတော့ ဘယ်အချိန်ဆိုတာ အတိအကျ ပြောဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။
လူတွေကြားထဲ ဗိုင်းရပ်စ် နည်းနည်းစီ ကူးစေပြီး လူအုပ်စုလိုက်ကို ခံနိုင်အားတွေ တက်လာအောင် တမင် လုပ်တယ် ဆိုရင် လူတွေကြားမှာ ကူးစက်မှုက ပိုပိုများလာမှာပါ။
ဒါပေမဲ့ ဒီနည်းနဲ့ ခံနိုင်အားတွေတက်လာဖို့ဆိုတာ နှစ်နဲ့ချီကြာနိုင်တယ်လို့ လန်ဒန် အင်ပီးရီးယဲလ် ကောလိပ်က ပါမောက္ခ နီးလ် ဖာဂူဆန်က ပြောပါတယ်။
ဒီတော့ ဒီလိုပဲ တဖြည်းဖြည်းနဲ့ နှစ်နှစ်ကျော်လောက် ကြာလာတဲ့ အခါမှာ နိုင်ငံရဲ့ လူဦးရေ တစ်စိတ်တစ်ပိုင်းမှာ အတိုင်းအတာ တစ်ခုအထိ ရောဂါပိုးကို ခုခံကာကွယ်နိုင်စွမ်းရှိတဲ့ အနေအထား ရောက်သွားနိုင်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အဲဒီခုခံနိုင်စွမ်းကလည်း ဘယ်လောက် အထိခံမလဲ ဆိုတာက မေးခွန်းထုတ်စရာဖြစ်ပါတယ်။
ဘာလို့လည်းဆိုတော့ အများအားဖြင့် အအေးမိတဲ့ ရောဂါလက္ခဏာတွေ ရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်တွေကို လူတွေက ခံနိုင်ရည်နည်းကြပြီး တခြား ကိုရိုနာဗိုင်းရပ်စ်တွေနဲ့ ထိတွေ့မိတဲ့အခါမှာလည်း မကြာခဏ ရောဂါတွေ ပြန်ဖြစ်လေ့ရှိတဲ့အတွက် ဖြစ်ပါတယ်။
တခြားနည်းလမ်း ရှိမရှိဆိုတာ မရှင်းလင်း
တတိယနည်းလမ်းကတော့ ရောဂါကူးစက်ပျံ့နှံ့မှု နည်းအောင် လူတွေရဲ့ ပြုမူနေထိုင်ပုံတွေကို ထာဝရ ပြောင်းလဲပစ်ဖို့ပဲ ဖြစ်တယ်လို့ ပါမောက္ခ ဝူးလ်ဟောက်စ်က ပြောပါတယ်။
အဲဒါတွေထဲမှာ လက်ရှိအရေးယူဆောင်ရွက်မှုတွေကို ဆက်လက်ထားရှိဖို့လည်း ပါဝင်နိုင်ပါတယ်။
ဒါမှမဟုတ် ဘယ်လို ရောဂါကူးစက်မှုမျိုးကို လျှော့ချရေးမှာမဆို အရေးအကြီးဆုံး ဖြစ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ အပြင်းအထန်လုပ်ပြီး ရောဂါဖြစ်သူ လူနာတွေနဲ့ တခြားလူတွေ သီးခြားခွဲနေတာလည်း ဖြစ်နိုင်ပါတယ်။
ပါမောက္ခ ဝူးလ်ဟောက်စ် ကတော့ ရောဂါကူးစက်မှုကို စောစော စမ်းသပ်စစ်ဆေးပြီး အဲဒီကူးစက်သူနဲ့ ထိတွေ့ဆက်ဆံမိခဲ့သူကို လိုက်ရှာတဲ့နည်းလမ်းကို ပထမ စမ်းသပ်ကြည့်ခဲ့ပေမယ့် အလုပ်မဖြစ်ဘူးလို့ ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါပိုးကို အောင်မြင်အောင် ကုသနိုင်တဲ့ ဆေးဝါးထုတ်လုပ်မှုကလည်း အခြား ရောဂါထိန်းချုပ်ရေးမဟာဗျူဟာတွေကိုပါ အထောက်အကူပြုနိုင်ပါလိမ့်မယ်။