ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆယ်နှစ်ကျော်က Contagion ရုပ်ရှင်ကား ပြန်ခေတ်စားလာနေ

ကိုရိုနာဗိုင်းရပ်စ်၊ Contagion၊ ရုပ်ရှင်

ဓာတ်ပုံ ရင်းမြစ်, Warner Bros

ဓာတ်ပုံ ပုံစာ, Contagion ရုပ်ရှင်ဟာ ၂၀၁၁ ခုနှစ်တုန်းက လူကြိုက်အများဆုံးစာရင်းမှာ အဆင့် ၆၁ နေရာမှာသာ ရှိခဲ့ပေမဲ့ အခု ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ကျော့ပြန် ခေတ်စားနေ

၂၀၁၁ ခုနှစ်က ရုံတင်ခဲ့တဲ့ Contagion ရုပ်ရှင်ကားဟာ အဲဒီအချိန်က လူကြိုက်အများဆုံးရုပ်ရှင်ကားတွေထဲမှာ မပါခဲ့ပါဘူး။ မက် ဒေမန်၊ ဂျုဒ် လော၊ ဂွင်းနစ်သ် ပါလ်ထရိုး၊ ကိတ် ဝင်းဆလက်နဲ့ မိုက်ကယ် ဒေါက်ဂလပ်စ် တို့လို နာမည်ကြီး မင်းသားမင်းသမီးတွေ ပါဝင် သရုပ်ဆောင်ထားပေမဲ့ အဲဒီနှစ်က ဝင်ငွေအကောင်းဆုံးရုပ်ရှင်စာရင်းမှာ နံပတ် ၆၁ ပဲ ချိတ်ခဲ့ပါတယ်။

ဒါပေမဲ့ အခုတော့ အဲဒီ Contagion ရုပ်ရှင်နာမည်ကို ဂူဂဲလ်မှာ လိုက်ရှာသူတွေ တစ်ဟုန်ထိုး တိုးလာနေပြီး အမေရိကန်နိုင်ငံမှာ အက်ပဲလ်ရဲ့ အိုင်ကျူးန်စတိုးကနေ ဒေါင်းလုဒ် အများဆုံး လုပ်တဲ့ ရုပ်ရှင်စာရင်းထဲမှာ ပါနေတာကို အံ့သြစရာ တွေ့ရပါတယ်။

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ စဖြစ်နေပြီ ဆိုတဲ့ သတင်း ထွက်လာတဲ့ ဒီဇင်ဘာလတုန်းက ဒီရုပ်ရှင်ဟာ လူကြိုက်အများဆုံး စာရင်းထဲမှာ အဆင့် ၂၇၀ မှာပဲ ရှိခဲ့တယ်လို့ အဲဒီ Contagion ရုပ်ရှင် ထုတ်လုပ်ခဲ့တဲ့ ဝါနာ ဘရာသားစ် ကုမ္ပဏီက ပြောပါတယ်။

အခု ၃ လအကြာမှာတော့ ဒီ Contagion ရုပ်ရှင်ဟာ နံပတ် ၈ နေရာကို ရောက်လာခဲ့ပါတယ်။

ဒါဟာ ရုပ်ရှင်ကားထဲမှာပါတဲ့ ကူးစက်ရောဂါနဲ့ အခုလက်ရှိ ကူးစက်ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဆင်တူနေတဲ့အတွက်ကြောင့်လို့ ဆိုရမှာပါ။

တစ်ကယ့်ဘဝလို ပုံဖော်နိုင်တဲ့ အနုပညာ

ကိုရိုနာဗိုင်းရပ်စ်၊ Contagion၊ ရုပ်ရှင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အဲဒီ ရုပ်ရှင်ကားထဲမှာ ကူးစက်ရောဂါသည် အဖြစ် ဂွင်းနက်သ် ပါလ်ထရိုး သရုပ်ဆောင်ထား

အဲဒီ ရုပ်ရှင်ထဲမှာ အမေရိကန်ရုပ်ရှင်မင်းသမီး ဂွင်းနက်သ် ပါလ်ထရိုးက စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးအဖြစ် သရုပ်ဆောင်ထားပြီး တရုတ်နိုင်ငံကို သွားတုန်းမှာ ထူးဆန်းတဲ့ ဗိုင်းရပ်စ်ရောဂါတစ်မျိုးကြောင့် သေဆုံးသွားခဲ့တာပါ။

အဲဒီ Contagion ရုပ်ရှင် ဇာတ်အိမ်ထဲက အဖြစ်အပျက်တွေဟာ အခု လက်ရှိဖြစ်နေတဲ့ အဖြစ်အပျက်တွေနဲ့ အတော်များများ တိုက်ဆိုင်နေပြီး တရုတ်နိုင်ငံနဲ့ ဆက်နွယ်နေတာကြောင့်လည်း လူတွေအကြား စိတ်ဝင်တစား အကြည့်များလာကြတာပါ။

ဒါ့အပြင် ဒီရုပ်ရှင်ကို လူတွေ စိတ်ဝင်စားလာစေတဲ့ နောက်အချက်တစ်ချက်က ဂွင်းနက်သက် ပါလ်ထရိုးက ဖေဖော်ဝါရီလ ၂၆ ရက်နေ့က လေယာဉ်ခရီးစဉ်တစ်ခုမှာ သူနှာခေါင်းစည်း ဝတ်ထားတဲ့ပုံကို လူမှုကွန်ရက်မှာ တင်လိုက်တဲ့အတွက်ကြောင့်လည်း ဖြစ်ပါတယ်။

"ပဲရစ်ကို အသွား၊ လမ်းမှာပါ၊ အကြောက်လွန်တယ်ပဲ ပြောပြော၊ သတိထားတယ်ပဲ ဆိုဆို၊ အလန့်တကြားဖြစ်တယ်၊ ဝါဒဖြန့်တယ်ပဲ ခေါ်ခေါ်။ ကျွန်မ ပါလ်ထရိုး ကတော့ လေယာဉ်ပေါ်မှာ နှာခေါင်းစည်း ဝတ်အိပ်ပြီး ခရီးသွားနေပါပြီရှင့်" လို့ သူ့ရဲ့ အင်စတာဂရမ်မှာ ရေးထားပါတယ်။

"ဒီရုပ်ရှင်ထဲမှာ ကျွန်မကိုယ်တိုင် ပါခဲ့ဖူးပါတယ်။ အန္တရာယ်ကင်းအောင် နေကြပါ။ လက်ဆွဲ မနှုတ်ဆက်ကြပါနဲ့။ လက်ခဏခဏ ဆေးကြပါ" လို့ လူမှုကွန်ရက် ပလက်ဖောင်းတွေမှာ အားပေးသူ ၆ သန်းကျော် ရှိတဲ့ ဂွင်းနက်သ် ပါလ်ထရိုးက အဲဒီပို့စ်မှာ ရေးထားပါတယ်။

Skip Instagram post
Instagram ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

ယခုဆောင်းပါးတွင် Instagram မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် Instagram ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

သတိပေးချက်- ဘီဘီစီပြင်ပ ဝက်ဆိုက်များမှ ဖော်ပြချက်များတွင် ကြော်ငြာများပါနိုင်ပါသည်။

End of Instagram post

တိုက်ဆိုင် ဆင်တူမှုတွေ

Contagion ရုပ်ရှင်ကားထဲမှာ ပါတဲ့ ဇာတ်အိမ်ဇာတ်ကွက်တွေက အခုလက်ရှိ ဖြစ်နေတဲ့ အဖြစ်အပျက်တွေနဲ့ တိုက်ဆိုင် ဆင်တူနေတာက အတော်လေးကို အံ့သြစရာပါ။

အဲဒီရုပ်ရှင်ထဲမှာ လင်းနို့မှာ ရှိတဲ့ မက်ဗ်-၁ (MEV-1) ဆိုတဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတဲ့ ဝက်ကို ခုတ်ထစ် ချက်ပြုတ်ခဲ့သူ ဟောင်ကောင် စားဖိုမှူး တစ်ဦးကို မင်းသမီး ဂွင်းနက်သ် ပါလ်ထရိုး သရုပ်ဆောင်ထားတဲ့ ဇာတ်ရုပ်က လက်ဆွဲ နှုတ်ဆက်ခဲ့ရာကနေ ရောဂါကူးစက်ခဲ့တာ ဆိုပြီး ဇာတ်အိမ်ဖွဲ့ထားတာပါ။

အဲဒီနောက် လေယာဉ်နဲ့ အိမ်ပြန်လာခဲ့ရာမှာ အကြီးအကျယ် နာမကျန်းဖြစ်ပြီး ရုတ်ချည်း သေဆုံးသွားခဲ့ပါတယ်။ သိပ်မကြာခင် သူ့ရဲ့ သားလည်း သေဆုံးသွားခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ခင်ပွန်း (မက် ဒေမွန်) ကတော့ ကိုယ်ခံအားကောင်းပြီး ရောဂါမကူးစက်ခဲ့ပါဘူး။

ကိုရိုနာဗိုင်းရပ်စ်၊ Contagion၊ ရုပ်ရှင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, Contagion ရုပ်ရှင်ထဲမှာလိုပဲ ကိုဗစ်-၁၉ ရောဂါဟာ တိရစ္ဆာန်ကနေတဆင့် လူကို ကူးစက်ခဲ့တာလို့ ဆေးပညာရှင်တွေက ယူဆနေကြ

တကယ့် လက်တွေ့ဘဝမှာလည်း တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက စဖြစ်ပွားခဲ့တဲ့ကိုဗစ်-၁၉ ရောဂါဟာ တိရစ္ဆာန်ကနေ လူကို ကူးစက် ဖြစ်ပွားခဲ့တာလို့ ဆေးပညာရှင်တွေက ယူဆနေကြပါတယ်။

၂၀၀၂-၂၀၀၃ ခုနှစ်တွေတုန်းက ဖြစ်ပွားခဲ့တဲ့ ဆားစ် ကပ်ရောဂါလိုပဲ ကိုရိုနာဗိုင်းရပ်စ်ဟာ လင်းနို့တွေကနေ စတင် ကူးစက်ခဲ့ပြီး နောက်တိရစ္ဆာန်မျိုးစိတ်တွေကနေ တဆင့် လူကို ကူးစက်ခဲ့တာလို့ ယူဆထားကြတာပါ။

Contagion ရုပ်ရှင်ထဲမှာ လင်းနို့ကနေ ဝက်ကို ဗိုင်းရပ်စ်ပိုး ကူးစက်ခဲ့တာလို့ ဆိုထားပါတယ်။ ဒါက အများလက်ခံတဲ့ အချက်မဟုတ်ပေမဲ့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ တရုတ်နိုင်ငံ မြို့တစ်မြို့က သားသတ်စျေးရုံတစ်ခုကနေ ကိုရိုနာဗိုင်းရပ်စ်ရောဂါ အစပြု ဖြစ်ပွားခဲ့တာလို့ ထုတ်ဖော် ပြောထားပါတယ်။

တကယ့်အဖြစ်အပျက်ကို အခြေခံ ရိုက်ကူးထား

စိတ်ကူးယဉ်ဇာတ်လမ်းထဲမှာရော တကယ့်ဘဝမှာပါ အဲဒီဗိုင်းရပ်စ်ပိုးက အသက်ရှုလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေ ဖြစ်စေတာပါ။ ဒါပေမဲ့ ရုပ်ရှင်ထဲက မက်ဗ်-၁ ရောဂါ ဟာ ကိုဗစ်-၁၉ ရောဂါ အုပ်စုထဲက မဟုတ်တဲ့ နီးပါ လို့ ခေါ်တဲ့ တကယ့်ဗိုင်းရပ်စ်ပိုးတခုကို အခြေခံပြီး ဇာတ်လမ်းဆင်ထားတာပါ။

ကိုရိုနာဗိုင်းရပ်စ်၊ Contagion၊ ရုပ်ရှင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, Contagion ရုပ်ရှင်ထဲက မက်ဗ်-၁ ဗိုင်းရပ်စ်ရော တကယ့်အပြင်က ကိုဗစ်-19 ဗိုင်းရပ်စ်ပါ လင်းနို့နဲ့ ဆက်နွယ်နေ

ခုလက်ရှိ ဖြစ်နေတဲ့ ဗိုင်းရပ်ရောဂါဟာ ရုပ်ရှင်ထဲကလောက်တော့ အသေအပျောက် မများသေးပါဘူး။ Contagion ရုပ်ရှင်ထဲမှာ သေဆုံးသူ ၂၅ ရာခိုင်နှုန်း ရှိခဲ့ပေမဲ့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဖော်ပြချက်အရ ကိုဗစ်-19 ဗိုင်းရပ်စ်ကြောင့် လောလောဆယ် သေဆုံးသူ ၃ ဒဿမ ၄ ရာခိုင်နှုန်းပဲ ရှိတယ်လို့ သိရပါတယ်။

ရုပ်ရှင်ထဲမှာ မက်ဗ်-1 ရောဂါကြောင့် တစ်လအတွင်း ကမ္ဘာတဝန်း လူ ၂၆ သန်း သေဆုံးခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ စဖြစ်ခဲ့အပြီး ၃ လအကြာ အခုအခါ သေဆုံးသူ ၄၀၀၀ ရှိပါတယ်။

အဲဒီရုပ်ရှင်ထဲကလို အလားတူတဲ့ တစ်ခုတည်းသော ကူးစက်ရောဂါကတော့ ၁၉၁၈-၂၀ ခုနှစ်တွေအတွင်း စပိန် တုတ်ကွေး ကပ်ရောဂါ ဖြစ်ပြီး လူ သန်း ၅၀ ကျော် သေဆုံးခဲ့ပါတယ်။

သီးသန့်ခွဲထားပုံ

ရုပ်ရှင်ထဲမှာ ဗိုင်းရပ်စ်ရောဂါ ကူးစက်ဖြစ်ပွားနေတယ်လို့ သံသယရှိချိန်မှာ ရောဂါ ကူးစက်ခံထားရသူတွေကို စစ်ဆေးရှာဖွေပြီး သီးသန့်ခွဲ စောင့်ကြည့်ဖို့အတွက် ကပ်ဘေးရောဂါ ဆိုင်ရာ စုံစမ်းရေးအဖွဲ့ (အပြင်မှာလည်း တကယ် ရှိတဲ့အဖွဲ့)က ဝန်ထမ်းတွေကို စေလွှတ်ခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး မပြန့်ပွားအောင် လူတွေကို အစုလိုက်အပြုံလိုက် သီးသန့် ခွဲထားသလို အလားတူပုံစံမျိုး Contagion ရုပ်ရှင်ထဲမှာတော့ ရှီကာဂိုမြို့မှာ သီးသန့်ခွဲထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်၊ Contagion၊ ရုပ်ရှင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရုပ်ရှင်ထဲက ဗိုင်းရပ်စ်ရောဂါဟာ ၁၉၁၈-၂၀ ခုနှစ်တုန်းက စပိန် တုတ်ကွေး ရောဂါနဲ့ အလားတူ

အီတလီနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားနေမှုကို တားဆီးဖို့ ကြိုးစားတဲ့အနေနဲ့ အခုအခါ မြောက်ပိုင်း ဒေသ အတော်များများကို သီးသန့်ခွဲထားလိုက်ပြီ ဖြစ်ပါတယ်။

ကြောက်ရွံ့မှုနဲ့ ဆင့်ကဲ ရိုက်ခတ်မှု

Contagion ရုပ်ရှင်ကို ဇာတ်ညွှန်း ရေးခဲ့သူ စကော့တ် ဇက် ဘန်းစ် ကတော့ ဒီရုပ်ရှင်အခုလို တစ်ကျော့ပြန် ခေတ်စားလာတာကို အရမ်းကို အံ့သြမိတယ်လို့ ဆိုပါတယ်။

ခေတ်မီတဲ့ လက်ရှိ လူ့အသိုင်းအဝိုင်းအနေနဲ့ ဒီလို ကူးစက်ရောဂါ ပြန့်ပွားမှုမျိုးကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း အားနည်းတယ် ဆိုတာကို Contagion ရုပ်ရှင်က ဖော်ပြနေတယ်လို့ Fortune မဂ္ဂဇင်းနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သူက ပြောခဲ့ပါတယ်။

"Contagion ရုပ်ရှင်ထဲက ကူးစက်ရောဂါနဲ့ အခု ကိုရိုနာဗိုင်းရပ်စ်ရောဂါ အကြား ဆင်တူနေတာတွေဟာ တိုက်ဆိုင်မှုသာ ဖြစ်ပြီး တစ်ကယ်တမ်းမှာ သိပ်အရေးမပါလှပါဘူး။ ဒါ့ထက် ပိုအရေးကြီးတဲ့ အချက်တွေကတော့ ဒီကူးစက်ရောဂါအပေါ် လူ့အသိုင်းအဝိုင်းက ဘယ်လို တုံ့ပြန်မလဲ၊ စိုးရိမ်ကြောက်ရွံ့မှုတွေ ပျံ့နှံ့သွားရာကနေ ဖြစ်ပေါ်လာမယ့် ဆင့်ကဲ ရိုက်ခတ်မှု စတဲ့ အချက်တွေ ဖြစ်ပါတယ်" လို့ မစ္စတာ ဘန်းစ် က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်၊ Contagion၊ ရုပ်ရှင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, Contagion ရုပ်ရှင်ကား ဇာတ်ညွှန်းရေးခဲ့သူ စကော့တ် ဇက် ဘန်းစ်

ဒါဟာ Contagion ရုပ်ရှင်ထဲက သီးခြား ဇာတ်ကောင်တစ်ခု ဖြစ်တဲ့ ဘလော့ကာ အယ်လန် ခရွန်ဝေဒါ ရဲ့ လျှို့ဝှက် ကြံစည်မှု တစ်ခုကို မစ္စတာ ဘန်းစ်က ညွှန်းချင်ပုံ ရပါတယ်။

ခရွန်ဝေဒါ (ဂျူဒ် လော) က သူ့ဘလော့ဂ် ကနေ ဗိုင်းရပ်စ်ရောဂါပိုးအကြောင်း အခြေအမြစ် မရှိတဲ့ ကောလာဟလတွေ လျှောက်ဖြန့်ခဲ့ပြီး ဗိုင်းရပ်စ်ရောဂါ ကုနိုင်တယ် ဆိုတဲ့ မဟုတ်မမှန် ဆေးမြီးတို တစ်ခုကို ကြော်ငြာခဲ့ပါတာပါ။

တိုက်တိုက်ဆိုင်ဆိုင် အခု လက်ရှိ ဖြစ်နေတဲ့ အခြေအနေမှာလည်း ကိုဗစ်-၁၉ ရောဂါ မဖြစ်အောင် ဒါမှမဟုတ် ပျောက်အောင် ကုနိုင်တယ် ဆိုပြီး လူမှုကွန်ရက်ပေါ်မှာ မဟုတ်မမှန် ကြော်ငြာ ရောင်းချနေတဲ့ ဆေးတွေ၊ ပစ္စည်းတွေကို လူတစ်သန်းကျော်က ထပ်ဆင့်မျှဝေ ရောင်းချနေတာတွေကို ပိတ်ပင်မယ်လို့ အမေဇုန်ကုမ္ပဏီက မကြာသေးခင်ကပဲ ထုတ်ဖော် ကြေညာခဲ့ပါတယ်။

ရုပ်မြင်သံကြားပေါ်ကနေ တရားဟောတဲ့ နာမည်ကြီး အမေရိကန် ဧဝံဂေလိ တရားဟောဆရာ ဂျင် ဘက်ကာ က ကိုရိုနာဗိုင်းရပ်စ် ရောဂါ ပျောက်တယ် ဆိုတဲ့ ငွေမှုန်ပါတဲ့ ဆေးရည်တစ်မျိုးကို ကြော်ငြာ ရောင်းချခဲ့တဲ့အတွက် အခုသီတင်းပတ်အတွင်းမှာပဲ နယူးယောက်ပြည်နယ် အာဏာပိုင်တွေရဲ့ စစ်ဆေး အရေးယူတာ ခံခဲ့ရပါတယ်။

ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ ဓါတုလက်နက်တစ်မျိုးကနေ ဖန်တီး ထုတ်လုပ်ခဲ့တာ ဆိုတဲ့ ကောလာဟလမျိုးလို သတင်းမှားတွေလည်း ပေါ်ထွက်ခဲ့ပါတယ်။

Contagion ရုပ်ရှင်ဇာတ်ညွှန်း ဆရာ မစ္စတာ ဘန်းစ် ကိုယ်တိုင်လည်း လျှို့ဝှက်ကြံစည်မှု လုပ်ခဲ့တယ် ဆိုပြီး ပစ်မှတ်ထား တိုက်ခိုက်တာတွေ ရှိလာခဲ့ပါတယ်။

ကမ္ဘာ့နိုင်ငံရေးကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ လျှို့ဝှက်အဖွဲ့အစည်း တစ်ခုရဲ့ အဖွဲ့ဝင်တစ်ဦး ဆိုပြီး လူတစ်ချို့က လူမှုကွန်ရက်ပေါ်ကနေ သူ့ကို စွပ်စွဲရေးသားတာတွေ ရှိခဲ့တယ်လို့ မစ္စတာ ဘန်းစ်က New York Times သတင်းစာကို ပြောခဲ့ပါတယ်။

"သတင်းမှားတွေ ဖြန့်တာဟာ ဗိုင်းရပ်စ်ရောဂါလိုပဲ အန္တရာယ် ကြီးနိုင်တယ် ဆိုတာကို ကျွန်တော် အစိုးရိမ်မိဆုံးပါ" လို့ သူက ပြောပါတယ်။

Nipah virus

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, The Nipah virus, which has a fatality of up to 75%, served as inspiration for the disease in Contagion

သိပ္ပံနည်းကျကျ ယုတ္တိရှိမှု

Contagion ရုပ်ရှင်ကား တကျော့ပြန် လူကြိုက်များလာတာဟာ ဒီရုပ်ရှင်ကားရဲ့ ဇာတ်အိမ်ကို ဇာတ်ညွှန်းဆရာ မစ္စတာ ဘန်းစ်က သိပ္ပံနည်းကျကျ ယုတ္တိရှိအောင် ဖန်တီးခဲ့လို့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

သူ ဇာတ်ညွှန်း ရေးတဲ့အချိန်တုန်းက WHO ကမ္ဘာ့ ကျန်းမာရေးကျွမ်းကျင်သူတွေ အပါအဝင် ရောဂါဗေဒပညာရှင်တွေ၊ ကပ်ရောဂါ ကျွမ်းကျင်သူတွေ ပါတဲ့ အဖွဲ့နဲ့ မေးမြန်း ဆွေးနွေးခဲ့ပါတယ်။

"အဲဒီတုန်းက ဒီနယ်ပယ်ထဲက ကျွမ်းကျင်သူတွေက ကျောချမ်းစရာ အချက်တစ်ချို့ ကျွန်တော့်ကို ပြောခဲ့ကြပါတယ်"

"အဲဒါကတော့ ဒီလို ကူးစက်ရောဂါမျိုး ဖြစ်လာဖို့ ရှိသလား ဆိုတာ မေးစရာ မလိုတော့ဘဲ ဘယ်တော့ ဖြစ်လာမလဲ ဆိုတာကိုပဲ ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ် ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်"လို့ မစ္စတာ ဘန်းစ်က ပြန်ပြောပြပါတယ်။