ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပျောက်စေတယ် ဆိုတဲ့ ယုံတမ်းစကား အကြံပေးချက် ၆ ချက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, အချက်အလက် ရှာဖွေပြုစုရေးအဖွဲ့
- ရာထူးတာဝန်, ဘီဘီစီ သတင်းဌာန
အခုအခါ ကိုရိုနာဗိုင်းရပ်စ်ရောဂါဟာ ကမ္ဘာတဝန်းက နောက်ထပ်နိုင်ငံတွေကို ကူးစက်ပြန့်ပွားလာနေပြီး လောလောဆယ် ကုစရာဆေး မတွေ့သေးပါဘူး။ ဒါပေမဲ့လည်း ရောဂါပျောက်ဖို့ ဘာလုပ်သင့်တယ်၊ ဘာစားသင့်တယ် ဆိုတဲ့ အကြံပေးချက်တွေကတော့ လူတွေအကြား ပျံ့နှံ့ထွက်ပေါ်နေပါတယ်။ အကြံပေးချက်တချို့က ဘာမှ သိပ်မဟုတ်လှပေမဲ့ တချို့ကတော့ အတော်လေး ကြောက်စရာ ကောင်းလောက်အောင် အန္တရာယ်ကြီးလှပါတယ်။
လူမှုကွန်ရက်တွေပေါ်မှာ အချင်းချင်း ပြန်ဝေမျှနေကြတဲ့ အဲဒီ မှားယွင်းတဲ့ အကြံပေးချက်တွေကို ပြန်ဆန်းစစ် ကြည့်ကြရအောင်ပါ။
၁။ ကြက်သွန်ဖြူ
ကြက်သွန်ဖြူ စားရင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ကာကွယ်နိုင်တယ် ဆိုတဲ့ ပို့စ်တွေကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ အတော်များများ တွေ့နေရပါတယ်။
ကြက်သွန်ဖြူမှာ ကျန်းမာရေး ညီညွတ်စေတဲ့ ဓာတ်သတ္တိတွေ ပါပေမဲ့ ကြက်သွန်ဖြူ စားရင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကနေ ကာကွယ်နိုင်တယ် ဆိုတဲ့ အထောက်အထားတော့ လုံးဝ မတွေ့ရဘူးလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။
ကြက်သွန်ဖြူစားတာလို ကုထုံးမျိုးက သိပ်အန္တရာယ် မရှိလှပေမဲ့ တန်ဆေး လွန်ဘေး ဆိုသလို အလွန်အကျွံ ဆိုရင်တော့ ဒုက္ခတွေ့နိုင်ပါတယ်။
The South China Morning Post သတင်းစာထဲမှာ အမျိုးသမီးတစ်ယောက် ကြက်သွန်ဖြူအစိမ်း တစ်ကီလိုခွဲလောက် စားအပြီး လည်ချောင်း အကြီးအကျယ် ယောင်ယမ်းသွားတဲ့အတွက် ဆေးရုံတင်လိုက်ရတယ် ဆိုတဲ့ သတင်းတစ်ပုဒ်ကို တွေ့လိုက်ရပါတယ်။
သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက် စားတာ၊ ရေသောက်တာဟာ ကျန်းမာရေးနဲ့ ညီညွတ်တယ် ဆိုတာ အားလုံး သိကြပါတယ်။ ဒါပေမဲ့ ဒီအစားအသောက်တွေ စားလို့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပျောက်နိုင်တယ် ဆိုတဲ့ အထောက်အထားတော့ လုံးဝ မတွေ့ရပါဘူး။
၂။ အံ့ဘွယ် တွင်းထွက်ဒြပ်ပေါင်းတွေ
YouTube နဲ့ လူမှုကွန်ရက် ပလက်ဖောင်းမျိုးစုံမှာ အားပေးသူ ထောင်သောင်းချီ ရှိတဲ့ ဂျော်ဒန် ဆက်သာ က MMS လို့ခေါ်တဲ့ အံ့ဘွယ် တွင်းထွက်ဒြပ်ပေါင်း အားဖြည့်ဆေးတစ်ခုနဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ချေမှုန်းပစ်နိုင်တယ်လို့ ပြောထားပါတယ်။
အဲဒီဆေးထဲမှာ အရောင်ချွတ်ဆေး တစ်မျိုး ဖြစ်တဲ့ ကလိုရင်း ဒိုင်အောက်ဆိုဒ် ပါဝင်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ရောဂါ စမဖြစ်ခင်ကတည်းက ဆေသာနဲ့ တခြားသူတွေက ဒီဆေးကို ကြော်ငြာပေးနေတာပါ။ ဇန္နဝါရီလတုန်းကတော့ ဆေသာက MMS လို့ ခေါ်တဲ့ ဒီ ကလိုရင်း ဒိုင်အောက်ဆိုဒ် ဆေးဟာ ကင်ဆာဆဲလ် တွေကို သေစေနိုင်ရုံသာမက ကိုရိုနာဗိုင်းရပ်စ်ကိုလည်း အမြစ်ဖြုတ်နိုင်တယ်လို့ သူ့ရဲ့ တွစ်တာပေါ်ကနေ ကြော်ငြာထားပါတယ်။
အဲဒီ MMS ဆေးဟာ ကျန်းမာရေးကို အန္တရာယ်ပြုနိုင်တယ်လို့ အမေရိကန်နိုင်ငံ FDA အစားအသောက်နဲ့ ဆေးဝါးဌာနက မနှစ်တုန်းက သတိပေးခဲ့ပါတယ်။ တခြားတိုင်းပြည်တွေက ကျန်းမာရေးဌာနတွေကလည်း ဒီဆေးနဲ့ ပတ်သက်လို့ သတိပေးစာတွေ ထုတ်ပြန်ခဲ့ပါတယ်။
ဒီဆေးတွေက စိတ်ချရတယ်၊ ရောဂါတစ်ခုခုကို ထိထိရောက်ရောက် ကုပေးနိုင်တယ် ဆိုတဲ့ လေ့လာတွေ့ရှိချက်မျိုး သူတို့ မတွေ့သေးဘူးလို့ FDA က ပြောပါတယ်။ ဒီဆေးသောက်ခြင်းအားဖြင့် မူးမော်၊ အော့အန်၊ ဝမ်းလျှောတာတွေ ဖြစ်နိုင်ပြီး ရေဓာတ် ခမ်းခြောက်တဲ့ လက္ခဏာတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၃။ အိမ်လုပ် လက်သန့်စင် ဆေးရည်
လက်ဆေးတာဟာ ကိုရိုနာဗိုင်းရပ်စ် မပြန့်ပွားအောင် တားဆီးဖို့ အရေးပါတဲ့ နည်းလမ်းတစ်ခု ဖြစ်တဲ့အတွက် လက်သန့်စင် ဆေးရည်တွေကို လူတွေ အလုအယက် လိုက်ဝယ်ခဲ့ကြတာမို့ ဆိုင်တွေမှာ ပစ္စည်း ပြတ်လပ်ကုန်တယ် ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။
အီတလီနိုင်ငံမှာလက်သန့်စင် ဆေးရည်တွေ ပြတ်သွားတယ် ဆိုတဲ့ သတင်းတွေ ထွက်နေသလို လူမှုကွန်ရက်တွေပေါ်မှာလည်း အိမ်လုပ် လက်သန့်စင် ဆေးရည် ဖော်နည်းတွေကို အချင်းချင်း မျှဝေနေကြပါတယ်။
အဲဒီ အိမ်လုပ် ဆေးရည် ဖော်နည်းတွေဟာ အီတလီနိုင်ငံမှာ လူကြိုက်အများဆုံး လက်သန့်စင် ဆေးရည်တံဆိပ်တစ်ခုရဲ့ ဖော်စပ်နည်းကို အတုခိုး လုပ်ထားတယ်လို့ ပြောနေကြပေမဲ့ သိပ္ပံပညာရှင်တွေကတော့ ဒါဟာ ဝတ္ထုမျက်နှာပြင်တွေ၊ ကြမ်းပြင်တွေအတွက် ပိုသင့်လျော်တဲ့ သန့်စင်ဆေးရည် တစ်မျိုးသာ ဖြစ်ပြီး လူ့အရေပြားအတွက် မသင့်လျော်ဘူးလို့ ထောက်ပြကြပါတယ်။
အရက်ပျံ အခြေခံပြီး ဖော်စပ်ထားတဲ့ လက်သန့်စင် ဆေးရည်တွေမှာ အသားအရေကို ပိုချောမွေ့စေတဲ့ ဆေးဖယောင်းချက်တွေလည်း ပါဝင်ပြီး အရက်ပျံက ၆၀ နဲ့ ၇၀ ရာခိုင်နှုန်း ပါဝင်ပါတယ်။
ထိရောက်တဲ့ လက်သန့်စင် ဆေးရည်တွေကို အိမ်မှာ ထုတ်လုပ်နိုင်မှာ မဟုတ်ဘူးလို့ ကျန်းမာရေးနဲ့ အပူပိုင်း ဆေးပညာရပ်ဆိုင်ရာ လန်ဒန်တက္ကသိုလ်ရဲ့ ပါမောက္ခ ဆယ်လီ ဘလွန်းဖီးလ်ဒ် က ပြောပါတယ်။
ဝတ္ထုမျက်နှာပြင်တွေအတွက်ကတော့ သာမန် အိမ်သုံး ပိုးသတ်ဆေးရည် အများစုက အစွမ်းထိရောက်တယ်လို့ အမေရိကန်နိုင်ငံရဲ့ CDC ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနက ပြောပါတယ်။
၄။ ငွေမှုန်စ အရည်
ကော်လွိုက် ငွေမှုန်စအရည်ကို အမေရိကန် ရုပ်မြင်သံကြား ဧဝံဂေလိ တရားဟောဆရာ ဂျင်မ် ဘက်ကာက သူ့ရဲ့ ရုပ်မြင်သံကြား အစီအစဉ်မှာ ကြော်ငြာခဲ့ပါတယ်။ အဲဒီ ငွေရည်ဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး တချို့ကို ၁၂ နာရီအတွင်း သတ်နိုင်တယ်လို့ အစီအစဉ်မှာပါတဲ့ ဧည့်သည်တစ်ဦးက ပြောပါတယ်။ ဒါပေမဲ့ ကိုဗစ်-၁၉ ရောဂါကိုတော့ မစမ်းသပ်ကြည့်ရသေးဘူးလို့ ဝန်ခံခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ထိထိရောက်ရောက် ကုကောင်းကုနိုင်တယ်ဆိုတဲ့ အဲဒီ ပြောဆိုချက်ကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ အကြီးအကျယ် ပြန်ဝေမျှခဲ့ကြပြီး အထူးသဖြင့် တရားဝင်ထုတ်ပြန်ထားတဲ့ ဆေးပညာ အကြံပေးချက်တွေကို အကြီးအကျယ် မယုံသင်္ကာ ဖြစ်နေတဲ့ အုပ်စုတွေက ပြန်ဖြန့်ခဲ့ကြပါတယ်။
ကော်လွိုက် ငွေမှုန်စအရည် သုံးတာကို ထောက်ခံအားပေးတဲ့သူတွေက ဒီအရည်ဟာ အနာမယဉ်းအောင် ရောဂါပိုးမွှားတွေကို ဟန့်တားပေးနိုင်စွမ်း ရှိတယ်၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဝေဒနာမျိုးစုံကို ကုသပေးနိုင်တယ်၊ကိုယ်ခံအားစနစ် ကောင်းအောင်လည်း အထောက်အကူ ပြုတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အမေရိကန် ကျန်းမာရေးအာဏာပိုင်တွေကတော့ ဒီ ငွေဓာတ်အမျိုးအစားဟာ ဘယ်ဝေဒနာမျိုးအတွက်ကိုမှ ထိထိရောက်ရောက် ကုပေးနိုင်တယ်ဆိုတဲ့ အထောက်အထား မရှိဘူးလို့ ရှင်းလင်းပြတ်သားစွာ ထုတ်ပြန်ထားပါတယ်။ ပိုအရေးကြီးတာက ဒီငွေသတ္တုရည်ကြောင့် ကျောက်ကပ် ပျက်စီးတာ၊ ရုတ်တရက် သတိလစ် တက်တာ၊ အသားအရေတွေ ညိုမည်းပြီး အရောင်ပျက်သွားတာ စတဲ့ တန်ပြန်ဆိုးကျိုးတွေ ရလာနိုင်ပါတယ်။
ငွေဟာ သံတို့ သွတ်တို့လို လူ့ခန္ဓာကိုယ်ထဲမှာ လှုပ်ရှားလည်ပတ်နိုင်တဲ့ သတ္တုဓာတ်မျိုး မဟုတ်ပါဘူး။
လူမှုကွန်ရက်ပေါ်မှာ တင်ထားတဲ့ ကျန်းမာရေး ဆေးပစ္စည်းကြော်ငြာတချို့မှာ ဖေ့စ်ဘွတ်ခ်ရဲ့ အချက်အလက် ရှာဖွေပြုစုရေးအဖွဲ့ဆီက သတိပေးချက်တစ်ခု အခုအခါ ပေါ်ပေါ်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။

၅။ ၁၅ မိနစ်တစ်ခါ ရေသောက်ဖို့
ဖေ့စ်ဘွတ်ပေါ်မှာ အကောင့်ပေါင်းများစွာက ကော်ပီကူးယူပြီး ပြန်ဖြန့်ဝေ တင်ထားတဲ့ ပို့စ်တစ်ခုမှာ ပါးစပ်ထဲကနေတဆင့် ဝင်လာနိုင်တဲ့ ဗိုင်းရပ်စ်ပိုးကို သန့်စင်ပစ်ဖို့အတွက် ၁၅ မိနစ်တစ်ခါ ရေသောက်ဖို့ ဆိုတဲ့ ဂျပန်ဆရာဝန်တစ်ဦးရဲ့ အကြံပြုချက်ကို ကိုးကား ဖော်ပြထားပါတယ်။
အာရဗီ ဘာသာစကားနဲ့ ဖော်ပြထားတဲ့ အဲဒီပို့စ်ကို အကြိမ်ပေါင်း ၂၅၀၀၀၀ ကျော် ပြန်ဝေမျှခဲ့ကြပါတယ်။
ပါမောက္ခ ဘလွန်းဖီးလ်ဒ် ကတော့ ဒီလို ရေသောက်ပြီး ဗိုင်းရပ်စ်ပိုး သန့်စင်နိုင်တယ် ဆိုတဲ့ အထောက်အထားမျိုး လုံးဝ မတွေ့ရဘူးလို့ ပြောပါတယ်။
လေကနေ တဆင့် ကူးစက်တဲ့ ဗိုင်းရပ်စ်ပိုးတွေဟာ အသက်ရှူလိုက်တဲ့အခါ အသက်ရှူလမ်းကြောင်းကနေတဆင့် ကိုယ်ခန္ဓာထဲ ဝင်သွားတာပါ။ တချို့ဗိုင်းရပ်စ်ပိုးတွေက ပါးစပ်ထဲ ဝင်သွားကောင်း ဝင်သွားနိုင်ပါတယ်။ ဒါပေမဲ့ ရေ အဆက်မပြတ် သောက်နေရင်တောင် ဗိုင်းရပ်စ်ပိုး မကူးအောင် တားဆီးနိုင်မှာ မဟုတ်ပါဘူး။
ဒါပေမဲ့ ရေများများသောက်ပြီး ခန္ဓာကိုယ်ထဲမှာ ရေဓာတ် ရှိနေအောင် ထိန်းထားတာကတော့ ပျှမ်းမျှအားဖြင့် ပြောရရင် ကောင်းမွန်တဲ့ ကျန်းမာရေး အကြံပေးချက် ဖြစ်ပါတယ်။
၆။ အပူဒဏ်၊ ရေခဲမုန့် မစားနဲ့
အပူဒဏ်က ကိုရိုနာဗိုင်းရပ်စ်ပိုးကို သေစေတယ် ဆိုပြီး ရေနွေးသောက်ဖို့ ကစလို့ ရေနွေးစိမ်ချိုးဖို့ ဒါမှမဟုတ် ဆံပင်ခြောက်စက် သုံးဖို့ အထိ အကြံပေးထားချက်တွေ အများကြီးကိုလည်း တွေ့ရမှာပါ။
နိုင်ငံပေါင်းအတော်များများက လူမှုကွန်ရက် သုံးသူတွေ ကော်ပီလုပ်၊ ပြန်တင်ထားတဲ့ ပို့စ်တစ်ခုမှာဆိုရင် ယူနီဆက်ဖ် ကုလသမဂ္ဂအဖွဲ့ကြီးကို မှားယွင်း ကိုးကားထားပြီး ရေနွေးသောက်၊ နေပူစာ လှုံတာဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကို သေစေတယ်လို့ ဖော်ပြထားပါတယ်။ ရေခဲမုန့် မစားဖို့ကိုလည်း အကြံပေးထားပါသေးတယ်။
ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of X post
"ယူနီဆက်ဖ်က ပြောတယ် ဆိုတဲ့ အွန်လိုင်း မက်ဆေ့ဂျ်တစ်ခုမှာ ရေခဲမုန့်နဲ့ အအေးစာတွေ ရှောင်ခြင်းအားဖြင့် ကိုရိုနာဗိုင်းရပ်စ် တားဆီးနိုင်တယ်လို့ မကြာသေးခင်က ဖော်ပြထားပါတယ်။ ဒါက လုံးဝမမှန်ပါဘူး" လို့ ကိုရိုနာဗိုင်းရပ်စ်ရောဂါအကြောင်း သတင်းမှားတွေကို ဖော်ထုတ် ဆောင်ရွက်နေတဲ့ ယူနီဆက်ဖ် ကုလသမဂ္ဂအဖွဲ့က ရှားလက် ဂေါ်နစ်ဇကာ က ပြောပါတယ်။
နွေရာသီမှာ တုတ်ကွေးဗိုင်းရပ်စ်ပိုး ခန္ဓာကိုယ်ပြင်ပမှာ ကောင်းကောင်း မရှင်သန်နိုင်ဘူး ဆိုတာကို သိထားကြပေမဲ့ ဒီကိုရိုနာဗိုင်းရပ်စ်ပိုးအပေါ် အပူဒဏ်က ဘယ်လောက် ရိုက်ခတ်နိုင်စွမ်း ရှိသလဲ ဆိုတာကိုတော့ မသိကြသေးပါဘူး။
ဗိုင်းရပ်စ်ပိုး မနေနိုင်အောင်ဆိုပြီး ခန္ဓာကိုယ်ကို ပူအောင် လုပ်တာ ဒါမှမဟုတ် နေပူစာလှုံတာဟာ လုံးဝ လုံးဝ မထိရောက်ဘူးလို့ ပါမောက္ခ ဘလွန်းဖီးလ်ဒ်က ပြောပါတယ်။ ကိုယ်ခန္ဓာထဲ ကိုရိုနာဗိုင်းရပ်စ်ပိုး ဝင်သွားပြီးပြီ ဆိုရင် အဲဒီပိုးကို သတ်ဖို့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်တော့ပါဘူး။ ခန္ဓာကိုယ်ကသာ ပြန်တွန်းလှန်ဖို့ လုပ်ရပါလိမ့်မယ်။
"ခန္ဓာကိုယ်အပြင်ဘက်မှာ ဗိုင်းရပ်စ်ပိုး သတ်ဖို့အတွက် အပူချိန် ၆၀ ဒီဂရီ လောက်လိုပါတယ်၊ ဒီအပူချိန်ဟာ ရေနွေးပူကန် ဒါမှမဟုတ် ချွေးအောင်းခန်း ထဲက အပူချိန်ထက် အများကြီး ပိုပူပါတယ်" လို့ ပါမောက္ခ ဘလွန်းဘာ့ဂ် က ပြောပါတယ်။
အိပ်ရာခင်းတွေ၊ မျက်နှာသုတ်ပုဝါတွေကို အပူချိန် ၆၀ ဒီဂရီမှာ လျှော်ဖွတ်တာဟာ အဝတ်စတွေပေါ်က ဘယ်ဗိုင်းရပ်စ်ပိုးကိုမဆို သေစေတာမို့ ကောင်းတဲ့ လုပ်ရပ် ဖြစ်ပါတယ်။ ဒါပေမဲ့ အသားအရေကို ဒီအပူချိန်နဲ့ ဆေးကြော သန့်စင်ဖို့တော့ မစဉ်းစားပါနဲ့။
ဒါ့အပြင် ရေနွေးစိမ်ချိုးတာ၊ ရေနွေးပူပူ သောက်တာတွေကြောင့်လည်း ခန္ဓာကိုယ်ရဲ့ တကယ့်အပူချိန်ကို ပြောင်းသွားစေမှာ မဟုတ်ဘဲ ပုံမှန် အပူချိန်အတိုင်းပဲ ရှိနေပါလိမ့်မယ်။
BBC Monitoring ရဲ့ ထပ်ဆောင်းလေ့လာချက်များ









