တရုတ် ဝူဟန်မှာ စဖြစ်တဲ့ ကိုရိုနာ ဗိုင်းရပ်စ်အသစ်က ဘယ်လောက် စိုးရိမ်စရာကောင်းလဲ

ဝူဟန်မြို့က လူတချို့

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ကိုရိုနာဗိုင်းရပ်စ်ပိုး အမျိုးအစားအသစ်တစ်ခုကို တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ဒီဇင်ဘာလက စတွေ့ခဲ့

တရုတ်နိုင်ငံထဲမှာ ပြီးခဲ့တဲ့ ၂၀၁၉ နှစ်ကုန် ဒီဇင်ဘာလလောက်မှာ စပေါ်လာခဲ့တဲ့ ပြင်းထန်တဲ့ အဆုတ်ရောင် ရောဂါပိုးသစ်တစ်မျိုးကြောင့် ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ ကျန်းမာရေးအရာရှိတွေ တော်တော်လေး စိုးရိမ်တကြီး အလုပ်များသွားကြပါတယ်။

အခု ဇန်နဝါရီလလယ်ရောက်ချိန်မှာ ဒီရောဂါပိုးကြောင့် လူ သုံးဦးသေဆုံးခဲ့ပြီး လူ ၂၀၀ ကျော်မှာ ဗိုင်းရပ်စ်ကူးစက်ခံထားရပြီဖြစ်ကြောင့် တရုတ်အာဏာပိုင်တွေက ပြောပါတယ်။

ဒါပေမယ့် တကယ်တန်း ကူးစက်ခံရသူ အရေအတွက်ဟာ ၁၇၀၀ နီးပါးအထိ ရှိမယ်လို့ ကျန်းမာရေးပညာရှင် တချို့ကတော့ ယူဆထားကြပါတယ်။

ဒီဗိုင်းရပ်စ်ပိုးအသစ်ဟာ အရင်ရှိနှင့်ပြီးသား ကိုရိုနာဗိုင်းရပ်စ်ပိုးရဲ့ မျိုးကွဲတစ်ခုလို့ သတ်မှတ်ထားကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ လူတွေနဲ့ နှာခေါင်း၊ လည်ချောင်း အထက်ပိုင်းနဲ့ နှာခေါင်းတဝိုက်က လေပြွန်တွေကို ထိခိုက်စေနိုင်တဲ့ အတွေ့များ အဖြစ်များတဲ့ ရောဂါပိုးဖြစ်ပါတယ်။

ဒါဆိုရင် အခုတွေ့ရတဲ့ ရောဂါပိုးက ဘယ်လောက်စိုးရိမ်စရာကောင်းသလဲ၊ ဘယ်လောက် မြန်မြန် ပျံ့နှံ့နေသလဲ။ အခုအထိ သိရသမျှကြည့်ရအောင်ပါ။

ဗိုင်းရပ်စ်ပိုး ဘယ်က လာသလဲ။

ဗိုင်းရပ်စ်ပိုး စတွေ့တဲ့နေရာလို့ ယုံကြည်ရတဲ့ ဝူဟန်မြို့က ငါးစျေးကြီး

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဗိုင်းရပ်စ်ပိုး စတွေ့တဲ့နေရာလို့ ယုံကြည်ရတဲ့ ဝူဟန်မြို့က ငါးစျေးကြီးကို သန့်ရှင်းရေးလုပ်ဖို့ ပိတ်ထား

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ရဲ့ လေ့လာတွေ့ရှိချက် အရတော့ ဗိုင်းရပ်စ်ပိုးဟာ တိရိစ္ဆာန်က စပြီးကူးစက်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အခုအချိန်အထိ လူကို ကူးစက်ခဲ့သမျှ ဖြစ်ရပ်တွေကို ကြည့်ရင် အဲဒီ ကူးစက်ခံရသူတွေဟာ ဝူဟန်မြို့က ဟွမ်နန်ပင်လယ်စာရောင်းဝယ်ရေးစျေးကြီးနဲ့ တနည်းနည်း ဆက်စပ်ခဲ့သူတွေ ဖြစ်နေပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပိုးမှာ ပိုးမျိုးကွဲတွေအများကြီး ပါဝင်ပြီး အဲဒီအထဲက ၆ မျိုးကပဲ လူကို ကူးစက်နိုင်ကြောင်း အရင်က တွေ့ထားခဲ့ပါတယ်။ အခုနောက်ဆုံး ဗိုင်းရပ်စ်ပိုးသစ်ကိုပါ ထည့်သွင်းရင် လူကို ကူးစက်နိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးမျိုး ၇ ခု အထိ ရှိလာပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်တွေဟာ လူကို သေလောက်သည်အထိ အန္တရာယ်ပြုလေ့မရှိပါဘူး။ ဒါပေမယ့် အရင်က မသိခဲ့ရဘူးတဲ့ အခုနောက်ဆုံး ပိုးသစ်ကတော့ ပြင်းထန်တဲ့ အဆုတ်ရောင်ဝေဒနာကို ဖြစ်စေတာကို တွေ့ရပါတယ်။

ရောဂါလက္ခဏာတွေက ဘာတွေပါလဲ။

ဝူဟန်မြို့က ဆေးရုံတစ်ခုဆီကို ရောက်လာတဲ့ လူနာ တစ်ယောက်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အရင်က မတွေ့ခဲ့ဖူးတဲ့ ဗိုင်းရပ်စ်အမျိုးအစားအသစ်တစ်ခု ကူးစက်လို့ လူအတော်များများ အသက်ရှုလမ်းကြောင်း ဝေဒနာခံစားလာရ

ရောဂါကူးစက်ခံရပြီဆိုရင် အသက်ရှုလမ်းကြောင်းကို ထိခိုက်မှုတွေကို စတွေ့ရပါတယ်။ အဖျားရှိလာတာ၊ ချောင်းဆိုးတာ၊ အသက်ရှူမဝတာနဲ့ အသက်ရှူရခက်ခဲတာတွေ ဖြစ်လာတတ်ပါတယ်။

အခု ဗိုင်းရပ်စ်ပိုး ပျံ့ပွားလာတော့ ၂၀၀၀ ခုနှစ် အကျော်လောက်မှာ ဖြစ်ခဲ့ဖူးတဲ့ Sars ဗိုင်းရပ်စ် ကူးစက်တုန်းက အဖြစ်တွေကို ပြန် အမှတ်ရစရာ ဖြစ်လာပါတယ်။ အာရှနိုင်ငံအများစုမှာ ဖြစ်ခဲ့တဲ့ အဲဒီ Sars ဗိုင်းရပ်စ်ကြောင့် လူပေါင်း ၇၇၄ ယောက် အသက်ဆုံးခဲ့ပါတယ်။ Sars ကလည်း ကိုရိုနာဗိုင်းရပ်စ်အမျိုးအစား တစ်ခုပါပဲ။ အခုနောက်ဆုံး ဗိုင်းရပ်စ်ပိုးသစ်ရဲ့ မျိုးဗီဇကို ဓာတ်ခွဲလေ့လာကြည့်တဲ့ အခါ သူက တခြား လူကို ကူးစေတဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးတွေထဲမှာ Sars ဗိုင်းရပ်စ်နဲ့ ပိုပြီးနီးစပ်တူညီမှု ရှိတာကို တွေ့ခဲ့ရပါတယ်။

"ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ်ထဲက အသစ်တစ်မျိုးတွေ့ရတဲ့အခါ အဲဒီပိုးကြောင့်ဖြစ်ရတဲ့ ရောဂါလက္ခဏာတွေက ဘယ်လောက် ပြင်းထန်သလဲဆိုတာကို ကျွန်တော်တို့ သိဖို့လိုတယ်။ အခုတွေ့ရတာကတော့ သာမန်အအေးမိတာမျိုးထက် ပိုတယ်၊ ဒါက စိုးရိမ်စရာပဲ၊ ဒါပေမယ့် အခုပိုးက Sars လောက်တော့ မပြင်းထန်တာကိုလည်း တွေ့ရပါတယ်" လို့ အီဒင်ဘာရာတက္ကသိုလ်က ပါမောက္ခ မာခ့်ဝူလ်ဟောက်စ်က ပြောပါတယ်။

ဘယ်လောက်မြန်မြန် ပျံ့နေလဲ။

ဇန်နဝါရီ ၂၀၊ ၂၀၂၀ က ရှန်ဟိုင်းမြို့က ရထားဘူတာတစ်ခုမှာ စောင့်ဆိုင်းနေကြတဲ့ လူအုပ်ကြီး

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, မကြာခင်ရောက်လာမယ့် တရုတ်နှစ်ကူးမှာ လူ သန်းပေါင်းများစွာ ခရီးသွားကြမယ်။

ဒီပိုးသစ်ကို တရုတ်နိုင်ငံက ဝူဟန်မြို့မှာ ၂၀၁၉ ဒီဇင်ဘာလက စတွေ့ရတာ ဖြစ်ပြီး အခုအထိ တရုတ်မှာ လူသုံးဦး သေဆုံးခဲ့ရပါပြီ။ မကြာခင်ကျရောက်လာတော့မယ့် တရုတ်နှစ်သစ်ကူးကာလမှာ လူ သန်းပေါင်းများစွာက နိုင်ငံအနှံ့ ခရီးသွားကြတော့မှာ ဆိုတော့ အဲဒီအချိန်မှာ ရောဂါပိုးတွေ ပျံ့နှံ့ပြီး လူကို ကူးစက်တာတွေ များလာမှာကို တရုတ်အရာရှိတွေက စိုးရိမ်နေကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ တရုတ်မှာ ရောဂါပိုး ကူးစက်မှုနောက်ထပ် ၁၃၀ ကျော်ထပ်တွေ့ရတဲ့အတွက် ပိုးကူးစက်ခံရသူပေါင်း ၂၀၀ ကျော်အထိ ရှိလာပြီ ဖြစ်ပါတယ်။ အသက်ဆုံးခဲ့ရသူ သုံးဦးစလုံးကလည်း အသက်ရှူလမ်းကြောင်း ဝေဒနာတွေကို ခံစားခဲ့ပြီး သေဆုံးခဲ့ကြရတာပါ။

တရုတ်မှာ ဒီရောဂါပိုးတွေ့ခဲ့ပြီးတဲ့နောက် တောင်ကိုရီးယား၊ ဂျပန်နဲ့ ထိုင်းတို့မှာလည်း ကူးစက်ခံရသူတွေ ရှိကြောင်း တွေ့ခဲ့ရပါတယ်။

လန်ဒန်တော်ဝင်တက္ကသိုလ် ဆေးပညာဌာနရဲ့ ကမ္ဘာတစ်ဝန်းကူးစက်ရောဂါဌာနက လုပ်တဲ့ သုံးသပ်ချက်တစ်ခုမှာတော့ ကူးစက်ခံရသူ စုစုပေါင်းက ၁၇၀၀ ကျော်မယ်လို့ ခန့်မှန်းထားပါတယ်။

လူအချင်းချင်း ကူးစက်နိုင်ပါသလား။

ဗိုင်းရပ်စ်ပိုးများ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လူတစ်ဦးက တစ်ဦးကို ကူးစက်နိုင်ချင်းရှိမရှိကို စောင့်ကြည့်စစ်ဆေးနေကြပါတယ်။

အခုအထိမှာ လူအချင်းချင်း ကူးစက်တာမျိုး ရှိခဲ့နိုင်တယ်လို့ ပညာရှင်တွေက ယုံကြည်ထားပါတယ်။

စင်္ကာပူမှာ ရှိတဲ့ Duke-NUS ဆေးတက္ကသိုလ်က ဝမ်လင်ဖဟာ ဝူဟန်မြို့ကို ရောက်ခဲ့သူပါ။ သူက တရုတ်အရာရှိတွေကလည်း ဒီ ဗိုင်းရပ်စ်ပိုးဟာ လူအချင်းချင်း ကူးတာမျိုး တွေ့လာရမလားဆိုပြီး ရောဂါလက္ခဏာတွေကို တော်တော်လေး အနီးကပ်စောင့်ကြည့်နေကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

"တရုတ်နှစ်ကူးရောက်လာတာနဲ့ လူပေါင်း သန်း ၄၀၀ လောက်က ပြည်တွင်းမှာ ခရီးတွေ သွားကြလိမ့်မယ်။ လူတွေ စိတ်ထဲမှာလည်း စိုးရိမ်စိတ်တွေရှိနေကြမယ်။ အဲဒီအချိန်မှာ အသေအချာစောင့်ကြည့်ဖို့ လိုပါတယ်။"

ကူးစက်တာကို ဘယ်လိုတားဆီးနိုင်မလဲ။

လေဆိပ်က ခရီးသည်တွေကို စစ်ဆေးတဲ့ နေရာတစ်ခု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အရှေ့အာရှနိုင်ငံတွေနဲ့ အမေရိကန်လေဆိပ်တွေမှာ စစ်ဆေးမှုတွေ ပိုတင်းကျပ်ထား

ကူးစက်ခံရသူတွေကိုတော့ နောက်ထပ် လူတွေဆီ မပျံ့သွားအောင် သီးခြားခွဲထားပြီး ကုသမှုပေးနေပါတယ်။ ဝူဟန်က ပင်လယ်ငါး ပုစွန်စျေးကြီးကိုလည်း ပိတ်ထားပြီး သန့်ရှင်းရေးလုပ်တာ ပိုးသတ်တာတွေ လုပ်နေပါတယ်။ တိရိစ္ဆာန်အရှင်တွေနဲ့ ထိတွေ့တဲ့နေရာမှာလည်း ကိုယ့်ကိုယ်မှာ အကာအကွယ်မရှိဘဲ မကိုင်တွယ်ကြဖို့ သတိပေးထားပါတယ်။ အသားငါးတွေ ဥတွေကိုလည်း ကျက်အောင်ချက်ပြုတ်ပြီးမှ စားကြဖို့နဲ့ အအေးမိ တုပ်ကွေးရောဂါ ရနေတဲ့ လက္ခဏာရှိသူတွေနဲ့ အနီးကပ်ထိတွေ့တာတွေကို ရှောင်ဖို့လည်း သတိပေးထားပါတယ်။

တရုတ်နှစ်ကူးကာလမှာ ခရီးသွားတွေကို ကျန်းမာရေးစစ်ဆေးဖို့၊ ခန္ဓာကိုယ်အပူချိန်တိုင်းတဲ့ ကိရိယာတွေကို နေရာတော်တော်များများမှာ တပ်ဆင် ပေးထားပါတယ်။

ဝူဟန်က လာတဲ့ ခရီးသည်တွေကို အဲဒီလို စစ်ဆေးတာကို ဟောင်ကောင်နဲ့ စင်္ကာပူမှာ လုပ်နေပါပြီ။ အမေရိကန်ကလည်း ဆန်ဖရန်စစ္စကို၊ လော့စ်အိန်ဂျလိစ်နဲ့ နယူးယောက်လို အဓိက လေဆိပ်ကြီး သုံးခုမှာ ခရီးသွားတွေကို စောင့်ကြည့်စစ်ဆေးမှုတွေ လုပ်နေပါတယ်။

WHO ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးကလည်း အခုရောဂါပိုး ကူးစက်မှုက ပိုပြီး ကျယ်ပြန့်လာနိုင်ကြောင်း ကမ္ဘာတစ်ဝန်းက ဆေးရုံတွေကို တပ်လှန့်ထားပါတယ်။

ကိုယ့်အတွက်ရော စိုးရိမ်စရာရှိလား

တရုတ်နိုင်ငံ ဝူဟန်မြို့က ငါးစျေးနားမှာတွေ့ရတဲ့ မျက်နှာဖုံးတပ်အမျိုးသမီးတစ်ဦး

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ပါမောက္ခဂျိုနသန်ဘောလ်ကတော့ "လူ့ခန္ဓာကိုယ်ထဲကို ပထမဆုံး ထိုးဖောက်ဝင်ရောက်တဲ့ ဘယ်ဗိုင်းရပ်စ်ပိုးကိုမဆို" စိုးရိမ်ဖို့ ကောင်းပါတယ်လို့ ပြောပါတယ်။

Wellcome Trust က ဒေါက်တာဂျိုဆီဂိုးလ်ဒင်းကတော့ ဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ နောက်ထပ် မသိရချိန်မှာတော့ လူတွေအနေနဲ့ ဘယ်လောက် စိတ်ပူဖို့ကောင်းသလဲဆိုတာကို အတိအကျ မပြောနိုင်ပါဘူးလို့ ဆိုပါတယ်။

"ဒီဗိုင်းရပ်စ်အကြောင်းလည်း ပေါ်လာရော လူတွေက Sars တုန်းက အဖြစ်အပျက်တွေကို သွားပြီး သတိရ အမှတ်ရပြီး ကြောက်စိတ်တွေ ဝင်လာကြတာ။ ဒါပေမယ့် အခုတော့ ဒီလိုမျိုး ရောဂါပိုးတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အများကြီး ပိုပြီး ပြင်ဆင်မှုတွေ ရှိနေပါပြီ။"

နော်တင်ဟမ်တက္ကသိုလ်က ပါမောက္ခဂျိုနသန်ဘောလ်ကတော့ "လူ့ခန္ဓာကိုယ်ထဲကို ပထမဆုံး ထိုးဖောက်ဝင်ရောက်တဲ့ ဘယ်ဗိုင်းရပ်စ်ပိုးကိုမဆို" စိုးရိမ်ဖို့ ကောင်းပါတယ်လို့ ပြောပါတယ်။

"လူ့ခန္ဓာကိုယ်ထဲက ကလာပ်စည်းတစ်ခုထဲကို ရောက်သွားပြီး အဲဒီအထဲမှာ ပျံ့ပွားလာပြီဆို အဲဒီပိုးက ပုံပြောင်း အသွင်ပြောင်းပြီး ခန္ဓာကိုယ်ထဲကို ပိုပြီး လွယ်လွယ်ဝင်ရောက်နိုင်၊ နေရာယူနိုင်လာတတ်တယ်။ အဲဒီအခါမျိုးမှာတော့ ကြောက်စရာ ပိုကောင်းလာပါတယ်။"

"ဗိုင်းရပ်စ်ပိုးဆိုတာမျိုးကို ဘယ်လို အခွင့်အလမ်းမှ ပေးဖို့ သင့်တာမဟုတ်ဘူး" လို့ သူက သတိပေးပြောဆိုထားပါတယ်။