ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကြင်ရာတော်ကို ဘွဲ့ပြန်သိမ်းပြီး ထိုင်းဘုရင် နန်းတော်က အရာရှိကြီးတွေကို ရာထူးထပ်ဖြုတ်
ထိုင်းဘုရင် ဝချီရာ လောင်ကွန်းဟာ နန်းတော်ကို သစ္စာဖောက်ဖျက်လို့ဆိုပြီး ကြင်ရာတော်ကို ဘွဲ့အဆောင်အယောင်တွေကို ရုပ်သိမ်းလိုက်ပြီးနောက် နန်းတော်က အရာရှိ ခြောက်ယောက်ကို အလွန်ဆိုးရွားတဲ့ အကျင့်ပျက်လုပ်ရပ်တွေ လုပ်တယ်ဆိုပြီး ရာထူးက ထုတ်လိုက်ပါတယ်။
အခုလို ထုတ်ပယ်ခံရသူတွေထဲမှာ အမျိုးသမီးတစ်ယောက်၊ အဆင့်မြင့် ရဲအရာရှိ တစ်ယောက်နဲ့ တော်ဝင်နန်းတော်က လုံခြုံရေးနှစ်ယောက်ပါရှိပါတယ်။
သူတို့တွေဟာ ရာထူးအာဏာကို အလွဲသုံးစားလုပ်ပြီး သူတို့ ကိုယ်တိုင်ရဲ့ ကိုယ်ကျိုးနဲ့ တခြားသူတွေ ကိုယ်ကျိုးအတွက် လုပ်တယ်ဆိုပြီး စွပ်စွဲခံရပါတယ်။
အောက်တိုဘာလ ၂၁ ရက် တနင်္လာနေ့က ကြင်ရာတော် ဆီနီနတ် ဝုန်ဝချီရာပါ့ခ်ကို ဘွဲ့နဲ့ ရာထူးအဆောင်အယောင်တွေ ပြန်ရုပ်သိမ်းခဲ့ပါတယ်။
အဲဒီ ရာထူးက ဖယ်ရှားခံရသူတွေထဲမှာ တော်ဝင်နန်းတော် ရဲဌာနက ရဲ ဒုတိယ ဗိုလ်ချုပ်ကြီး ဆာကော်ကက် ချန်ထရာလည်း ပါရှိပါတယ်။
သူတို့တွေဟာ သူတို့ရဲ့ အကျင့်ပျက် လုပ်ရပ်တွေအတွက် လိုက်နာရမယ့် စည်းကမ်းတွေကို ဆိုးဆိုးရွားရွား ချိုးဖောက်၊ သူတို့ရာထူးအာဏာကို အလွဲသုံးစားလုပ်ပြီး သူတို့ကိုယ်တိုင်နဲ့ တခြားသူတွေအတွက် ကိုယ်ကျိုးရှာတဲ့ အလုပ်တွေ လုပ်ခဲ့ကြတယ်လို့ တော်ဝင်နန်းတော်က ထုတ်ပြန်ပါတယ်။
သူတို့တွေဟာ နန်းတော်က ချမှတ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာခဲ့ကြတဲ့အတွက် အဲဒီလုပ်ဆောင်ချက်တွေက နန်းတော်အရေးတွေကို အကြီးအကျယ် ထိခိုက်ပျက်စီးစေခဲ့တယ်လို့ ပါပါတယ်။
ဘုရင်က ကြင်ရာတော်ကို ဘွဲ့အဆောင်ယောင်တွေ အပ်နှင်းပြီး လပိုင်းလေးအကြာမှာ ဘွဲ့တွေ ချက်ချင်းဆိုသလို ပြန်ရုပ်သိမ်းလိုက်အပြီး အခုလို အရာရှိကြီးတွေ ရာထူးက ဖယ်ရှားခံရလို့ အကြီးအကျယ် အံအားသင့်နေကြပါတယ်။
အသက် ၃၄ နှစ်အရွယ် ဆီနီနတ်ဟာ သူ့ကိုယ်သူ မိဖုရားနဲ့ တန်းတူဖြစ်အောင် လုပ်လာတယ်ဆိုပြီး အပြစ်ပေးတာ လို့ဆိုပါတယ်။
ဘုရင် ဝချီရာ လောင်ကွန်းဟာ သူရဲ့ သြဇာ အာဏာကို ကွယ်လွန်သူ သူ့ရဲ့ဖခင် ဘုရင်ကြီးထက် ပိုပြီး တိုက်ရိုက်ကျင့်သုံးပါတယ်။
ထိုင်းဥပဒေ အရ ထိုင်းတော်ဝင် နန်းတော်ကို ဝေဖန်ခွင့် လုံးဝ မရှိပါဘူး။ ဝေဖန်သူတွေကို ကြီးလေးတဲ့ ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်လေ့ရှိပါတယ်။