ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထိုင်းဘုရင့် ကြင်ရာတော်သစ်ရဲ့ တွေ့ရခဲတဲ့ ဓာတ်ပုံတွေ ထိုင်းနန်းတော် ထုတ်ပြန်
ထိုင်းဘုရင်က မိဖုရား တင်မြှောက်ပြီး နှစ်လ အကြာမှာ နောက်ထပ် ကြင်ရာတော် တစ်ပါး အဖြစ် တင်မြှောက်ခဲ့သူရဲ့ ဓာတ်ပုံတွေကို ထိုင်းဘုရင့်နန်းတော်က ထုတ်ပြန်လိုက်ပါတယ်။ ဒီလို ထုတ်ပြန်လိုက်တဲ့အတွက် နန်းတော် ဝက်ဆိုက် ပြုတ်ကျတဲ့ အထိ ဝင်ရောက် ကြည့်ရှုသူ များပြားခဲ့ပါတယ်။
အဲဒီထုတ်ပြန်လိုက်တဲ့ ဓာတ်ပုံတွေမှာ ကြင်ရာတော် အသက် ၃၄ နှစ် အရွယ် ဆီနီနတ် ဝုန် ဝချီရာ ပါ့ခ်ရဲ့ တိုက်ပွဲဝင် ဝတ်စုံဝတ်ဆင်ထားပုံတွေ၊ တိုက်လေယာဉ် မောင်းနှင်နေပုံတွေနဲ့ သေနတ်ပစ်ခတ်နေပုံတွေ ပါရှိပါတယ်။
အခု အပ်နှင်း လိုက်တဲ့ ကြင်ရာတော်ဘွဲ့ဟာ ဘုရင်တွေ၊ ဘုရင်မတွေက သူတို့ရဲ့ အိမ်ထောင်ဖက် နဲ့ လက်တွဲဖော်တွေကို ပေးတဲ့ ဘွဲ့ဖြစ်ပါတယ်။
အသက် ၆၇ နှစ် အရွယ် ထိုင်း ဘုရင် မဟာ ဝချီရာလောင်ကွန်းက သူရဲ့ စတုတ္ထမြောက် ဇနီးဖြစ်သူ ဆုသီဒါကို မိဖုရား အဖြစ် တင်မြှောက်အပြီး နှစ်လ အကြာမှာ ဆီနီနတ်ကို အခုလို ဘွဲ့အပ်နှင်းခဲ့တာ ဖြစ်ပါတယ်။
ဒီလို အပ်နှင်းခဲ့လို့ ဗိုလ်ချုပ် ဆီနီနတ်ဟာ နှစ်ပေါင်း ၁၀၀ လောက်အတွင်း ထိုင်း တော်ဝင် ကြင်ရာတော် အဖြစ် ပထမဆုံး ဘွဲ့ အပ်နှင်းခံရသူ ဖြစ်လာပါတယ်။
နန်းတော်ရဲ့ ထုတ်ပြန်ချက်မှာ ဘုရင်က လေယာဉ်မှူး၊ သူနာပြုနဲ့ ကိုယ်ရံတော် အဖြစ် လေ့ကျင့်သင်ကြားခဲ့တဲ့ ဆီနီနတ်အတွက် တော်ဝင် အတ္ထုပတ္တိ ရေးသားဖို့ ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။
မိဖုရား ဆုသီဒါကတော့ အသက် ၄၁ နှစ် အရွယ် ရှိသူဖြစ်ပါတယ်။ သူက အရင်က လေယာဉ်မယ်ဟောင်းနဲ့ ဘုရင့် ကိုယ်ရံတော် တပ်ဖွဲ့ရဲ့ ဒုတိယ အကြီးအကဲလည်း ဖြစ်ပါတယ်။ သူဟာ ထိုင်းဘုရင် ဝချီရာ လောင်ကွန်းရဲ့ လက်တွဲဖော် လည်းဖြစ်ပြီး သူတို့နှစ်ဦးကိုအတူတွဲပြီး လူအများကြားမှာ နှစ်ပေါင်းများစွာ တွေ့ခဲ့ကြရပြီးဖြစ်ပါတယ်။
အခု ထိုင်းဘုရင်ဟာ သူ့ခမည်းတော် ၂၀၁၆ ခုနှစ်မှာ နတ်ရွာစံပြီးနောက် ထီးနန်းဆက်ခံခဲ့သူ ဖြစ်ပါတယ်။