ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မင်းမြောက်တန်ဆာ ၊ သွန်းဖြိုးဘိသိက်နဲ့ နန်းတက်ဧည့်ခံပွဲ
ထိုင်းဘုရင်သစ် ဝချီရာ လောင်ကွန်း ရဲ့ ဘိသိက်ခံ နန်းတက်ပွဲကို မေလ ၄ရက်နေ့မှာ စတင် ကျင်းပမှာ ဖြစ်ပါတယ်။
ဗြဟ္မဏနဲ့ ဗုဒ္ဓဘာသာ ဆိုင်ရာ ရိုးရာဓလေ့ထုံးတမ်းတွေ ရောနှော ပေါင်းစပ် ပါဝင်နေတဲ့ ဒီတရား၀င် နန်းတက်ပွဲ အခမ်းအနားကို ဘန်ကောက်မြို့တော်မှာ ၃ရက်ကြာ ကျင်းပမှာပါ။
ဘာသာရေး ဆိုင်ရာ ဓလေ့ထုံးတမ်းအရ ကျင်းပတဲ့ ထိုင်းတော်၀င် နန်းတက်ပွဲမှာ ဘိသိက်ရေ သွန်းဖြိုးမှုဟာ အရေးပါလှပါတယ်။
အသက် ၆၆နှစ် ရှိပြီ ဖြစ်တဲ့ ထိုင်းဘုရင် မဟာဝချီရာ လောင်ကွန်းဟာ ၂၀၁၆ တုန်းက နတ်ရွာစံ သွားပြီ ဖြစ်တဲ့ ဖခင် ဘုရင်ကြီး ဘူမိဘော အဒူရာဒက်ရှ် ရဲ့ နန်းမွေကို ဆက်ခံသူ ဖြစ်ပါတယ်။
ထိုင်းတော်၀င် ဓလေ့ထုံးတမ်း အရ နတ်ရွာစံသွားတဲ့ ဘုရင်ရဲ့ရုပ်အလောင်းကို သဂြိုဟ်မြှုပ်နှံ ပြီးမှသာ ဒေ၀ရာဇာ ဆိုတဲ့ အရှင်သခင် မင်းမြတ် ဖြစ်လာတာပါ။
မျက်မှောက်ခေတ် ထိုင်းလူထု အတွက်တော့ အခု ကျင်းပမယ့် နန်းတက်ပွဲသဘင်ဟာ သူတို့ဖြတ်သန်းခဲ့တဲ့ သမိုင်းတလျှောက် ပထမဆုံး ကိုယ်တွေ့ကြုံရတဲ့ အခမ်းအနား တခု ဖြစ်တာကြောင့် လူအများအပြား တက်ရောက်လာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
ထိုင်းမှာ ရှည်လျားတဲ့ သမိုင်းကြောင်း ၊ ကြွယ်၀တဲ့ ယဉ်ကျေးမှုတွေ ရှိပြီး တော်ဝင် ဧကရာဇ် နဲ့ လူထုကြား ရင်ဘတ်ချင်း နီးစပ်တဲ့ ဆက်ဆံရေး ရှိတယ် ဆိုတာကို လူထုက သူတို့ကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့မြင်နိုင်ကြ မှာမို့ ဒီအခမ်းအနားက အထူးပင် အရေးကြီးလှပါတယ်လို့ ထိုင်းယဉ်ကျေးမှု အကြောင်း သုတေသန စာတမ်း ပြုစုနေတဲ့ ချူလာလောင်ကွန်း တက္ကသိုလ် က ပါမောက္ခ တွန်သွန်း ချန်ဒရန်ဆု က ပြောပါတယ်။
ဘိသိက်သွန်းရေ
သမိုင်းအစဉ်အလာအရ ထိုင်းလူမျိုးတွေဟာ အစာရေစာ ပေါကြွယ်၀တဲ့ မြစ်ချောင်းအင်းအိုင် တဝိုက် နေထိုင်ကြတာကြောင့် သူတို့ရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ ကျင်းပရာမှာလည်း ရေက အရေးပါတဲ့နေရာကနေ ပါဝင် ပတ်သက်နေတာ ဖြစ်ပါတယ်။
အခုလို တော်၀င် နန်းတက်ပွဲ မကျင်းပခင် သီတင်းပတ် တော်တော်များများ အလိုကတည်းက ထိုင်း ဗေဒင် ကိန်းခန်း အရ နိမိတ်ကောင်း အချိန်ကောင်း ဖြစ်တဲ့ နေ့စဉ် ၁၁နာရီ ၅၂မိနစ် ကနေ ၁၂ နာရီ ၃၈ မိနစ် တော်ဝင် အရာရှိတွေက နိုင်ငံတလွှား နေရာပေါင်း တစ်ရာကျော်ကနေ ရေစုဆောင်းပါတယ်။
အဲ့ဒီလို စုဆောင်းရရှိတဲ့ရေစင်တွေကို ဘန်ကောက်က သက်တမ်း အကြာမြင့်ဆုံး ဖြစ်တဲ့ ဝပ်ဆုထက် စေတီတော်မှာ လာရောက် စုပေါင်းကြပါတယ်။
ဒီရေစင်တွေကို နန်းတော်တွင်း အရေးပါတဲ့ တော်ဝင် ကိစ္စရပ် နှစ်ခုမှာ သုံးပါတယ်။
ပထမ တခုကတော့ ဘုရင် ရဲ့ ကိုယ်ခန္ဓာ သန့်စင်တော်မူတဲ့ ချိုးရေတော်သုံးတဲ့ အခမ်းအနားမှာ အသုံးပြုပါတယ်။
အဲဒီအချိန်မှာ ဘုရင်က အဖြူရောင် ဝတ်ရုံတော်ကို ဆင်မြန်းထားပြီး ဒီရေစင်နဲ့ သူ့ခန္ဓာကိုယ်ပေါ် သွန်းလောင်းချတာ ဖြစ်ပါတယ်။
နောက်တခု ကတော့ ဘုရင်ရဲ့ ခန္ဓာကိုယ်ကို ဆီလိမ်းသပ် ဘိသိက်မြှောက်တဲ့ အခမ်းအနားမှာ သုံးတာပါ။ ဘုရင်က သူ့ရဲ့ မင်းမြောက်တန်ဆာ အပြည့်အစုံ လဲပြီး သဖန်းသား ရာဇပလ္လင် ပေါ်မှာ စံမြန်းတဲ့ အခမ်းအနားမှာ ဖြစ်ပါတယ်။
ဒီနန်းတက် ဘိသိက်သွန်းပွဲမှာတော့ ဘုရင့်ညီမတော် မင်းသမီး မဟာချက်ကရီ သီရိဒုံ ၊ ဝန်ကြီးချုပ် ပရာရွတ် ကျန်အိုချာ တို့အပြင် ဘာသာရေး နဲ့ နန်းတွင်း ပညာရှင်တွေ အပါအဝင် လူရှစ်ယောက်က ဘိသိက်ရေ ကို ဘုရင့်လက်ထဲ သွန်းထည့် ကြမှာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာ ကတည်းက ဗြဟ္မာတွေရဲ့ ဓလေ့ ထုံးတမ်း အပေါ် အခြေခံပြီး အခုလို ဘိသိက်ရေသွန်းပွဲ ကျင်းပတာ ဖြစ်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။
ရတနာရွှေငွေ ကျောက်သံပတ္တမြား တွေနဲ့ ထုံမွှန်း
ဘုရင်ဟာ ဘိသိက်ရေသွန်းဖြိုးခံရပြီးနောက် ဘုံကိုးဆင့်ပါတဲ့ ထီးတော်အောက်က ရာဇပလ္လင်ထက်၀ယ် စံမြန်းကာ မင်းမြောက်တန်ဆာ အပြည့်အစုံနဲ့ အခမ်းအနားကို ဆက်လက် ဆင်နွှဲသွားမှာ ဖြစ်ပါတယ်။
နန်းစဉ် ရတနာ ငါးမျိုး
ဘုရင့်မကိုဋ်တော်ဟာ ထိုင်းတော်၀င် ဓလေ့ထုံးတမ်းမှာ အရင်က ၀တ်လေ့မရှိပေမယ့် အခုနောက်ပိုင်းမှာတော့ ဥရောပက မင်းညီမင်းသားတွေ ၀တ်တဲ့ အစဉ်အလာကို ကြည့်ပြီး ထိုင်းက တော်ဝင် အစဉ်အလာ ဓလေ့ထုံးတမ်းမှာ ထည့်သွင်းလာတာ ဖြစ်ပါတယ်။
ရွှေတွေ စိန်တွေနဲ့ ထုံမွှန်းထားတဲ့ မကိုဋ်တော် ကို ၁၇၈၂ ခုနှစ်တုန်းက ပထမမြောက် ရာမဘုရင် လက်ထက်မှာ ထည့်သွင်း သုံးစွဲ လာပါတယ်။
ဒီမကိုဋ်တော်ဟာ အလေးချိန် ၇.၃ ကီလိုဂရမ် ရှိပြီး ဘုရင်ဟာ တာဝန်ယူမှု အတော်များများကို ထမ်းပိုးထားရတယ်လို့ အဓိပ္ပာယ်ရကြောင်း ပါမောက္ခ ထုံထောင်းက ပြောပါတယ်။
နန်းစဉ် ရတနာတွေထဲက ဘုရင့်ဓား ကတော့ တိုင်းပြည်ကို ဉာဏ်ပညာနဲ့ အုပ်ချုပ်မင်းလုပ် နေရတယ်လို့ အဓိပ္ပါယ်ရပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ဖက်မှာ ရှိတဲ့ ဆီရမ်ရိပ် အရပ်မှာ ရှိတဲ့ တွန်နေးလ် ရေကန်အောက်ကနေ ဒီဓားတော်ကို ရှာတွေ့ခဲ့တာလို့ ဆိုပါတယ်။
အဲဒီနောက် ပထမမြောက် ရာမ ဘုရင်ကို ကမ္ဘောဒီးယားက လက်ဆောင်ပဏ္ဍာ အဖြစ် ဆက်သခဲ့ရာမှာ ဘန်ကောက်မြို့ အရောက်မှာ လျှပ်စီး ခုနစ်ကြိမ် အကြီးအကျယ် လက်ခဲ့ပါတယ်။
အခုလို တော်ဝင် နန်းတက် ဘိသိက် မင်္ဂလာ ဆင်ယင် ကျင်းပပြီးနောက်မှာ ထိုင်းဘုရင် ဝချီရာ လောင်ကွန်းဟာ ရာမ ၁၀ ဖြစ်လာတော့မှာပါ။ ဆယ်ယောက်မြောက် ချက်ကရီ မင်းဆက်လို့လည်း ဆိုနိုင်မှာ ဖြစ်ပါတယ်။
၁၉၅၀ တုန်းကတော့ အခု ဘုရင် ၀ချီရာလောင်ကွန်းရဲ့ ဖခင်က သူ့ရဲ့ နန်းတက်ပွဲမှာ ထိုင်းပြည်သူတွေ အကျိုးစီးပွားနဲ့ ပျော်ရွှင်မှုရဖို့ အတွက် ဖြောင့်မတ် မှန်ကန်စွာ အုပ်ချုပ်သွားပါမယ်လို့ ပြောသွားခဲ့ပါတယ်။
ဘူးသီးစိမ်းနဲ့ နှမ်းစေ့
တော်၀င်နန်းတက် ဘိသိက်မင်္ဂလာ အခါတော် ကျင်းပပြီးတဲ့နောက် ဘုရင်ဟာ နန်းတော်မှာ နန်းစံတဲ့ အနေနဲ့ ဧည့်ခံပွဲ တရပ် ကျင်းပမှာ ဖြစ်ပါတယ်။
ဘုရင်ဟာ တော်ဝင်မိသားစုထဲက အမျိုးသမီးတွေ ခြံရံပြီး ချာခရာပက် ဘီမန်း စံအိမ်တော်မှာ သီးသန့် အခမ်းအနား တရပ် ကျင်းပဖို့ ရှိပါတယ်။
ကြောင်တကောင် ၊ တိုက်ကြက်ဖ တကောင် ၊ ကြိတ်တဲ့ ကျောက်တုံးတတုံး ၊ ဘူးသီး တခြင်း ၊ စပါးတအိတ် ၊ ပဲတအိတ် ၊ နှမ်းတအိတ် စတာတွေကို ပါတီလာသူတွေက ယူဆောင် လာကြမှာ ဖြစ်ပါတယ်။ သီးနှံ ဆိုတာက ထိုင်းစိုက်ပျိုးရေးမှာ ကြွယ်၀ ချမ်းသာခြင်း ဆိုတဲ့ အဓိပ္ပါယ် ကို ဆောင်ပါတယ်။
ကြောင် ကတော့ ရှုပ်ထွေး နက်နဲမှု လျော့ပါးတဲ့ သဘောဖြစ်ပါတယ်။ တချို့ကတော့ အိမ်သစ်မှာ ကြွက်တွေကို မောင်းထုတ်နိုင်အောင် ကြောင်မွေးလေ့ရှိတယ်လို့လည်း ဆိုပါတယ်။ တချို့ကလည်း မကောင်းဆိုးဝါးတွေကို ကြောင်တွေကသာ ထုတ်ပယ်ပစ်နိုင်မှာပါလို့ ဆိုလေ့ရှိကြောင်း ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးသားထားပါတယ်။
ဒါ့အပြင် ထိုင်းဘုရင်ကို ရွှေသော့တချောင်းလည်း ပေးအပ်မှာ ဖြစ်ပြီး နန်းတော်ရဲ့ ပိုင်ရှင်သစ် အဖြစ် အသိအမှတ်ပြုတဲ့ သဘောဖြစ်ပါတယ်။
အခုလို အခမ်းအနားတွေ ကျင်းပပြီးနောက်မှာ ဘိသိက်ခံ ဘုရင်သစ်ဟာ ဘန်ကောက်မြို့တလွှား လှည့်လည် အကြည်ညို ခံမှာ ဖြစ်သလို နန်းတော် လေသာဆောင် ကနေလည်း ထိုင်းလူထု ကို ထွက်ပြီး နှုတ်ဆက် ဂုဏ်ပြု ခံသွားမှာ ဖြစ်ပါတယ်။