ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမေရိကန် ဖိအားကြားက ဟွာဝေး ရောင်းအား ဒေါ်လာ ဘီလျံ ၁ဝဝ ကျော်ရောက်
အမေရိကန်က လုံခြုံရေး အကြောင်းပြချက်နဲ့ ဟွာဝေးထုတ်ကုန်တွေကို ပိတ်ပင်နေပေမယ့်၂ဝ၁၈ ခုနှစ်မှာ ဝင်ငွေ အမေရိကန်ဒေါ်လာ ဘီလျံ ၁၀၀ ကျော်ရခဲ့တယ်လို့ တယ်လီကွန်းကုမ္ပဏီကြီး ဟွာဝေးက ကြေညာလိုက်ပါတယ်။
ဟွာဝေးဟာ ၂ဝ၁၈ ခုနှစ်မှာ ဝင်ငွေ ဒေါ်လာ ၁ဝ၇ ဘီလျံကျော် ရခဲ့တယ်လို့ ပြောပါတယ်။
အမြတ်ငွေအနေနဲ့ ၂၅ ရာခိုင်နှုန်း ပိုရခဲ့တာလို့လည်း ပြောပါတယ်။
ဟွာဝေးဟာ တရုတ်အစိုးရနဲ့ ဆက်နွှယ်နေလို့ လုံခြုံရေးကို ခြိမ်းခြောက်တယ်ဆိုပြီး အမေရိကန်နဲ့ တချို့နိုင်ငံတွေက ဟွာဝေးအပေါ် ကန့်သတ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဟွာဝေးကတော့ အဲဒီလို စွပ်စွဲမှုတွေကို ငြင်းပါတယ်။
ရှန်ကျန်း အခြေစိုက် ဟွာဝေး ကုမ္ပဏီဟာ တစ်ကမ္ဘာလုံး ရောင်းအား အနေနဲ့ ၂ဝ ရာခိုင်နှုန်းလောက် တိုးလာတာလို့ပြောပြီး အဲဒါက ၂ နှစ် အတွင်း ရောင်းအား အမြန်ဆုံးတိုးတက်မှုလို့လည်း ဆိုပါတယ်။
အဲဒီလို ရောင်းအားတိုးလာတာရဲ့ အဓိကအချက်ထဲမှာ တရုတ်နိုင်ငံထဲမှာ ဟွာဝေးစမတ်ဖုန်းတွေ ရောင်းအား သိသိသာသာ တိုးလာတာကြောင့်လည်း ပါပါတယ်။
ဒါပေမယ့် ပိတ်ပင် ကန့်သတ် ခံရမှုတွေကြောင့် နိုင်ငံတကာကို ဆက်သွယ်ရေး အခြေခံ ပစ္စည်းတွေ ရောင်းအားကတော့ ၁ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။
ဟွာဝေးဟာ ကမ္ဘာ့အကြီးဆုံး ဆက်သွယ်ရေး ပစ္စည်းတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီကြီး ဖြစ်ပါတယ်။
အမေရိကန်၊ သြစတြေးလျနဲ့ နယူးဇီလန် နိုင်ငံတွေကတော့ လုံခြုံရေး စိတ်မချရဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ သူတို့ နိုင်ငံတွင်း ကုမ္ပဏီတွေရဲ့ 5G မိုဘိုင်းလ် ကွန်ရက်တွေမှာ ဟွာဝေးက တင်သွင်းတဲ့ နည်းပညာ အသုံး မပြုရဘူးလို့ ပိတ်ပင် ထားပါတယ်။
ဥရောပ ဆက်သွယ်ရေး ကုမ္ပဏီ တော်တော်များများလည်း ဟွာဝေးကထုတ်တဲ့ ပစ္စည်းတွေကို အသုံးမပြုတော့ဖို့ စဉ်းစားနေကြပါတယ်။
ယူကေရဲ့ ဆိုင်ဘာနည်းပညာ ဆိုင်ရာ တာဝန်ရှိသူတွေကလည်း ဟွာဝေး အပေါ် အတော်လေး ပြင်းပြင်းထန်ထန် ဝေဖန်နေပါတယ်။
ယူကေရဲ့ နိုင်ငံလုံးဆိုင်ရာ ဆိုင်ဘာလုံခြုံရေး စင်တာက လတ်တလော ထုတ်ပြန်ထားတဲ့ အစီရင်ခံစာထဲ ယူကေထဲ လက်ရှိ တပ်ဆင် အသုံးပြုထားတဲ့ ဟွာဝေးထုတ် ပစ္စည်းတွေကနေ လုံခြုံရေး ဆိုင်ရာ အန္တရာယ် ရေရှည် မဖြစ်စေရဘူးဆိုတဲ့ အာမခံချက်မျိုး သူတို့အဖွဲ့အနေနဲ့ အပြည့်အဝ မပေးနိုင်ဘူးလို့ ဆိုထားပါတယ်။
ဟွာဝေးကတော့ အခုလို အနောက်အုပ်စု နိုင်ငံတွေ သူတို့အပေါ် ပစ်မှတ်ထားလာတာဟာ အမေရိကန်က ဟွာဝေးကို နာမည်ဖျက်ထားလို့ ဆိုပြီး တန်ပြန် ဆောင်ရွက်တာတွေလည်း ပြုလုပ်လာပါတယ်။
အခုလပိုင်းတွေထဲ ဟွာဝေးက ပိုပြီး ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ စတင် ပြုလုပ်လာတာမှာ အမေရိကန် ကုမ္ပဏီတွေကို ဟွာဝေး မသုံးရ ပိတ်ထားတဲ့ အမေရိကန် ဗဟို အစိုးရကို တရားစွဲတာမျိုး ပြုလုပ်ထားပါတယ်။