ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဟွာဝေးကုမ္ပဏီ ဘဏ္ဍာရေး အကြီးအကဲကို ကနေဒါမှာ ဖမ်းတာဘာကြောင့်လဲ
ဟွာဝေး တရုတ် ဆက်သွယ်ရေး ကုမ္ပဏီကို တည်ထောင်သူရဲ့ သမီး၊ ကုမ္ပဏီ ဘဏ္ဍာရေးမှူးကို ကနေဒါနိုင်ငံမှာ ဖမ်းဆီးလိုက်ပြီး အမေရိကန်နိုင်ငံကို လွှဲပြောင်း ခံရဖွယ် ရှိပါတယ်။
ကုမ္ပဏီရဲ့ ဒုတိယ ဥက္ကဋ္ဌလည်း ဖြစ်တဲ့ မန်ဝန်ဂျိုး ကို ဗန်ကူးဗားမြို့မှာ ဒီဇင်ဘာလ ၁ ရက်နေ့က ဖမ်းဆီးခဲ့တာပါ။
အသေးစိတ်ကို ထုတ်ပြန်တာမျိုး မရှိသေးပေမယ့် အီရန်အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ချိုးဖောက်ခဲ့မှုနဲ့ ဟွာဝေးကုမ္ပဏီကို အမေရိကန်က စုံစမ်း စစ်ဆေးနေတယ်လို့ သိရပါတယ်။
မန်ဝန်ဂျိုးကို ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်လို့ ကနေဒါမှာ ရှိတဲ့ တရုတ် သံရုံးက ကန့်ကွက်ထားပြီး သူ့ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။
မန်ဝန်ဂျိုး ကို ဘယ်လို စွဲချက်နဲ့ ဖမ်းဆီးခဲ့တာလဲ ဆိုတာကို ဘာသတင်း အချက်အလက်မှ မသိရသေးကြောင်းနဲ့ မန် ဝန်ဂျိုးအနေနဲ့ ဘာအမှားအယွင်းမှ မလုပ်ခဲ့ကြောင်း ဟွာဝေး ကုမ္ပဏီက ပြောပါတယ်။
အမေရိကန်နဲ့ တရုတ် ဆက်ဆံရေး အတိမ်းအစောင်း မခံ ဖြစ်နေတဲ့ အချိန်မျိုးမှာ မန်ဝန်ဂျိုးကို အခုလို ဖမ်းဆီးလိုက်တာပါ။
နှစ်နိုင်ငံအကြား ဒေါ်လာ ဘီလျံပေါင်းများစွာဖိုး အခွန်အကောက်တွေ အပြန်အလှန် ပြဋ္ဌာန်းပြီး ကုန်သွယ်ရေး စစ်ပွဲ ဆင်နွှဲနေချိန် ဖြစ်ပါတယ်။
တခါ ဟွာဝေး နည်းပညာ အသုံးပြုမှုကို အနောက်အုပ်စု နိုင်ငံတချို့မှာ ကန့်သတ်လိုက်ချိန်မှာပဲ ဟွာဝေး ဒုဥက္ကဋ္ဌ မန် ဝန်ဂျိုး အဖမ်းဆီး ခံခဲ့ရတာပါ။ အမေရိကန်၊ သြစတြေးလျ၊ နယူးဇီလန် စတဲ့ နိုင်ငံတွေမှာ ဟွာဝေး ကုမ္ပဏီရဲ့ ပစ္စည်းတွေကို 5G ကွန်ရက်နဲ့ မသုံးဖို့ တားမြစ်ထားပါတယ်။
ဒီဖမ်းဆီးမှုအပေါ် ကနေဒါ အစိုးရက ဘာပြောသလဲ
မန်ဝန်ဂျိုးကို ဘယ်နေ့၊ ဘယ်နေရာမှာ ဖမ်းဆီးခဲ့သလဲ ဆိုတာကို ကနေဒါ တရားရေး ဝန်ကြီးဌာနက အတည်ပြုခဲ့ပြီး သူ့ကို ပြန်လွှဲပြောင်းခိုင်းဖို့ အမေရိကန် အစိုးရက ကြိုးစားနေကြောင်းနဲ့ အာမခံ အတွက် ကြားနာ စစ်ဆေးမှုကို သောကြာနေ့မှာ လုပ်ဖို့ စီစဉ်ထားကြောင်း ပြောပါတယ်။
ဒီအကြောင်း အသေးစိတ် လူသိရှင်ကြား မထုတ်ပြန်ဖို့ မန်ဝန်ဂျိုးက တောင်းခံထားပြီး တရားရုံးကလည်း အမိန့်ထုတ်ထားတယ်လို့ ဆိုပါတယ်။
ဒီဖမ်းဆီးမှုရဲ့ နောက်ကွယ်က အကြောင်းရင်းက ဘာဖြစ်နိုင်သလဲ
အမေရိကန် သတင်းမီဒီယာတွေမှာတော့ အီရန်အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ဟွာဝေးကုမ္ပဏီက ချိုးဖောက်ခဲ့ဘွယ် ရှိတာအပေါ် စုံစမ်း စစ်ဆေး ခံနေရတယ်လို့ ဖေါ်ပြကြပါတယ်။
အီရန်နဲ့ မြောက်ကိုရီးယား အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ချိုးဖောက်ခဲ့တယ် ဆိုတဲ့ မသင်္ကာမှုနဲ့ ဟွာဝေး ကုမ္ပဏီကို တရားရုံးကို လာရောက် စစ်ဆေးခံဖို့ အမေရိကန် စီးပွားရေးနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနက ဆင့်ခေါ် ထားတယ်လို့ နယူးယောက်တိုင်း သတင်း တပုဒ်က ဆိုပါတယ်။
တရုတ် အစိုးရက သူလျှို ထောက်လှမ်းမှုတွေ လုပ်ဖို့ ဟွာဝေး ကုမ္ပဏီရဲ့ နည်းပညာတွေကို အသုံးပြုနေဖွယ် ရှိတယ်။ ဟွာဝေး ကုမ္ပဏီဟာ အမေရိကန် နိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတယ် ဆိုပြီး အမေရိကန် ဥပဒေပြု အမတ်တွေက အကြိမ်ကြိမ် စွပ်စွဲထားတာပါ။
တရုတ်အစိုးရဟာ ပုဂ္ဂလိက ကဏ္ဍ အဖွဲ့အစည်းတွေကို အသုံးချပြီး အမေရိကန် နိုင်ငံ လုံခြုံရေး ကို ထိပါးအောင် လုပ်ဖို့ အပြင်းအထန် ကြိုးစားနေတယ် လို့ အမေရိကန် ဆီးနိတ် လွှတ်တော်အမတ် ဘန်ဆက်ဆီက ပြောပါတယ်။
မန်ဝန်ဂျိုးကို ကနေဒါ အစိုးရက ဖမ်းဆီးလိုက်တာအပေါ် အမေရိကန် ပြည်သူတွေက သိပ်ကို ကျေးဇူးတင်တယ်လို့လည်း ပြောပါတယ်။
တရုတ်အစိုးရနဲ့ ဟွာဝေး ကုမ္ပဏီက ဘယ်လို တုံ့ပြန်သလဲ
ဟွာဝေး ကုမ္ပဏီ တည်ထောင်သူ ရန်ဇန်ဖေးရဲ့ သမီး ဖြစ်သူ မန်ဝန်ဇူးကို လေယာဉ် တထောက်နားချိန် အကူးအပြောင်းမှာ ဖမ်းဆီးလိုက်တာလို့ ဟွာဝေး ကုမ္ပဏီက ပြောပါတယ်။
ဟွာဝေး ကုမ္ပဏီ အနေနဲ့ ကုလသမဂ္ဂ၊ အမေရိကန်နဲ့ ဥရောပ သမဂ္ဂ တို့ ချမှတ်ထားတဲ့ ထုတ်ကုန် ထိန်းချုပ်မှု နဲ့ ဒဏ်ခတ် ပိတ်ဆို့မှု ဥပဒေအပါအဝင် ဥပဒေ စည်းမျဉ်းတွေ အားလုံးအတိုင်း လိုက်နာ ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန် ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒီကိစ္စကို ကနေဒါနဲ့ အမေရိကန် တရားရေး စနစ်တွေနဲ့ အညီ တရားမျှတတဲ့ ဆုံးဖြတ်ချက်တခု ချမှတ်မယ်လို့ ဟွာဝေး ကုမ္ပဏီက ယုံကြည်ထားတယ်လို့လည်း ဆိုပါတယ်။
တရုတ်အစိုးရ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ အမေရိကန် ဒါမှမဟုတ် ကနေဒါ နိုင်ငံရဲ့ ဘယ်ဥပဒေကိုမှ မချိုးဖောက်ခဲ့တဲ့ တရုတ် နိုင်ငံသား တဦးကို အမေရိကန် အစိုးရရဲ့ ပန်ကြားချက်နဲ့ ကနေဒါအစိုးရက ဖမ်းဆီးခဲ့တယ် ဆိုပြီး ပို ပြင်းပြင်းထန်ထန် ဖော်ပြထားပါတယ်။
အမေရိကန်နဲ့ ကနေဒါ ကို တရုတ်ဘက်က ကန့်ကွက်စာ ပို့ထားကြောင်းနဲ့ မမှန်မကန် လုပ်ထားတာကို အမြန်ဆုံး ပြန်ပြင်ပြီး မန်ဝန်ဂျိုးကို ပြန်လွှတ်ပေးဖို့ တိုက်တွန်းထားပါတယ်။
ဟွာဝေးကုမ္ပဏီ ပစ္စည်းတွေကို အနောက်အုပ်စု နိုင်ငံတွေက ဘာ့ကြောင့် စိုးရိမ်နေတာလဲ
ဟွာဝေး ကုမ္ပဏီဟာ ကမ္ဘာမှာ အကြီးဆုံး ဆက်သွယ်ရေး ပစ္စည်းနဲ့ ဝန်ဆောင်လုပ်ငန်း ကုမ္ပဏီတွေထဲမှာ တခုအပါအ၀င် ဖြစ်ပြီး မကြာသေးခင်ကပဲ Apple ကိုကျော်ပြီး ဆမ်ဆောင်းပြီးရင် စမတ်ဖုန်း ထုတ်လုပ်တဲ့ ဒုတိယ အကြီးဆုံး ကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။
တရုတ်အစိုးရဟာ ဟွာဝေး ကုမ္ပဏီထုတ် ပစ္စည်းတွေကနေ တဆင့် 5G မိုဘိုင်းကွန်ရက်နဲ့ တခြား ဆက်သွယ်ရေး ကွန်ရက်တွေထဲ ဝင်လာပြီး သူလျှို ထောက်လှမ်းမှုတွေ ချဲ့ထွင် လုပ်လာမှာကို အနောက်အုပ်စု နိုင်ငံ တချို့က စိုးရိမ်နေကြတာပါ။
ဟွာဝေး ကုမ္ပဏီကတော့ သူတို့အပေါ် တရုတ်အစိုးရက ထိန်းချုပ်ထားမှု တစုံတရာ မရှိဘူးလို့ အခိုင်အမာ ပြောထားပါတယ်။
ဗြိတိန်မှာ လုံခြုံရေး စိုးရိမ်မကင်း ဖြစ်မှုတွေကြောင့် မကြာသေးခင်ကပဲ BT ဆက်သွယ်ရေး ကုမ္ပဏီကြီးက ဟွာဝေး ကုမ္ပဏီထုတ် ပစ္စည်းတွေကို 5G မိုဘိုင်းကွန်ရက်မှာ အသုံးပြုခွင့် တားမြစ်လိုက်ပါတယ်။
သြစတြေးလျနိုင်ငံမှာ ဟွာဝေးနဲ့ ZTE ဆက်သွယ်ရေး ကုမ္ပဏီတွေရဲ့ ပစ္စည်းတွေကို အလားတူ တားမြစ်ခဲ့အပြီး နယူးဇီလန် နိုင်ငံမှာလည်း နိုင်ငံတော် လုံခြုံရေး စိုးရိမ်မကင်း ဖြစ်မှုကြောင့် ဟွာဝေး ပစ္စည်းတွေကို ပိတ်ပင်လိုက်ပါတယ်။
ဆိုင်ဘာ လုံခြုံရေး ခိုးယူမှု၊ အီရန်အပေါ် ဒဏ်ခတ် ပိတ်ဆို့ထားမှုကို ချိုးဖောက်မှု စတဲ့ စွဲချက်တွေနဲ့ တရုတ် နည်းပညာ ကုမ္ပဏီတွေအပေါ် အမေရိကန်က ဥပဒေကြောင်းအရ တရားစွဲဆိုမှုတွေ အတော်များများ ရှိခဲ့ပါတယ်။
ZTE ကုမ္ပဏီကို အမေရိကန် ကုမ္ပဏီတွေ ပစ္စည်း တင်ပို့မှုကို အခုနှစ် အစောပိုင်းတုန်းက အမေရိကန် အစိုးရက တားမြစ်ခဲ့တဲ့အတွက် ZTE ကုမ္ပဏီ ပိတ်ပစ်ရတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ အမေရိကန် အစိုးရက အဲဒီ တားမြစ်ချက် နေရာမှာ အစိုးရ ကြီးကြပ်တဲ့ ပိုအနုစိတ်တဲ့ ပြင်ဆင်မှုတွေနဲ့ အစားထိုးခဲ့ပါတယ်။
အီရန် အပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေက ဘာတွေလဲ
၂ဝ၁၅ နျူကလီယား သဘောတူချက်တခု အရ ပယ်ဖျက်ထားခဲ့တဲ့ အီရန် အပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ အားလုံးကို အမေရိကန် သမ္မတ ထရမ့်က ပြီးခဲ့တဲ့လတုန်းက ပြန်ပြဌာန်းခဲ့ပါတယ်။ အချေအတင် အငြင်းပွားစရာ ဖြစ်နေတဲ့ နျူကလီးယား လှုပ်ရှားမှုတွေကို အီရန်က ကန့်သတ်ပေးမယ်ဆိုရင် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပြန်ရုတ်ပေးမယ် ဆိုတဲ့ ဒီသဘောတူချက်ကို သမ္မတ ထရမ့်က အကြီးအကျယ် ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။
ပြန်ပြဋ္ဌာန်းခဲ့တဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ အရ လောင်စာဆီ တင်ပို့မှုတွေ၊ သင်္ဘောနဲ့ သယ်ယူပို့ဆောင်မှုတွေ၊ ဘဏ်လုပ်ငန်းတွေ အပါအဝင် အီရန်ရဲ့ အဓိက အရေးပါတဲ့ စီးပွားရေး ကဏ္ဍတွေအားလုံးကို ထိခိုက်စေခဲ့ပါတယ်။
သက်ညှာမှု တချို့ ရှိပေမယ့် အမေရိကန်ရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ချိုးဖောက်တဲ့ ကုမ္ပဏီ အဖွဲ့အစည်း မှန်သမျှကို အမေရိကန် အစိုးရအနေနဲ့ ပြင်းပြင်းထန်ထန် ပစ်မှတ်ထား အရေးယူသွားမယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး စတိဗ် မနူရှင် က ပြောပါတယ်။