နယူးဇီလန်က ဗလီကျောင်း နှစ်ခု တိုက်ခိုက်ခံရ၊ လူအများအပြား သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Reuters
နယူးဇီလန်နိုင်ငံ ခရိုက်စ်ချာ့ချ်မြို့က ဗလီ ဝတ်ကျောင်းတော် နှစ်ခုမှာ သေနတ် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့လို့ လူ ၄၉ ဦး သေဆုံးခဲ့ရပြီး လူ ၂၀ ကျော်ဟာလည်း အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ နယူးဇီလန် ရဲက အတည်ပြု ပြောဆိုပါတယ်။
သေဆုံးရသူ အရေအတွက်ကို တော့ အတိအကျ မထုတ်ပြန်သေးပေမယ့် ဒီ ဖြစ်ရပ်အတွက် လူ ၄ ဦးကို လက်ရ ဖမ်းဆီးထားပြီး အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး လို့ ရဲမင်းကြီး မိုက်ဘုရှ်က ပြောပါတယ်။ သေနတ်ပစ်ခတ်မှုမှာ ပါဝင်ခဲ့သူတွေ ထဲက လွတ်ကျန်ရစ်သူတွေ ရှိနေသေးတယ်လို့ မယူဆဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ရဲမင်းကြီးက ဆိုပါတယ်။
ဒီ တိုက်ခိုက်မှုဟာ လက်နက် အပြည့်အစုံနဲ့ စနစ်တကျ ကြိုတင် ပြင်ဆင် တိုက်ခိုက်ခဲ့တယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် ဒီ တိုက်ခိုက်မှုကို အကြမ်းဖမ်မှု အဖြစ် ရဲတပ်ဖွဲ့ဘက်က အရေးယူ ကိုင်တွယ် ဖြေရှင်းနေသလား ဆိုတာတော့ ရဲမင်းကြီး က အခု အချိန် အထိ ထုတ်ဖော် အတည်ပြုတာမျိုး မရှိသေးပါဘူး။
"ဒါဟာ ဆိုးရွား ပြင်းထန်တဲ့ တိုက်ခိုက်မှု တစ်ခု ဖြစ်တယ်" လို့ ရဲမင်းကြီးက ဆိုပါတယ်။

အယ်လ်နိုအာ ဗလီကျောင်းရဲ့ အပြင်ဘက် မြေပြင်ပေါ်မှာ သွေးတွေ ထွက်နေတဲ့ လူတွေကို တွေ့ရပြီး လူအများဟာ အသက်လုပြီး ထွက်ပြေးနေကြရတယ်လို့ မျက်မြင်သက်သေတွေက နယူးဇီလန် ပြည်တွင်း မီဒီယာတွေကို ပြောပါတယ်။
ဗလီ ကျောင်းတွေ အားလုံးကိုလည်း နောက်ထပ် ကြေညာချက် မထုတ်မချင်း ပိတ်ထားဖို့ တာဝန်ရှိသူတွေ ညွန်ကြားထားပါတယ်။ ခရိုက်စ်ချာ့ချ်က စာသင်ကျောင်းတွေ အားလုံးကိုလည်း လုံခြုံရေး ယူပြီး ပိတ်ထားပါတယ်။
အသေးစိတ် အချက်အလက်တွေကို မသိရသေးပေမယ့် "အခုလောလောဆယ် ပြောနိုင်တာကတော့ ဒီနေ့ဟာ နယူဇီးလန် သမိုင်းမှာ အမှောင်မိုက်ဆုံး နေ့ရက် ဖြစ်ခဲ့ရပါပြီ" လို့ တိုင်းပြည်ကို ထုတ်ပြန်တဲ့ ကြေညာချက်မှာ နယူးဇီလန် ဝန်ကြီးချုပ် ဂျက်စင်ဒါ အာဒန်က ပြောပါတယ်။
"ပထမ လျှပ်စစ်ဓာတ်လိုက်တယ်လို့ ထင်မိခဲ့တာ၊ နောက်မှ လူအားလုံး ထွက်ပြေးကြရတယ်" လို့ အယ်လ်နိုအာ ဗလီ ရှိတဲ့ အရပ်မှာ နေထိုင်တဲ့ မိုဟင် အီဗရာဟမ်က နယူးဇီလန် ဟာရယ်လ် သတင်းစာကို ပြောပါတယ်။
"ဗလီထဲမှာ ကျွန်တော့် သူငယ်ချင်းတွေ ကျန်ရစ်နေသေးတယ်။"
"မိတ်ဆွေတွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားနေတယ်၊ ဒါပေမယ့် သတင်းမကြားရသေးတဲ့ သူငယ်ချင်းတွေ ကျန်သေးတယ်၊ သူတို့ရဲ့ အသက်အန္တရာယ် အတွက် စိုးရိမ်မိတယ်။ "
သေနတ်သမား တစ်ဦးကတော့ သြစတြေးလျ အမျိုးသား ဖြစ်ပြီး သူ့ရဲ့ ရည်ရွယ်ချက်ကို ကြေညာစာတမ်း ရေး သား ထုတ်ပြန်ခဲ့တယ်လို့ ဟာရဲလ် သတင်းစာက ဆိုပါတယ်။ အဲဒီ ကြေညာချက်မှာ လယ်ယာစွန်း ဝါဒနဲ့ ရွှေ့ပြောင်း အခြေချသူတွေကို ဆန့်ကျင်တဲ့ အတွေးအခေါ်တွေကို ထောက်ခံ ရေးသားထားပါတယ်။
လူတွေကို သေနတ်နဲ့ ပစ်ခတ်နေတုန်း သေနတ်သမားကိုယ်တိုင် ရိုက်ကူးထားတယ်လို့ ယူဆရတဲ့ အတည်မပြုနိုင်သေးတဲ့ ဗီဒီယိုလည်း ထွက်ပေါ်ခဲ့ပါတယ်။











