ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကနေဒါ နိုင်ံသား ကို သေဒဏ်ပြစ်ဒဏ် ချမှတ်တာက ကနေဒါကို လက်တုံ့ပြန်တာလို့ ယူဆနေကြ
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဒါလီယန်မြို့မှာရှိတဲ့ တရားရုံးက မူးယစ်ဆေး မှောင်ခိုကူးတဲ့ ကနေဒါနိုင်ငံသားကို သေဒဏ်ပေးလိုက်တဲ့ အတွက် ကနေဒါနဲ့ တရုတ်အကြားက သံတမန် ဆက်ဆံရေးကို ပိုမို ဆိုးဝါး သွားစေ ပါတယ်။
၂၀၁၈ ခုနှစ် နိုဝင်ဘာလက ကနေဒါနိုင်ငံသား ရောဘတ် လွိုက် ရှာလင်ဘတ် ကို တရုတ် တရားရုံးက မူလ ပြစ်ဒဏ် အဖြစ် ထောင်ဒဏ် ၁၅ နှစ် ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ ဒီပြစ်ဒဏ်အပေါ် အယူခံဝင်ခဲ့ရာမှာ ထောင်ဒဏ် ၁၅ နှစ် ပြစ်ဒဏ် က သက်ညှာ လွန်းတယ်ဆိုပြီး သေဒဏ်အဖြစ် ဇန်နဝါရီ ၁၄ ရက်မှာ ပြောင်းလဲချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ကနေဒါနိုင်ငံက ဒီလို ပြစ်ဒဏ် ချမှတ်ခဲ့တာကို ကန့်ကွက်ခဲ့ပါတယ်။ ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒိုးက အစိုးရအနေနဲ့ ဒီကိစ္စအပေါ် အလွန် အမင်းစိုးရိမ်မိသလို သေဒဏ်ပြစ်ဒဏ်ဟာ ထင်တိုင်းကြဲတဲ့ လုပ်ရပ်လို့ ပြောပါတယ်။
ဟွာဝေးကိစ္စအတွက် အခုလို ဖမ်းဆီးထိန်းသိမ်းထားတဲ့သူတွေကို အသုံးပြုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို တရုတ်က ငြင်းဆန်ပါတယ်။
ဘေဂျင်းရောက်နေတဲ့ ဘီဘီစီသတင်းထောက် ဂျွန်ဆက်ဝဒ် က တရုတ်အနေနဲ့ ဘယ်လို အကြောင်းပြချက်ပဲ ပေးပေး ရှာလင်ဘတ် ရဲ့ အမှုက နိုင်ငံတကာမှာ သိသာ ထင်ရှားတဲ့ ကိစ္စ ဖြစ်သွားစေသလို ဒီအမှုမှာ နိုင်ငံခြား သတင်းထောက်တွေကို တရားရုံးထဲအထိ ထူးထူးခြားခြား ဝင်ခွင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။
၂၀၁၄ ခုနှစ်က တရုတ်ထဲကို မက်သဖက်တမင်း ၂၂၇ ကီလိုဂရမ်ကို မှောင်ခိုသွင်းဖို့ စီစဉ်ခဲ့တယ်ဆိုပြီး မစ္စတာ ရှာလင်ဘတ် ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
တရုတ် နည်းပညာ ဟွာဝေး ကုမ္ပဏီထူထောင်သူရဲ့ သမီးမန်ဝန်ဂျိုးကို ကနေဒါက ဖမ်းဆီးထားတဲ့အပေါ် တရုတ်အစိုးရက ဒေါသထွက်နေ ပါတယ်။ ဒီဇင်ဘာလက သူ့ကို အာမခံပေးထားပါတယ်။ အမေရိကန်ကလည်း မစ္စ မန်ဝန်ကျိုး ကို လွဲပြောင်းပေးဖို့ တောင်းဆိုထားပါတယ်။
ဒီနောက်ပိုင်း နိုင်ငံလုံခြုံရေးကို အန္တရာယ်ဖြစ်စေတယ်ဆိုပြီး ကနေဒါ နိုင်ငံသား နှစ်ဦးကို တရုတ်က ဖမ်းဆီးခဲ့ပါတယ်။
ဒီနောက် နိုဝင်ဘာလမှာ သူက အယူခံဝင်ခဲ့ပေမယ့် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဒါလီယန်မြို့မှာရှိတဲ့ တရားရုံးက ဇန်နဝါရီ ၁၄ ရက်မှာ သေဒဏ် ပြောင်းလဲချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် မစ္စတာ ရှာလင်ဘတ် ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို သိမ်းဖို့လည်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။
သူက မူးယစ်ဆေးဝါး မှောင်ခိုကူးတာ မဟုတ်ဘဲ တရုတ်ကို လာလည်တဲ့ ခရီးသွားလို့ ပြစ်ဒဏ်မချမှတ်မီက အေအက်ဖ်ပီ သတင်းဌာနကို ပြောခဲ့ပါတယ်။ မစ္စတာ ရှာလင်ဘတ် အနေနဲ့ အယူခံဝင်ဖို့ အချိန် ၁၀ ရက် ရရှိမှာ ဖြစ်ပါတယ်။