ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဟွာဝေး အမျိုးသမီးကို ကနေဒါက ဖမ်းဆီးပြီးနောက် ကနေဒါနိုင်ငံသား ၂ ဦးကို တရုတ်က ဖမ်းဆီး
နိုင်ငံတော် လုံခြုံရေးကို ထိခိုက်အောင် လုပ်နေတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ တရုတ်အစိုးရရဲ့ စုံစမ်း စစ်ဆေး ခံနေရသူ နောက် ကနေဒါ နိုင်ငံသားတစ်ဦးကို အဆက်အသွယ် ရဖို့ ကြိုးစားနေတယ်လို့ ကနေဒါ အစိုးရက ပြောပါတယ်။
ကနေဒါ သံတမန်ဟောင်း မိုက်ကယ် ကော့ဗ်ရစ် အဖမ်းခံရအပြီး ချက်ချင်း ဆိုသလိုပဲ ကနေဒါ စီးပွားရေး လုပ်ငန်းရှင် မိုက်ကယ် စပေဗာ ပျောက်ဆုံးနေတယ် ဆိုတဲ့ သတင်း ထွက်ပေါ်လာတာပါ။
မစ္စတာ စပေဗာကို တရုတ်နိုင်ငံ လုံခြုံရေးကို ထိခိုက်စေမယ့် လှုပ်ရှားမှုတွေမှာ ပါဝင် ပတ်သက်နေတယ် ဆိုတဲ့ မသင်္ကာမှုနဲ့ စုံစမ်း စစ်ဆေးနေတယ်လို့ တရုတ်အစိုးရ သတင်းမီဒီယာတွေက ကြာသပတေးနေ့မှာ အတည်ပြု ပြောပါတယ်။
သံတမန်ဟောင်း မိုက်ကယ် ကော့ဗ်ရစ် ဟာ လောလောဆယ် ICG နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နိုင်ငံတကာအကြံပေးအဖွဲ့မှာ လုပ်ကိုင်နေသူ ဖြစ်ပြီး သူ့ရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်နေတယ်လို့ အဲဒီ အဖွဲ့က ပြောပါတယ်။
မိုက်ကယ် စပေဗာ ဟာ မြောက်ကိုရီးယားနဲ့ တရုတ် နယ်စပ် ဒန်ဒေါင်း ပြည်နယ်မှာ အခြေစိုက်တဲ့ စီးပွားရေး လုပ်ငန်းရှင် တဦး ဖြစ်ပြီး မြောက်ကိုရီးယား အစိုးရနဲ့ အကြီးအကျယ် ဆက်နွယ် ပတ်သက်မှု ရှိသူ ဖြစ်ပါတယ်။
သူဟာ မြောက်ကိုရီးယားနိုင်ငံကို မကြာခဏ သွားရောက်လေ့ ရှိသူ ဖြစ်ပြီး အထူးသဖြင့် ၂၀၁၃ ခုနှစ်တုန်းက နာမည်ကြီး အမေရိကန် NBA ဘတ်စ်ကက်ဘော ကစားသမားဟောင်း ဒန်းနစ်စ် ရော့ဒ်မန်း မြောက်ကိုရီးယားနိုင်ငံကို သွားရောက် လည်ပတ်ဖို့ စီစဉ်ပေးသူအဖြစ် အများက သိကြပါတယ်။
ဘတ်စ်ကက်ဘော ကစားသမားဟောင်း ဒန်းနစ်စ် ရော့ဒ်မန်းဟာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ် ဂျုန်းအွန်းနဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးသူ ဖြစ်ပါတယ်။
တနင်္ဂနွေနေ့တုန်းက မစ္စတာ စပေဗာက တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကို သွားတော့မယ်လို့ သူ့ရဲ့ တွစ်တာ လူမှုကွန်ရက်ပေါ်မှာ နောက်ဆုံး ရေးသွားခဲ့ပေမယ့် စီစဉ်ထားသလို တနင်္လာနေ့မှာ ရောက်မလာခဲ့ပါဘူး။
အမေရိကန် အစိုးရရဲ့ ပန်ကြားချက်နဲ့ ဟွာဝေး တရုတ် ဆက်သွယ်ရေး ကုမ္ပဏီ လုပ်ငန်းရှင် အမျိုးသမီး မန် ဝန်ဂျိုးကို ကနေဒါ အစိုးရက ဖမ်းဆီးခဲ့ပြီးကတည်းက တရုတ်နဲ့ ကနေဒါ နိုင်ငံအကြား တင်းမာမှုတွေ ကြီးထွားလာနေတာပါ။
မန် ဝန်ဂျိုးဟာ ဟွာဝေး ကုမ္ပဏီရဲ့ စီးပွားရေးလုပ်ငန်းတွေကနေတဆင့် အီရန်အပေါ် အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရတာပါ။
လောလောဆယ် သူ့ကို ကနေဒါ ဒေါ်လာ ၁၀သန်း အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပေမယ့် အမေရိကန်နိုင်ငံထံ လွှဲပြောင်း ခံရဖွယ် ရှိနေဆဲ ဖြစ်ပါတယ်။
တကယ်လို့ ပြစ်မှု ထင်ရှားမယ် ဆိုရင် အမေရိကန်နိုင်ငံမှာ အနှစ် ၃၀ လောက် အကျဉ်းကျ ခံရဖွယ် ရှိနေပါတယ်။
မန် ဝန်ဂျိုးက သူ့အပေါ် စွပ်စွဲချက်တွေကို ငြင်းဆိုထားသလို တရုတ်အစိုးရ ကလည်း မန် ဝန်ဂျိုးကို ပြန်လွှတ်မပေးဘူး ဆိုရင် ကနေဒါအစိုးရက ပြန်လွှတ်မပေးဘူး ဆိုရင် အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမယ်လို့ ခြိမ်းခြောက်ထားပါတယ်။