ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဗြိတိန် ဝန်ကြီးချုပ် ထရီဆာမေ အယုံအကြည်မရှိ အဆို မဲခွဲ ဆုံးဖြတ်ခံရမယ်
ဒီနေ့ (ဗုဒ္ဓဟူးနေ့) နှောင်းပိုင်းမှာ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေရဲ့ ဦးဆောင်မှု အပေါ် အယုံအကြည်မရှိ အဆိုမဲခွဲဆုံးဖြတ်ဖို့ ရှိနေပါတယ်။
"ဒီမဲခွဲပွဲကို ကျွန်မဆီမှာ ရှိသမျှ အင်အားနဲ့ ယှဉ်ပြိုင်မယ်"လို့ ဒေါင်းနင်းလမ်း ဝန်ကြီးချုပ် နေအိမ် ရှေ့မှာ မစ္စက်မေ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဝန်ကြီးချုပ် အသစ် တစ်ယောက် တက်လာခဲ့ရင် မတ်လ ၂၉ ရက်မှာ ဥရောပ သမဂ္ဂ (EU) ကနေ ဗြိတိန် ခွဲထွက်ရေး လုပ်ငန်းစဉ် အာတီကယ် ၅၀ ကို ပယ်ဖျက်တာ၊ ဒါမှမဟုတ် ဆိုင်းငံ့ထားတာတွေ လုပ်နိုင်တယ်လို့ ဝန်ကြီးချုပ် မေက ဆိုခဲ့ပါတယ်။
ကွန်ဆာဗေးတစ် ပါလီမန် အမတ်တွေက ဂရင်းနစ် စံတော်ချိန် ၆ နာရီ နဲ့ ၈ နာရီကြားမှာ မဲဆန္ဒခံယူပွဲ ပြုလုပ်မှာပါ။
ကွန်ဆာဗေးတစ် ခေါင်းဆောင်မှုပိုင်းကို ပြောင်းလဲရင် တိုင်းပြည်ရဲ့ အနာဂတ် အတွက် အန္တရာယ် ရှိပြီး မသေချာမရေရာမှု တွေ ဖြစ်စေမယ်လို့ မစ္စက်မေက ပြောပါတယ်။
မဲခွဲပြီး အဆုံးအဖြတ်ခံရဖို့ လိုအပ်တဲ့ စာ အရေအတွက် ၄၈ စောင်ကို ပါလီမန်အတွင်း ကွန်ဆာဗေးတစ်ပါတီ ကော်မီတီက ရရှိပြီးနောက်ပိုင်းမှာ ကွန်ဆာဗေးတစ်ပါတီမှာ မစ္စမေရဲ့ ခေါင်းဆောင်မှုကို အခုလို စိန်ခေါ်နိုင်တဲ့ အနေအထား ဖြစ်သွားခဲ့ပါတယ်။
ယူကေ အနေနဲ့ ဥရောပသမဂ္ဂကနေခွဲထွက်ဖို့ ၂၀၁၆ မှာ လူထု ဆန္ဒခံယူ အပြီးမှာ မစ္စမေဟာ ဝန်ကြီးချုပ် ရာထူးကို စတင် ထမ်းဆောင်ခဲ့ပါတယ်။ ဒါပေမယ့် အီးယူကနေ ခွဲထွက်ဖို့ ညှိနှိုင်းတာမှာ သူ့ပါတီ အတွင်းမှာပဲ ဝေဖန်မှုတွေ ခံနေရပါတယ်။
အခု ကျင်းပမယ့် လျှို့ဝှက် မဲဆန္ဒပြုပွဲရဲ့ ရလဒ်ကို ဘယ်အချိန်မှာ ထုတ်ပြန်နိုင်မလဲ ဆိုတာကို မသိသေးပါဘူး။ ဒါပေမယ့် ဒီမဲခွဲ ဆုံးဖြတ်ရမှာ အနိုင်ရနိုင်ဖို့က ပါတီဝင် လွတ်တော်အမတ် အများစုရဲ့ ထောက်ခံမှုကို လိုအပ်နေပါတယ်။ တကယ်လို့ ဒီဆန္ဒခံယူပွဲမှာ မစ္စက်မေသာ အနိုင်ရခဲ့ရင် သူ့ရဲ့ ခေါင်းဆောင်မှုကို အနည်းဆုံး ရှေ့လာမယ့် တစ်နှစ်ကြာတဲ့ အထိ တခြားသူတွေက စိန်ခေါ်နိုင်မှာ မဟုတ်ပါဘူး။
တကယ်လို့ မစ္စက်မေသာ ရှုံးခဲ့ရင် ကွန်ဆာဗေးတစ် ခေါင်းဆောင်ပိုင်း အသစ် နေရာ အတွက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပြီး အဲဒီအခါကျရင် မစ္စက်မေက ပါဝင် ခွင့် ရမှာ မဟုတ်ပါဘူး။
တခြား ဖြစ်လာနိုင်တာ တစ်ခုကတော့ မစ္စက်မေက ပွတ်ကာသီကာပဲ အနိုင်ရခဲ့ရင် ပါတီ ခေါင်းဆောင်နေရာက ဆင်းပေးဖို့ ကို သူကိုယ်တိုင် ဆုံးဖြတ်ချက် ချရမှာ ဖြစ်ပါတယ်။