ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အီးယူခေါင်းဆောင်တွေဟာ ဗြိတိန်ခွဲထွက်ရေး သေဘာတူချက်ကို ဘရပ်ဆဲလ် အစည်းအဝေးမှာ အတည်ပြု
ဥရောပ သမဂ္ဂ အီးယူ ကနေ ဗြိတိန်ခွဲထွက်မယ့် သဘောတူချက် ကို အီးယူခေါင်းဆောင်တွေ အတည်ပြု လိုက်ပြီလို့ ဥရောပ ကောင်စီ ဥက္ကဌ ဒေါ်နယ် တုစ် က ကြေညာ ပြောဆိုလိုက်ပါတယ်။
ဘရပ်ဆဲလ် မြို့ ဆွေးနွေးပွဲမှာ တနာရီတောင် မကြာလိုက်ပဲ အီးယူ ၂၇ နိုင်ငံက ခေါင်းဆောင်တွေက အခုလို သဘောတူ အတည်ပြုလိုက် ကြတာ ဖြစ်ပါတယ်။
အခု သဘောတူညီချက်ကို ဗြိတိသျှ ပါလီမန် ကလည်း သဘောတူညီဖို့ လိုအပ်ပါတယ်။ ဒါပေမယ့်လည်း ဗြိတိန် ပါလီမန် မှာက ဒီသဘောတူညီချက် အပေါ် ကန့်ကွက်မှုတွေ များ နေတာ ဖြစ်ပါတယ်။
ဒီသတင်းကို ဥရောပ ကောင်စီ ဥက္ကဌ ဒေါ်နယ်တုစ်က သူ့ရဲ့ တွစ်တာ အကောင့် မှာ ရေးသား ထားတာကိုလည်း တွေ့ရ ပါတယ်။
ဗြိတိန်နဲ့ အီးယူ အကြား ၁၈ လကျော် စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ခဲ့ပြီးနောက်မှာ အခုလို သဘောတူညီမှု ရခဲ့တာလည်း ဖြစ်ပါတယ်။ အီးယူက ခွဲထွက်ရေး ပုဒ်မ ၅၀ ကို စတင် အကောင် အထည်ဖေါ် ညှိနှိုင်း ဆောင်ရွက် ခဲ့ကြရတာ ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်က ဗြိတိန် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ အီးယူက ခွဲထွက်ဖို့ အများသဘောတူခဲ့တဲ့ နောက် အခုလို ညှိနှိုင်းမှုတွေ လုပ်ခဲ့ရတာပါ။
ဗြိတိန် အနေနဲ့ လာမယ့် ၂၀၁၉ ခုနှစ် မတ်လ ၂၉ ရက်နေ့မှာ အီးယူကနေ ခွဲထွက်ဖို့ ယာထားတာ ဖြစ်ပါတယ်။
ဗြိတိန်ပါလီမန် ကနေ ဒီသဘောတူညီချက် အပေါ် လာမယ့် ဒီဇင်ဘာ အစောပိုင်းမှာ မဲခွဲ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
လေဘာ၊ လစ်ဘ်ဒမ်စ်၊ အက်စ်အန်ပီ၊ ဒီယူပီ နဲ့ ကွန်ဆာဗေးတစ် အမတ် အများအပြား ဟာ ဒီသေဘာတူညီချက်ကို ကန့်ကွက်ဖို့ ရှိနေပါတယ်။ ဝန်ကြီးချုပ် ထရီဆာမေ ကတော့ အများပြည်သူ အနေနဲ့ ထောက်ခံကြဖို့ မေတ္တာရပ်ခံ ပန်ကြား ထားပါတယ်။
ဒါဟာ အကောင်းဆုံ သေဘာတူညီချက် ဖြစ်ကြောင်းနဲ့ ခွဲထွက်ရေး အတည်ပြုခဲ့တဲ့ ဆန္ဒခံယူပွဲ ရလဒ်ကို လေးစားကြဖို့ ကိုလည်း ထရီဆာမေက ပြောကြားပါတယ်။
အီးယူရဲ့ ဆုံးဖြတ်ချက် ဘာတွေလဲ?
အီးယူခေါင်းဆောင်တွေက ခွဲထွက်ရေးဆိုင်ရာ အဓိက အချက် ၂ ခုကို အတည်ပြုခဲ့ပါတယ်။
- စာမျက်နှာ ၅၈၅ မျက်နှာပါ လုပ်ဆောင်ရမယ့် အချက်တွေထဲက - ဗြိတိန်ကခွဲထွက်တဲ့ အတွက် စတာလင်ပေါင် ၃၉ ဘီလျံ ပေးဆောင်ရမယ့် အချက်အပါအဝင် နိုင်ငံသားဖြစ်မှုဆိုင်ရာ အခွင့်အရေးနဲ့ မြောက်အိုင်ယာလန် နယ်ခြား ကိစ္စ။
- ခွဲထွက်ပြီးနောက် အီးယူ ဗြိတိန် အကြား ကုန်သွယ်ရေးနဲ့ လုံခြုံရေး ဆိုင်ရာ ကိစ္စ
ဥရောပ ကောင်စီ ပြောတာက အခု သဘောတူညီချက်ဟာ ဗြိတိန် အတွက် အစီအစဉ် တကျ ခွဲထွက်ရေး အတွက် လမ်းဖွင့် ပေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ပြီး အနာဂတ်မှာ ဗြိတိန်နဲ့ ဖြစ်နိုင်သမျှ အနီးကပ်ဆုံး ဆက်ဆံရေးမျိုး အလိုရှိ တယ်လို့ ပြောပါတယ်။
အစည်းအဝေး မတိုင်ခင်ကတော့ ဥရောပ ကော်မရှင် ဥက္ကဌ Jean-Claude Juncker က ဗြိတိန်ရဲ့ ခွဲထွက်မှုဟာ အီးယူ အတွက် ဝမ်းနည်းဖွယ် ဖြစ်တယ်လို့ ပြောပါတယ်။ ချောမွေ့တဲ့ လမ်းခွဲမှု ဆိုတာလည်း မရှိပါဘူးလို့ သူက ထပ်လောင်း ပြောခဲ့ပါတယ်။
ဥရောပ ခေါင်းဆောင်တွေဟာ ဗြိတိန်ခွဲထွက်တာကို မလိုလား ပေမယ့် အခု သဘောတူညီမှု ကတော့ အကောင်းဆုံးနဲ့ အလိုက်လျောဆုံး ဖြစ်တယ်လို့ ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ကြောင်း ဘီဘီစီ နိုင်ငံရေး အယ်ဒီတာ Laura Kuenssberg က ပြောပါတယ်။
နောက်ထပ် ဘာဖြစ်လာမလဲ
ဝန်ကြီးချုပ် ထရီဆာမေ ဟာ အခုဆိုရင် ဒီသဘောတူညီချက်ကို ထောက်ခံဖို့ ပါလီမန် အမတ်တွေကို စည်းရုံး ဖို့ လိုအပ်နေ ပါပြီ။
ဒီဇင်ဘာလ ဒုတိယပတ် ပါလီမန်မှာ မဲမခွဲခင် သူဟာ သီတင်း ၂ ပတ်လောက် အချိန်အတွင်း ဗြိတိန်ထဲ သွားလာပြီး၊ ဒီသဘောတူချက်ကို ထောက်ခံဖို့ စည်းရုံးရမှာပါ။
တကယ်လို့များ ပါလီမန်က ပယ်ချခဲ့ရင်၊ ဖြစ်လာနိုင်စရာ ကိစ္စတွေက တော့ အများကြီးပါ။ သဘောတူညီမှု မရဘဲ ခွဲထွက်တာ၊ ပြန်ပြီး ညှိနှိုင်းတာနဲ့ အထွေထွေ ရွေးကောက်ပွဲ စသဖြင့် ဖြစ်လာ နိုင်ချေတွ ကတော့ အများကြီး ရှိနေပါတယ်။