ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမျိုးသမီး ၁ဝဝ၊ ယောက်ျားတွေ ဒုတိယဇနီး ယူမယ့်ကိစ္စ ဆုံးဖြတ်တဲ့ အမျိုးသမီး
- ရေးသားသူ, ဟီသာချန်း
- ရာထူးတာဝန်, ဘီဘီစီသတင်း၊ ရှားအလမ်၊ ဆီလန်ဂေါ၊ မလေးရှား
ရှရီယာ ဥပဒေလို့ လူသိများတဲ့ အစ္စလာမ် ဥပဒေကို အပြစ်ပေးတာ ပြင်းထန်တယ် ဆိုပြီး ဝေဖန်မှုတွေနဲ့ တွဲသိတတ်ကြပါတယ်။ ဒါပေမဲ့ မလေးရှားရဲ့ ရှရီယာ တရားရုံးချုပ်မှာ ပထမဆုံး ခန့်တဲ့ အမျိုးသမီး တရားသူကြီး ကတော့ သူ့ရဲ့ အခန်းကဏ္ဍဟာ မွတ်ဆလင်အများစု နေတဲ့ နိုင်ငံက အမျိုးသမီးတွေကို ကာကွယ်ပေးဖို့လို့ ဆိုပါတယ်။
တရားသူကြီး နန်နီ ရှူရှိုင်ဒါ ဟာ တရက်ကို ရုံးချိန်း ငါးခုနှုန်းနဲ့ တပတ်ကို အမှု ၈ဝ ထိ ကြားနာနိုင်တဲ့သူပါ။
မလေးရှားဟာ အလယ်အလတ်ကျတဲ့ အစ္စလာမ်ဘာသာရေးကို ကျင့်သုံးတဲ့ နိုင်ငံ ဖြစ်ပေမယ့် ရှေးရိုးဆန်တဲ့ အယူဝါဒတွေ ခေါင်းထောင်လာနေပြီး ရှရီယာ ဥပဒေကို သုံးစွဲတာတွေလည်း တိုးမြင့်လာနေပါတယ်။ တရားရေး စနစ် နှစ်ခု ကျင့်သုံးတဲ့ နိုင်ငံမှာ ထောင်ချီတဲ့ မွတ်ဆလင်တွေက အစ္စလာမ် ဥပဒေနဲ့ မိသားစု ကိစ္စ၊ ကျင့်ဝတ်ပိုင်းဆိုင်ရာတွေကို ဖြေရှင်းကြပါတယ်။ မွတ်ဆလင် မဟုတ်သူတွေကတော့ ဒီလိုကိစ္စတွေမှာ ဘာသာရေး နဲ့မဆိုင်တဲ့ တခြားဥပဒေတွေ သုံးကြပါတယ်။
နန်နီက ငွေရေးကြေးရေးကိစ္စကနေ ခါလွပ်လို့ခေါ်တဲ့ ကိစ္စတွေထိ တရားစီရင်ပါတယ်။ ခါလွပ်ဆိုတာက လက်ထပ်မထားတဲ့ မွတ်ဆလင် စုံတွဲတွေကို ဖမ်းမိတဲ့ ကိစ္စတွေကို ပြောတာပါ။
ဒါပေမဲ့ သူ့ရဲ့ အဓိက ကျွမ်းကျင်မှုကတော့ မယားပြိုင်ထားတဲ့ ကိစ္စတွေနဲ့ ကလေး စောင့်ရှောက်ခွင့် တွေပါ။ မွတ်ဆလင်လောကမှာ အမျိုးသားတွေကို မိန်းမ လေးယောက်ထိ ယူခွင့်ပြုထားပြီး ဒါဟာ မလေးရှားမှာ တရားဝင် ဖြစ်ပါတယ်။
မယားပြိုင် ယူခွင့် မပေးခင်မှာ စဉ်းစားစရာ ကိစ္စတွေ အများကြီး ရှိတယ်လို့လည်း တရားသူကြီး နန်နီက ပြောပါတယ်။
"အမှုတိုင်းက ရှုပ်ထွေးပြီး ကွာခြားမှုတွေ ရှိတယ်" လို့လည်း သူက ရှင်းပြပါတယ်။ "အစ္စလာမ် ဥပဒေ ကို လုံးပြောလို့ မရဘူး၊ ယောက်ျားတွေ မျက်နှာသာပေးပြီး မိန်းမတွေကို မတရားဆက်ဆံတယ်လို့လည်း ပြောလို့မရဘူး။ ဒီလို အထင်မှားတာတွေကို ပြင်ပေးချင်တယ်" လို့ ဆိုပါတယ်။
ဒီလို မယားပြိုင် ယူဖို့ လျှောက်ထားတဲ့ ကိစ္စမှာ သက်ဆိုင်သူတွေအားလုံး တရားသူကြီး နန်နီရဲ့ ရုံးကို ကိုယ်တိုင်လာကြရပါတယ်။
"ကျွန်မက အားလုံးဆီက ကြားနာချင်တာ၊ ယောက်ျားတွေဘက်ကချည်း မဟုတ်ဘူး" လို့ သူကပြောတယ်။"မိန်းမတွေကိုယ်တိုင် ဒီကိစ္စမှာ တသဘောတည်း ရှိသလား ဆိုတာ သေချာအောင် စကားပြောကြည့်တယ်၊ သူတို့ ဆန္ဒပါဖို့ အရေးကြီးတယ်၊ ဒီလို မပါတဲ့ အရိပ်အယောင်ကို တွေ့ရင်တော့ ကျွန်မ ခွင့်ပြုမိန့် မပေးဘူး"
"ကျွန်မလည်း မိန်းမဆိုတော့ မိန်းမအများစု က ဒီလို အတွေးအခေါ်ကို မကြိုက်တာကို နားလည်နိုင်တယ်၊ ဒါပေမဲ့ အစ္စလာမ် ဘာသာရေးမှာ ဒါကို ခွင့်ပြုထားတာ၊ ကျွန်မတို့ မလေးရှား တရားရုံးတွေကလည်း ဒါကို ကိုင်တွယ်ဖို့ တင်းတင်းကျပ်ကျပ် ဥပဒေတွေ ပြဋ္ဌာန်းထားတယ်"
"ယောက်ျားတယောက် နောက်အိမ်ထောင်ပြုဖို့မှာ အင်မတန် ခိုင်မာတဲ့ သက်သေ ရှိရတယ်" လို့ ဆိုပါတယ်။
"အမျိုးသားက သူ့ရဲ့ ပထမဇနီးရော၊ နောက်လက်ထပ်မယ့်သူကိုပါ သာယာဝပြောမှုအတွက် စောင့်ရှောက်ရတယ်၊ ဘယ်သူ့လိုအပ်ချက်ကိုမှ လျစ်လျူရှုလို့ မရဘူး"
တချို့ ဇနီးတွေက ဒီလိုစဉ်းစားတာကို လက်ခံတယ်လို့လည်း တရားသူကြီး နန်နီက ဆိုပါတယ်။
အမျိုးသမီးက နေမကောင်းလို့ ကလေးမရနိုင်တဲ့ ကိစ္စတခုကို သူက ပြန်ပြောပြပါတယ်။
"သူ့ယောက်ျားကို သူချစ်တယ်၊ ဒါကြောင့်နောက်မိန်းမ ယူခွင့်ပေးဖို့ ကျွန်မက ခွင့်ပြုစေချင်တယ်။ ဒါကြောင့် ပြုပေးလိုက်တယ်"
ရှရီယာ ဆိုတာ ဘာလဲ
- ရှရီယာ ဥပဒေဟာ အစ္စလာမ်ဘာသာရဲ့ ဥပဒေ ကျောရိုး ဖြစ်ပြီး အစ္စလာမ် ကျမ်းမြတ် ကုရ်အာန်နဲ့ တမန်တော် မိုဟာမက်ရဲ့ သင်ကြားချက် ဟာဒိသ်၊ အစ္စလာမ် ဘာသာရေး ဆရာကြီးတွေရဲ့ ဆုံးဖြတ်ချက် ဖတဝါတွေက ဆင်းသက်လာတာပါ။
- မလေးရှားမှာ ပြည်နယ်ကို လိုက်ပြီး ကျင့်သုံးမှု ကွာခြားပါတယ်။
တင်းကျပ်တဲ့ ဥပဒေတွေ ထားတာနဲ့ ပတ်သက်ပြီး ဒါဟာ မျှမျှတတ ဖြစ်နိုင်အောင်လုပ်တာလို့ နန်နီ က သူ့ဘာသာဘက်က ကာကွယ်ပြောပါတယ်။
ဒါပေမဲ့ ရှရီယာဥပဒေကို တလွဲသုံးတာတွေ မကြာခဏ ဖြစ်နေတယ်လို့ ဝေဖန်သူတွေနဲ့ လူ့အခွင့်အရေး အုပ်စုတွေက ငြင်းချက်ထုတ်ကြပါတယ်။
"မိန်းမတွေ၊ လိင်တူချစ်သူတွေ၊ လူမှုရေးနဲ့ ဘာသရေးအရ လူနည်းစုတွေကို မခွဲခြားတဲ့ ရှရီယာ ဥပဒေကို မကန့်ကွက်ပါဘူး" လို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ရဲ့ အာရှရုံး ဒုတိယ ညွှန်ကြားရေးမှူး ဖီလ် ရောဘတ်ဆန်က ဘီဘီစီ အမျိုးသမီး ၁ဝဝ အစီအစဉ်ကို ပြောပါတယ်။
"ဒါပေမဲ့ မလေးရှားမှာ ရှရီယာ ဥပဒေကို ဒီလို ချိုးဖောက်တဲ့ ကိစ္စတွေမှာ ခဏခဏ သုံးနေတာက ပြဿနာပါ"
"ဘာသာရေးအကြောင်းပြချက်နဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအရ ညီတူညီမျှ ရှိရမယ့် စံချိန်တွေကို ဝင်စွက်ဖက်တာကတော့ ဘယ်တော့မှ လက်ခံနိုင်စရာ မရှိဘူးလေ၊ ခွဲခြားဆက်ဆံတာတွေလည်း မရှိသင့်ဘူး"
မလေးရှား အမျိုးသမီးနှစ်ယောက် မကြာခင်က လိင်တူ ဆက်ဆံလို့ ဆိုပြီး ကြိမ်ဒဏ်ပေးခံရတဲ့ ကိစ္စကြောင့် လူ့အခွင့်အရေး အဖွဲ့တွေက အင်မတန် ဒေါသထွက်ကြပါတယ်။ ဒီကိစ္စမှာ ရှရီယာ ဥပဒေကို မလျော်မကန် ကျင့်သုံးတယ်လို့ ဆိုကြပါတယ်။
တရားသူကြီး နန်နီ ကတော့ ဒီကိစ္စကို ထုတ်မပြောပေမယ့် ဒီလိုဆိုပါတယ်။ "ရှရီယာ ဥပဒေနဲ့ ကြိမ်ဒဏ်ပေးတာဟာ ကျူးလွန်သူတွေကို ပညာပေးဖို့ပါ၊ ဒါမှ ဒီအပြစ်ကို ထပ်ပြီး မကျူးလွန်မှာလေ"
ရှရီယာ ဥပဒေက ယောက်ျားတွေကို ဘက်လိုက်ပြီး အမြဲတမ်း ဆုံးဖြတ်တာ မဟုတ်ဘူးလို့လည်း တရားသူကြီး နန်နီက စောဒက တက်ပါတယ်။
"ကျွန်မတို့ ဥပဒေက အမျိုးသမီးတွေကို ကာကွယ်ပေးဖို့ ထားတာ။ သူတို့ ဘဝ သာယာမှုနဲ့ လုံခြုံမှုကို ကြည့်ရတယ်" လို့လည်း ဆိုတယ်။
"အစ္စလာမ်မှာ အမျိုးသမီးတွေကို တန်ဖိုးထားတယ်၊ တရားသူကြီးတွေအနေနဲ့ ကျွန်မတို့က ဥပဒေကျင့်သုံးတာကို တန်ဖိုးရှိအောင် ထိန်းသိမ်းရမယ် " လို့ ပြောပါတယ်။
သူ အဓိက စိုးရိမ်တာကတော့ မွတ်ဆလင် အမျိုးသားတွေ ပြည်ပမှာ လက်ထပ်ပြီး ရှရီယာရုံးတွေရဲ့ တင်းကျပ်တဲ့ စည်းကမ်းကို ရှောင်ကြတာပါ။
"နိုင်ငံခြားမှာ လက်ထပ်ရင် မလေးရှား ဥပဒေနဲ့ ထိန်းလို့မရဘူး။ တချို့ အမျိုးသမီးတွေကလည်း သူတို့ယောက်ျားတွေကို ကာကွယ်ပေးချင်တော့ ခွင့်ပြုချက် ပေးကြတယ်။ သူတို့မသိတာက သူတို့ ဒုက္ခရောက်မှာကိုပါ" လို့ ပြောပါတယ်။
"ကျွန်မတို့ ရှာရီယာ ဥပဒေတွေက အမျိုးသမီးတွေကို ကာကွယ်နိုင်အောင် ထားတာပါ၊ ဒါမှ သူတို့ ယောက်ျားတွေ မဟုတ်တာ မလုပ်နိုင်မှာ" လို့လည်း ပြောတယ်။
အစ္စလာမ် ညီအစ်မများလို အမျိုးသမီး အုပ်စုတွေကတော့ တရားရုံးတွေမှာ အမျိုးသမီး ခန့်ထားမှု မမျှတတာ၊ နည်းလွန်းတာကို ထောက်ပြကြပါတယ်။ နောက်ပြီး စနစ်တခုလုံးမှာ ယောက်ျားကြီးစိုးမှုက သိသာတယ်လို့လည်း ဆိုပါတယ်။
"မလေးရှားရဲ့ ရှရီယာ ဥပဒေမှာ အမျိုးသမီးတွေကို ခွဲခြားရုံတင် မဟုတ်ဘူး၊ လူမှုရေး ဖောက်ပြန်တာတွေရဲ့ အကြောင်းရင်းလို ဖြစ်အောင် ပုံဖျက်တယ်" လို့ အဲဒီအဖွဲ့က ပြောခွင့်ရ မဂျစ်ဒါ ဟာရှင်က ဆိုပါတယ်။
"အစိုးရရဲ့ အစ္စလာမ် အဖွဲ့အစည်းတွေက အမျိုးသမီးတွေ တရားမျှတမှု ရဖို့ အနည်းအကျဉ်းပဲ လုပ်ပါတယ်။ အခု ရှရီယာ ဥပဒေနဲ့ အမျိုးသမီးတွေကို စစ်ဆေးနေတာတွေမှာ သူတို့လိုလားချက်တွေကို မဖော်ပြနိုင်ဘဲ တရားမျှတမှု ရှိဖို့လည်း လက်လှမ်းမမီ ဖြစ်နေပါတယ်"
ဒါကြောင့် တရားသူကြီး နန်နီကို ခန့်အပ်မှုက အရေးကြီးတယ်လို့ ရှုမြင်ကြပါတယ်။
"ကျွန်မတို့ခေတ်တုန်းက ရှရီယာ တရားသူကြီး အများစုက အမျိုးသားတွေပါ။ သူတို့က အမျိုးသမီးတွေ လိုအပ်ချက်ကို မေးရမြန်းရတာ " လို့ တရားသူကြီး နန်နီက ပြောပါတယ်။
"ကျွန်မ တခါမှ တရားသူကြီး ဖြစ်ဖို့ စိတ်မကူးခဲ့မိဘူး" လို့လည်း ဝန်ခံတယ်။ "ရှေ့နေ တယောက်အနေနဲ့ ဒီလို ရှုပ်ထွေးတဲ့ ကိစ္စတွေကို ကိုင်တွယ်ရတဲ့ အဆင့်မြင့်ရာထူးကို တာဝန်ယူနိုင်ပါ့မလား မသိခဲ့ဘူး။ ကျွန်မက မိန်းမဆိုတော့ ကြောက်လည်းကြောက်တယ်၊ သံသယလည်းများတယ် "
"တခါတခါကျတော့လည်း စိတ်ထဲ မသက်မသာပဲ။ မိန်းမတယောက် အနေနဲ့ ဘာမှ ခံစားချက် မရှိဘူး ပြောရင်လည်း လိမ်ရာကျတယ်။ ဒါပေမဲ့ တရားသူကြီး တယောက် အနေနဲ့ သမာသမတ်ကျဖို့ စိတ်ရှင်းဖို့တော့ လိုတယ်။ ဒါကို ကျွန်မ တရားစီရင်ချက်မှာလည်း ပေါ်အောင် ကြိုးစားတယ်။ ရုံးတော်မှာ အကောင်းဆုံးရတဲ့ သက်သေတွေနဲ့ စီရင်ချက်ချနိုင်အောင် လုပ်တယ်"