သွလားက် သုံးကြိမ် တဆက်တည်းပြောပြီး ကွာရှင်းတာကို ဥပဒေနဲ့ တားမြစ်လို

အစ္စလာမ်ဘာသာဝင် လင်မယားကွာရှင်းမှုမှာ သွလားက် ကို သုံးကြိမ် တထိုင်ထဲပြောပြီး ကွာရှင်းနေတာတွေ ကို ဥပဒေနဲ့ တားမြစ်ဖို့ လိုတယ်လို့ အော့ကစ်ဟိုတယ်မှာ ကျင်းပတဲ့ အစ္စလာမ် ဘာသာဝင် လင်မယား ကွာရှင်းမှုဆိုင်ရာ ဆွေးနွေးပွဲကို ဦးဆောင်ကျင်းပနေတဲ့ The Friday time ဂျာနယ်က ဒုအယ်ဒီတာချုပ် ဦးမောင်လတ်က ဘီဘီစီကို ပြောပါတယ်။

အစ္စလာမ်-ကိုရမ်ကျမ်း စတင်ဖြစ်ပေါ်ကတည်းက သွလားက် ခေါ်ပြီး ကွာရှင်းမှုဟာ အယူအဆ အမျိုးမျိုးနဲ့ အငြင်းပွားနေတဲ့အတွက် အခုခေတ် အခြေအနေအရ ပြဋ္ဌာန်းထားတဲ့ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအတိုင်းသွားမှ အဆင်ပြေမယ်လို့ ဦးမောင်လတ်က ဆိုပါတယ်။

သွလားက်ပေးတာကို ကိုရမ်ကျမ်းစာမှာတော့ သုံးကြိမ် သတ်မှတ်ထားပြီး ပထမတကြိမ် သွလားက်ပေးပြီးရင် အမျိုးသမီးဘက်က ကိုယ်ဝန်ရှိမရှိ စောင့်ကြည့်တဲ့အနေနဲ့ တလ စောင့်ကြည့်ရပါတယ်။

တကယ်လို့ မရှိခဲ့ဘူးဆိုရင်တော့ ဒုတိယအကြိမ် ထပ်ပြီး သွလားက်ပေးရမှာ ဖြစ်ပြီး ဒီလို နှစ်ကြိမ်ပေးပြီးချိန်မှာတော့ လင်မယားနှစ်ယောက်စလုံးရဲ့ သံဃောဇဉ်ပြတ်မှုအပေါ် မူတည်ကာ တတိယအကြိမ် အပြီးတိုင် ပြတ်စဲလေ့ ရှိပါတယ်။

တချို့ ဘာသာရေးဆရာတွေက သွလားက်ကို တထိုင်ထဲ သုံးကြိမ်ပေးတာကို လက်ခံခဲ့တဲ့အတွက် အစ္စလာမ်ဘာသာဝင် အမျိုးသမီးတချို့ နစ်နာမှုတွေ ရှိနေတယ်လို့ ပွဲကို တက်ရောက်သူ အစ္စလာမ် ဘာသာဝင် အမျိုးသမီးတွေက ဆိုပါတယ်။

ဒါကြောင့် အစ္စလာမ် ဘာသာတူသူနှစ်ဦး လက်ထပ်မယ်ဆိုရင် ဘာသာရေးအရ လက်ထပ်သလို နိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ မြန်မာ့ဓလေ့ထုံးတမ်းအရလည်း လက်ထပ်ဖို့လိုတယ်လို့ ပွဲမှာ တက်ရောက်လာတဲ့ သူတွေက ဆွေးနွေးခဲ့ကြပါတယ်။

ဒါအပြင် ပြန်ပေါင်းမယ် ဆိုပါက အစ္စလာမ်တရားအရ သုံးကြိမ် သွလားက် ခေါ်ကွာရှင်းပြီးတဲ့ အမျိုးသမီးတဦးကို ပထမ အိမ်ထောင်နဲ့ ပြန်ပေါင်းချင်ရင် ကြားက လူတယောက်နဲ့ တကြိမ် ပေါင်းသင်းပြီးမှ ပထမ အိမ်ထောင်အမျိုးသားကို ပြန်ပေါင်းရမယ်ဆိုတဲ့ ယူဆလုပ်ဆောင်ချက်တွေကလည်း ဘာသာရေး ဥပဒေမှာ မရှိသလို ဘာသာရေးခေါင်းဆောင် တချို့ရဲ့ လုပ်ဆောင်မှုသာ ဖြစ်တယ်လို့ ဒီပွဲမှာ ဆွေးနွေးခဲ့ပါတယ်။

အခုအချိန်မှာ အာဏာစက်နဲ့ ဓမ္မစက် အတူတွဲမရှိတော့ အာဏာစက်အရ တရားဥပဒေဟာ ပိုင်တယ် မပိုင်တယ်ပဲ ဖြေရှင်းနိုင်တာ။ ဘာသာရေး ဥပဒေကို သေချာ မသိတဲ့ အစ္စလာမ် အမျိုးသမီးတွေက အများကြီး နစ်နာမှုတွေ ရှိနေပါသေးတယ်။ အစ္စလာမ်အမျိုးသမီးတွေကတော့ တထိုင်တည်း သွလားက်ပေးတာကို မလိုချင်ဘူး စနစ်တကျ လူကြီးတွေရှေ့မှာ သွလားက်တကြိမ်ပေးပြီး အချင်းချင်း ညှိနှိုင်း ပြင်ဆင် ဆွေးနွေးတာကို လိုချင်ကြတယ်လို့ ဆွေးနွေးပွဲကို တက်ခဲ့တဲ့ မခင်အေးမြင့် ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း အိန္ဒိယမှာတော့ သွလားက်ကို သုံးကြိမ်ခေါ်ရုံနဲ့ အစ္စလမ် အမျိူးသားခင်ပွန်းက သူ့ဇနီးသည်ကို ချက်ချင်းကွာရှင်းနိုင်တယ်ဆိုတဲ့စနစ်ကို ပြစ်မှုမြောက်တယ်လို့ ဆုံးဖြတ် လိုက်ပါတယ်။

အသစ်ပြဋ္ဌာန်းတဲ့ ဥပဒေအရ မလိုက်နာတဲ့ အစ္စလာမ် အမျိုးသားဟာ ထောင်ဒဏ် သုံးနှစ်ကျအထိ ကျခံရမှာဖြစ်ပါတယ်။