ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တာလပ် သုံးကြိမ် ခေါ်ရုံနဲ့ ကွာရှင်းတဲ့ ဓလေ့ကို ပြစ်မှုမြောက်ကြောင်း သတ်မှတ်တော့မယ်
triple talaq လို့ ခေါ်တဲ့ တာလပ် သုံးကြိမ် ခေါ်လိုက်ရုံနဲ့ မွတ်စလင် ခင်ပွန်းတယောက်က သူ့ဇနီးသည်ကို ချက်ချင်း ကွာရှင်းနိုင်တယ်ဆိုတဲ့စနစ်ကို အိန္ဒိယနိုင်ငံမှာ ပြစ်မှုမြောက်တယ်လို့ အိန္ဒိယအောက်လွှတ်တော် က မဲခွဲဆုံးဖြတ် လိုက်ပါတယ်။
အခုအခါ ဒီဥပဒေကြမ်းအရ မွတ်စလင်အမျိုးသားတွေ မလိုက်နာရင် ထောင်ဒဏ်၃နှစ်အထိ အပြစ်ပေးနိုင်ပြီး အထက်လွှတ်တော်က ဆက်လက်အတည်ပြုမယ်လို့ မျှော်လင့်ရပါတယ်။
မွတ်စလင်အမျိုးသားတွေက သူတို့ ဇနီးသည်တွေကို အာရဘီ လို ကွာရှင်းတယ်လို့ အဓိပ္ပါယ်ပေါက်တဲ့ တာလပ်ဆိုတဲ့ စကားသုံးခွန်း ပြောရုံနဲ့ လင်မယားကွာရှင်း ခွင့်ပြုတဲ့ ဥပဒေဟာ အခြေခံဥပဒေနဲ့ မညီညွတ်ဘူးလို့ အိန္ဒိယ တရားရုံးချုပ်က အခုနှစ် စောစောပိုင်းက ဆုံးဖြတ်ခဲ့ပါတယ်။
ဒီလို တာလပ်သုံးကြိမ် ခေါ်လိုက်ရုံနဲ့ လင်ခန်းမယားခန်း ပြတ်စဲတယ်ဆိုတာ သူတို့အတွက် အလွန်နစ်နာပြီး လူ့အခွင့်အရေး ချိုးဖေါက်ရာကျတယ်လို့ မွတ်စလင်ဇနီးသည် အများအပြား ကချေပပြောဆိုကြပါတယ်။
ဒီစကားသုံးလုံးကို သုံးပြီး တချို့ ယောက်ျားတွေက ဆိုရှယ်မီဒီယာကနေ တဆင့်တောင် သူတို့ ဇနီးသည်တွေကို ကွာရှင်းခဲ့ကြပါတယ်။
အခုအခါ အိန္ဒိယအောက်လွှတ်တော်က ဒီလိုအငြင်းပွားစရာ ဖြစ်နေတဲ့လုပ်ရပ်ကို မဲခွဲကန့်ကွက်လိုက်ပြီး အထက်လွှတ်တော်က ဆုံးဖြတ်ဖို့ ဆက်ဆောင်ရွက်နေပါပြီ ဖြစ်ပါတယ်။
ဟိန္ဒူ ဘာသာ၀င်တွေ ကြီးစိုးတဲ့ အိန္ဒိယနိုင်ငံမှာ အစ္စလာမ် ဘာသာဟာ လူနည်းစုတွေ အတွင်း အများဆုံး ကိုးကွယ်ကြတဲ့ ဘာသာတရပ် ဖြစ်ပါတယ်။
မွတ်စလင် အများအပြား ကတော့ အခုလို ချက်ခြင်းကွာရှင်းခွင့်ပြုတဲ့စနစ်ဟာ မှားယွင်းပြီးခေတ်နဲ့ မလျော်ညီတော့ဘူးလို့ လက်ခံသဘောတူကြပါတယ်။
ဒါပေမယ့် အချို့ လူ့အသိုင်းအဝိုင်းကခေါင်းဆောင်တွေကတော့ မွတ်စလင်တွေရဲ့ ကိုယ်ပိုင် ဥပဒေကို အိန္ဒိယ အစိုးရကနေ ပြောင်းလဲ ခွင့်မရှိဘူးလို့ အငြင်းပွား နေကြပါတယ်။