ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သက်တမ်းဝက် ရွေးကောက်ပွဲ သမိုင်းမှာ ရီပတ်ဘလီကန် တို့ က ရှုံးနိမ့်လေ့ ရှိပြီး ထရမ့်ကို လူကြိုက်နည်းလာ
အမေရိကန် သမ္မတ သက်တမ်းဝက် ရွေးကောက်ပွဲကို နိုဝင်ဘာလ ၆ ရက်နေ့မှာ ကျင်းပတော့မှာပါ။ ဒီရွေးကောက်ပွဲဟာ သမ္မတ ထရမ့်အတွက် အင်မတန်မှ အရေးကြီးတဲ့ ရွေးကောက်ပွဲလို့ ဆိုကြပါတယ်။ လူထု စစ်တမ်း ကောက်ယူချက်တွေအရ သမ္မတ ထရမ့်ကို လူကြိုက်နည်းလာနေတာကို တွေ့ရပါတယ်။
ပြောရမယ် ဆိုရင် ရီပတ်ဘလီကန် ပါတီဟာ အမေရိကန် ပြည်တွင်းစစ်ကြီး ဖြစ်ခဲ့တဲ့ အချိန်ကတည်းက စလို့ သမ္မတ သက်တမ်း တဝက် ရွေးကောက်ပွဲတိုင်းမှာ အောက်လွှတ်တော်မှာ ပျမ်းမျှ အမတ်နေရာ ၃၂ နေရာနဲ့ အထက်လွှတ်တော်မှာ အမတ်နေရာ ၂ နေရာ လက်လွှတ် ဆုံးရှုံးရလေ့ ရှိပါတယ်။
ပွက်ပွက်ညံ ကန့်ကွက်မှုတွေကြောင့် ထရမ့် ဝါဒ အထိနာနေချိန်မှာ ဒီမိုကရက်တွေက လူထုကြားထဲ ရံပုံငွေ ရှာတာတွေ၊ ရီပတ်ဘလီကန် ပါတီရဲ့ လစ်လပ်နေရာတွေအတွက် မဲဆွယ်တာတွေ လုပ်နေကြပါတယ်။
ဒါ့အပြင် ဒီမိုကရက်ပါတီမှာ အရင်ကထက် အမျိုးသမီးတွေ ပိုများလာနေပြီး တချို့နေရာတွေမှာဆို ဒီမိုကရက် အမတ်လောင်းတွေဟာ အသက် ၃၀ အရွယ်အောက်လူငယ်တွေ ဖြစ်ကြပါတယ်။ဒါက ဒီမိုကရက်တွေအတွက် အားသာချက်လို့ ပြောရမှာပါ။
တခါ ရီပတ်ဘလီကန် ပါတီဘက်ကို ကြည့်ရင်တော့ သမ္မတ သက်တမ်း တဝက် ရွေးကောက်ပွဲ ဝင်ပြိုင်တဲ့ ရီပတ်ဘလီကန် ပါတီ အမတ်လောင်းတွေဟာ လူဖြူတွေ အသက်ကြီးသူတွေ ရှေးရိုးစွဲ စိတ်ပိုရှိသူတွေ များပါတယ်။
သမ္မတ ထရမ့်ကို လူကြိုက်နည်းလာနေတာ မှန်ပေမယ့် ဒီမိုကရက် ပါတီထဲမှာလည်း ထင်ရှားတဲ့ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ရယ်လို့ မယ်မယ်ရ ရ ပြစရာ မရှိပါဘူး။
ဟီလာရီ ကလင်တန် မမျှော်လင့်ပဲ ရှုံးနိမ့်သွားခဲ့တဲ့ ၂၀၁၆ အထွေထွေ ရွေးကောက်ပွဲ ပြီးကတည်းက ဒီမိုကရက် ပါတီမှာ ပဲ့ကိုင်နိုင်တဲ့ ခေါင်းဆောင် ကင်းမဲ့နေတယ်လို့ အများက မြင်နေကြတာပါ။
ဒါတွေအပြင် အမေရိကန် စီးပွားရေး ကလည်း သမ္မတ ထရမ့် လက်ထက်မှာ တိုက်လေယာဉ် အင်ဂျင်နှုန်းနဲ့ အမြင့်ဆုံး ထိုးတက်လာနေတာ တွေ့ရပါတယ်။
လောလောဆယ်မှာ အလုပ်လက်မဲ့ ဦးရေ အနိမ့်ဆုံးကျဆင်းသွားခဲ့ပြီး စားသုံးသူ တွေရဲ့ ယုံကြည်စိတ်ချမှု မြင့်တက်လာနေသလို လုပ်ခ လစာငွေတွေလည်း တိုးလာနေတာဟာ ရီပတ်ဘလီကန်တွေအတွက် တပန်းသာစရာ ဖြစ်ပါတယ်။ ပါတီကြီး နှစ်ခုအတွက် အနိုင်အရှုံး ဆုံးဖြတ်နိုင်ဖို့ အဓိက အရေးပါတဲ့ ကိစ္စတွေကတော့ လူဝင်မှု ကြီးကြပ်ရေးကိစ္စဖြစ်ပါတယ်။
သမ္မတထရမ့်ရဲ့ လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ တင်းမာတဲ့ ပေါ်လစီတွေကြောင့် လူငယ် မဲဆန္ဒရှင်တွေ ၊ အလယ်အလတ် ဝါဒီတွေနဲ့ လူနည်းစု တွေ သူတို့ဘက် ပါလာမယ်လို့ ဒီမိုကရက်တွေက ယုံကြည်နေပါတယ်။
တခါ ဒီမိုကရက်တွေဟာ အမေရိကန် နိုင်ငံသားတွေထက် တရားမဝင် နိုင်ငံရွှေ့ပြောင်း ဝင်လာသူတွေကိုပဲ ပိုအရေးထားတယ်လို့ ယူဆနေကြတဲ့ ရှေးရိုးစွဲ ဝါဒီတွေကို ရီပတ်ဘလီကန်တွေက သူတို့ရဲ့ တင်းမာတဲ့ ပေါ်လစီတွေနဲ့ စည်းရုံးနိုင်မယ်လို့ တွက်ထားတာပါ။
ဒါ့အပြင် အမေရိကန် ပြည်သူတွေ အတွက် ထိပ်တန်း စိုးရိမ်စရာ နောက်ကိစ္စတခုက ကျန်းမာရေး စောင့်ရှောက်မှု ဖြစ်ပြီး ကျန်းမာရေး အာမခံ ကုန်ကျစရိတ် တိုးပြဌာန်းမယ့် ပါတီကို မဲဆန္ဒရှင်တွေ မဲထည့်ကြမယ့် ပုံ မရှိပါဘူး။
တကယ်လို့ ဒီရွေးကောက်ပွဲမှာ ဒီမိုကရက်တွေက အောက်လွှတ်တော်မှာ နိုင်မယ် ဆိုရင် ဘယ်ဥပဒေကြမ်းကို အတည်ပြုမလဲဆိုတာ သူတို့က ဆုံးဖြတ်ခွင့် ရမှာ ဖြစ်ပြီး ကော်မတီ ဥက္ကဋ္ဌ ဖြစ်ခွင့်ကိုလည်း ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
ဒါဆိုရင်တော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရုရှားတို့ရဲ့ ဝင်စွက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ၊ သမ္မတ ထရမ့်ရဲ့ စီးပွားရေး အဆက်အသွယ်လုပ်ငန်းတွေ၊ သူ့အပေါ် စွဲဆိုထားတဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ စတဲ့ ကိစ္စတွေကို စုံစမ်းစစ်ဆေးရာမှာ ဒီမိုကရက်တွေ ကြီးကြပ်နိုင်တော့မှာ ဖြစ်ပါတယ်။