ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမေရိကန် စာတိုက်ဗုံး၊ ထရမ့် ဝေဖန်သူတွေကို ပစ်မှတ်ထားတဲ့ လှုပ်ရှားမှုကြောင့် အဖမ်းခံရ
အမေရိကန် သမ္မတ ထရမ့်ကို ဝေဖန်သူတွေကို ဆန့်ကျင်တဲ့ စာတိုက်ဗုံး လှုပ်ရှားမှုကြောင့် ၅၆ နှစ်အရွယ် အမျိုးသား တယောက်ကို ဖလော်ရီဒါ ပြည်နယ်မှာ ဖမ်းဆီးခဲ့တယ်လို့ အမေရိကန် သတင်းတွေမှာ ဖော်ပြ ပါတယ်။
ဒီရက်ပိုင်း အတွင်း အမေရိကန် သမ္မတဟောင်း ဘားရက် အိုဘားမားနဲ့ ရုပ်ရှင်မင်းသား ရောဘတ် ဒီနီရိုး အပါအဝင် နာမည်ကျော်တွေဆီကို အထုပ် ၁၂ ထုပ် ပို့ခဲ့တာ ဖြစ်ပါတယ်။
နောက်ဆုံး နှစ်ထုပ်ကို ဖလော်ရီဒါနဲ့ နယူးယော့မှာ သောကြာနေ့မှာ တွေ့ခဲ့တာပါ။
အမေရိကန် သက်တမ်းတဝက် ရွေးကောက်ပွဲတွေ မတိုင်ခင် နှစ်ပတ်လောက် အလိုမှာပဲ ဒီကိစ္စတွေ ဖြစ်လာတာ ဖြစ်ပါတယ်။ ဒီအတွက် နိုင်ငံရေးက ပိုပြီး လှုပ်ရှား လာပါတယ်။
ဒီအထုပ်တွေ ပို့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အက်ဘီအိုင်က ဖလော်ရီဒါက စာတိုက်တခုကို စစ်ဆေးနေတယ်လို့ သတင်းထွက်လာပါတယ်။
ဒီ ကိစ္စတွေအပေါ် မစ္စတာ ထရမ့်က မှတ်ချက်တွေ မကြာခဏ ပေးခဲ့ပါတယ်။ နောက်ဆုံး တွစ်တာ မှတ်ချက်မှာတော့ ဒီဗုံး ကိစ္စတွေက ရွေးကောက်ပွဲအကြို ရီပတ်ဘလစ်ကန်တွေရဲ့ အဟုန်ကို ကျအောင် လုပ်တယ်ဆိုပြီး ပါပါတယ်။
သောကြာနေ့မှာ အထုပ်ရခဲ့တဲ့ ထောက်လှမ်းရေး အကြီးအကဲဟောင်း ဂျိမ်းစ် ကလပ်ပါးကတော့ ပြည်တွင်း အကြမ်းဖက်မှုသာ ဖြစ်တယ် ဆိုတာ မေးခွန်းထုတ်စရာ မလိုဘူးလို့ စီအန်အန်ကို ပြောပါတယ်။
သမ္မတ ထရမ့်ကို ဝေဖန်သူလို့ မသင်္ကာသူ ဘယ်သူကို မဆို သတိထားရမယ်လို့လည်း ဆိုပါတယ်။
ဗုံးခြောက်လှန့်မှု ဘယ်လိုတွေ့
တနင်္လာနေ့ကစပြီး ဗုံးသတင်းက ပေါ်လာခဲ့ပါတယ်။ ဒီမိုကရက်ပါတီရဲ့ အဓိက အလှူရှင်တယောက် ဖြစ်တဲ့ ဘီလျံနာ သူဌေးကြီး ဂျော့ဆိုးရော့စ် စာတိုက်ပုံးမှာ ဖောက်ခွဲရေးလို့ မသင်္ကာစရာ တွေ့ရှိခဲ့ပါတယ်။
သောကြာနေ့မှာပဲ ထိပ်တန်း ဒီမိုကရက်ပါတီ ဆီနိတ်အမတ် ကိုရီ ဘွတ်ကာရဲ့ ဖလော်ရီဒါအိမ်နဲ့ ထောက်လှမ်းရေး အကြီးအကဲဟောင်း ဂျိမ်းစ် ကလပ်ပါရဲ့ နယူးယော့ လိပ်စာကို ပို့တာတွေ ဖြစ်ခဲ့ပါတယ်။
စောစောကတော့ ဖောက်ခွဲရေး ပစ္စည်း ၁ဝ ခုကို လူ ရှစ်ယောက်ဆီ ပို့ခဲ့တယ်လို့ အက်ဘီအိုင်က ပြောပါတယ်။
- ဂျော့ဆိုးရော့စ်
- နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်
- သမ္မတဟောင်း ဘားရက်အိုဘားမား
- ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒန် (ဖောက်ခွဲရေး ပစ္စည်းနှစ်ခု)
- စီအိုင်အေ ညွှန်ကြားရေးမှူးဟောင်း ဂျွန်ဘရန်နန်
- ရှေ့နေချုပ်ဟောင်း အဲရစ်ဟိုးလ်ဒါး
- ကယ်လီဖိုးနီးယား ဒီမိုကရက်အမတ် မက်ဆင်း ဝေါတားစ် (ဖောက်ခွဲရေး ပစ္စည်းနှစ်ခု)
- မစ္စတာ ဒီနီးရိုး
အထုပ်တထုပ်မှ ပေါက်ကွဲတာတော့ မဖြစ်ခဲ့ပါဘူး။
ဘာကြောင့် နိုင်ငံရေးတွေပါလာ
နိုင်ငံရေးသမားတွေအနေနဲ့ အတိုက်အခံတွေကို အကျင့်ပျက်တွေလို ဆက်ဆံတာတွေ ရပါပြီး ယဉ်ကျေးမှု ရှိကြပါ ဆိုပြီး ဗုံးသတင်းတွေ စထွက်လာတော့ ထရမ့်က ရေးခဲ့ပါတယ်။
သူ့ကို ဝေဖန်သူတွေကတော့ ဒါကို ကြောင်သူတော်ဆန်တယ်လို့ ပြန်နှက်ခဲ့ပါတယ်။ စီအိုင်အေ ညွှန်မှူးဟောင်း ဂျွန်ဘရန်နန်က သူ့ကို ကြာသပတေးနေ့မှာ တွစ်တာကနေ ဝေဖန်ခဲ့တာပါ။ သူများကို အပြစ်ပြောမနေနဲ့၊ ကိုယ့်ကိုယ်ကိုယ် မှန်ထဲ ပြန်ကြည့်ပါ။ သူများကို စော်ကား ပုတ်ခတ် လိမ်ညာတာတွေ၊ ကိုယ်အားဖြင့် စော်ကား တိုက်ခိုက်ဖို့ အားပေးတာတွေက ကျက်သရေ မရှိဘူးလို့ ရေးခဲ့ပါတယ်။
ထရမ့်က ဒါကို တွစ်တာကနေ တုံ့ပြန်ခဲ့ပါတယ်။
အမေရိကန် နိုင်ငံရေး ဖြစ်ပျက်နေတာတွေမှာ ဒီမိုကရက်တွေ အပြစ် ဆိုပြီး ရှေးရိုးစွဲသမားတွေက ဝေဖန်နေကြပါတယ်။
ဗုံးနဲ့ ခြိမ်းခြောက်ခံရသူတွေ အပါအဝင် ဒီမိုကရက်တွေက "သွေးဆူနေတဲ့ လူအုပ်" ပုံစံ နိုင်ငံရေးကို အားပေးအားမြှောက် လုပ်တယ် ဆိုပြီး ရှေးရိုးစွဲတွေက ဆိုပါတယ်။
အထုပ်တွေထဲမှာ ဘာပါလဲ
ဒီအထုပ်တွေ အားလုံးကို ဝါရှင်တန်ဒီစီနားက အက်ဘီအိုင် ဓာတ်ခွဲခန်းမှာ စစ်ဆေးနေတုန်းလို့ အက်ဘီအိုင်ဘက်က ပြောပါတယ်။
အက်ဘီအိုင် အဆိုအရ ဒီအထုပ်အများစုမှာ ပိုက်ဗုံးတွေ ပါပုံရတယ်လို့ သိရပါတယ်။
ဒီဗုံးတွေဟာ မငြိမ်တဲ့အတွက် အကိုင်အတွယ် မမှန်ရင် ပေါက်ကွဲသွားနိုင်တယ်လို့ စစ်ဆေးရေးသမားတွေက ပြောကြောင်း စီအန်အန် သတင်းမှာ ပါရှိပါတယ်။ ချိန်ကိုက်နာရီတွေကို လက်ကားဆိုင်ကြီးတွေမှာ အလွယ်တကူ ဝယ်လို့ ရတာ ဖြစ်ပါတယ်။
လက်နက်ကျွမ်းကျင်သူတွေကတော့ ဓာတ်မှန်ပုံတွေကို ကြည့်ပြီး ဒီဗုံးတွေ ဘယ်လောက် အစွမ်းထက်သလဲ သံသယ ရှိနေကြပါတယ်။
ဒီဗုံးတွေ အားလုံးကို ဖောက်ခွဲဖို့ ရည်ရွယ်တာလား ဆိုတာ နယူးယော့ ရဲမင်းကြီး ဂျိမ်းစ် အိုနီးလ်ကတော့ အတည်မပြုနိုင်ကြောင်း ပြောပါတယ်။
ဒါပေမဲ့ ဒါတွေကို ဖောက်ခွဲရေးလို့ မသင်္ကာစရာ ပစ္စည်းတွေအနေနဲ့ စစ်ဆေးနေတယ်လို့ပဲ သူက ဆိုပါတယ်။