ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရုရှားက လက်နက်ဝယ်တဲ့ တရုတ်ကို ဒဏ်ခတ် ပိတ်ဆို့ဖို့ အမေရိကန် ဆုံးဖြတ်
ရုရှားဆီက လက်နက်တွေ ဝယ်တဲ့ တရုတ်စစ်တပ်အပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်ဖို့ အမေရိကန် ဆုံးဖြတ်ခဲ့တာကို တရုတ်နဲ့ ရုရှားတို့က ဒေါသတကြီး တုံ့ပြန်လိုက်ပါတယ်။
တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက အမေရိကန် အနေနဲ့ ဒီဒဏ်ခတ် ပိတ်ဆို့မှုတွေကို အမြန်ဆုံးပြန်ရုပ်သိမ်းရင် သိမ်း၊ မဟုတ်ရင် နောက်ဆက်တွဲ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ် လို့ ပြောသွားပါတယ်။
ရုရှား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး ရီယက်ဘ်ကော့ဗ်ကလည်း အမေရိကန်အစိုးရဟာ မီးနဲ့ ကစားနေတာ ဖြစ်တယ် လို့ ပြောပါတယ်။
အမေရိကန်ဟာ ရုရှားကို ကမ္ဘာ့လက်နက် စျေးကွက်က ဖယ်ထုတ်ဖို့ ကြိုးစားနေပြီး ဒီလိုပိတ်ဆို့မှုဟာ ရန်လိုပြီး ခန့်မှန်းမထားခဲ့ဘူးလို့ ပြောပါတယ်။
ဒီဒဏ်ခတ် ပိတ်ဆို့မှုဟာ ရုရှားက တရုတ်ကို တိုက်လေယာဉ်တွေနဲ့ မစ်ဆိုင်းဒုံး စနစ် ရောင်းချတာနဲ့ ဆက်နွယ်နေပြီး ပြီးခဲ့တဲ့ အမေရိကန် ရွေးကောက်ပွဲမှာ ရုရှား ဝင်ရောက်စွက်ဖက်ခဲ့တာဟာ ဥပဒေ ချိုးဖောက်တယ်ဆိုပြီး အပြစ်ပေးဖို့ လုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒီပိတ်ဆို့မှုကြောင့် တရုတ်နဲ့ ရုရှားကြား ပူးပေါင်းတာ ပိုတွေ့လာရမယ်လို့ ဘီဘီစီ သံတမန်ရေးနဲ့ ကာကွယ်ရေး သတင်းထောက်က ပြောပါတယ်။
တရုတ်က မကြာသေးခင်ကမှ ရုရှား ဆီက ဆူခွိုင်း ဆူ ၃၅ ဂျက်တိုက်လေယာဉ် ၁ဝ စင်းနဲ့ အက်စ် ၄ဝဝ မစ်ဆိုင်းဒုံးကျည်တွေ ဝယ်ယူခဲ့ပါတယ်။
ရုရှားကို ယူကရိန်းမှာ ကျူးကျော် စွက်ဖက်တယ် ဆိုပြီး အမေရိကန်နဲ့ အနောက်အုပ်စုတွေက ၂ဝ၁၄ ကစပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချတုန်းကလည်း တရုတ် မပါခဲ့ပါဘူး။
ဒီလဆန်းက ရုရှားမှာ ကျင်းပတဲ့ စစ်ရေးပြပွဲကြီးမှာလည်း တရုတ်တပ်တွေ ပါခဲ့ပါတယ်။
တရုတ်မှာ အဆင့်မြင့် လက်နက်တွေ လျင်လျင်မြန်မြန် ထုတ်လာနိုင်ပြီ ဖြစ်ပေမယ့် ရုရှားဆီက လက်နက်တွေ ဝယ်ဖို့လည်း ဝန်မလေးသေးပါဘူး။ အထူးသဖြင့် လေကြောင်း ကာကွယ်ရေး စနစ်နဲ့ တိုက်လေယာဉ်တွေ ဖြစ်ပါတယ်။
အရင်က မသင့်တင့်ခဲ့ပေမယ့် အခုတော့ ရုရှကလည်း တရုတ်ကို လက်နက်တွေ ရောင်းချင်နေပါပြီ။
ဒဏ်ခတ်ပိတ်ဆို့မှုဟာ ရုရှားကိုပဲရည်ရွယ်တယ်၊ ဒီပိတ်ဆို့မှုကြောင့် တခြားနိုင်ငံတွေရဲ့ ကာကွယ်ရေး စွမ်းအားကို မထိခိုက်စေဘူးလို့ အမေရိကန် အာဏာပိုင်တွေက ပြောပါတယ်။ တခြားနိုင်ငံတွေကိုလည်း ဒီလိုမျိုး ပိတ်ဆို့တာတွေ လုပ်ဖို့ စဉ်းစားမယ်လို့ ဆိုပါတယ်။
ပိတ်ဆို့မှုတွေက အရာရောက်သေးရဲ့လား
ဂျော်နသန် မားကပ်စ် ၊ ဘီဘီစီ ကာကွယ်ရေးနဲ့ သံတမန်ရေး သတင်းထောက်
ကမ္ဘာ့ရေးရာနဲ့ ပတ်သက်လာရင် အမေရိကန် လုပ်သမျှ လိုက်ပြီး တားဆီး ကန့်ကွက်တာကို ရုရှားနဲ့ တရုတ်တို့ ပူးတွဲလုပ်နေကြတာ ကြာပါပြီ။
မကြာခင်က ရုရှားနဲ့တွဲပြီး ဗော့စတော့ စစ်ရေး လေ့ကျင့်မှုတွေ လုပ်တာ အပါအဝင် ရုရှားနဲ့ တရုတ်ရဲ့ စစ်ရေး ဆက်ဆံမှုတွေ တိုးတက်လာတာကလည်း လျှော့တွက်လို့ မရပါဘူး။ ရုရှားဆီက လက်နက်ဝယ်တာတွေကလည်း လျှော့ချသွားမယ့်ပုံ မပေါ်ပါဘူး။
အမေရိကန် ပိတ်ဆို့မှုကြောင့် တရုတ်နဲ့ ကုန်သွယ်ရေး အငြင်းပွားမှုတွေက ပိုဆိုးလာနိုင်ပါတယ်။ ရုရှားစီးပွားရေးကို ထိခိုက်လာနိုင်ပေမယ့် ရုရှားရဲ့ မူကို ပြောင်းဖို့ကတော့ ထင်သလောက် မဖြစ်နိုင်ပါဘူး။
ကမ္ဘာ့စီးပွားရေး ချိန်ခွင်လျှာ ပြောင်းနေတာမို့ အမေရိကန်ရဲ့ ပိတ်ဆို့မှုဆိုတာတွေက တဖြည်းဖြည်း ပျော့ညံ့လာနေပါပြီ။
ပိတ်ဆို့မှုဒဏ် ဘယ်သူတွေ ခံရမလဲ
ရုရှား အစိုးရ လက်နက်တင်ပို့သူတွေနဲ့ အရောင်းအဝယ်လုပ်ကြတဲ့ တရုတ်ပြည် စစ်ဘက် နည်းပညာ ဖွံ့ဖြိုးရေး ဌာနက အကြီးအကဲတွေကို ပစ်မှတ်ထား ပိတ်ဆို့ခံရမှာ ဖြစ်ပါတယ်။
သူတို့ရဲ့ အမေရိကန်မှာ ပိုင်ဆိုင်မှုတွေ ထိန်းချုပ်ခံရပြီး သူတို့နဲ့ စီးပွားရေး လုပ်တာတွေကိုလည်း တားမြစ်မှာပါ။
ဒီဌာနကို တင်ပို့မှုတွေကို ပိတ်ပင်မှာ ဖြစ်ပြီး အမေရိကန် ဘဏ္ဍာရေး စနစ်ထဲက ပယ်ထုတ်ထားမှာ ဖြစ်ပါတယ်။
ရုရှား စစ်ဘက်နဲ့ ထောက်လှမ်းရေးတွေနဲ့ ပတ်သက်သူ နောက်ထပ် ၃၃ ယောက်ကိုလည်း အမေရိကန်က နာမည်ပျက် စာရင်းသွင်းပြီး ကန့်သတ်ခဲ့ပါတယ်။
တရုတ် အမေရိကန် ဆက်ဆံရေး ဘာတွေ တင်းမာလာမလဲ
နှစ်နိုင်ငံ ကုန်သွယ်ရေး တင်းမာမှုက တော်တော် အရှိန်တက်နေပါပြီ။
တရုတ်ပြည်က အမေရိကန်ကို တင်သွင်းနေတဲ့ ဒေါ်လာ ဘီလျံ ၅ဝဝ လောက် ရှိတဲ့ ကုန်စည်တွေအပေါ် သမ္မတ ထရမ့်က အခွန်နှုန်းထား ကန့်သတ်မှုတွေ သုံးကြိမ် လုပ်ခဲ့ပါတယ်။
တရုတ်ကလည်း ဒေါ်လာ ဘီလျံ ၁၁ဝ လောက် ရှိတဲ့ အမေရိကန် ပို့ကုန်တွေကို တင်းကျပ်မှုတွေ လုပ်ပြီး တုံ့ပြန်ခဲ့ပါတယ်။ ၂ဝ၁၇ တနှစ်ထဲမှာ အမေရိကန်ကနေ ဒေါ်လာ ဘီလျံ ၁၃ဝ ဖိုး ကုန်စည်တွေ တရုတ်က တင်သွင်းခဲ့တာပါ။
နောက် တောင်တရုတ်ပင်လယ်က နယ်မြေတွေကို တောင်းဆိုဖို့ စစ်ရေး လှုပ်ရှားမှုတွေ လုပ်တယ် ဆိုပြီး တရုတ်အစိုးရကို အာဆီယံ နိုင်ငံတွေက စွပ်စွဲနေကြပါတယ်။
အိန္ဒိယနဲ့ ပစိဖိတ် သမုဒ္ဒရာတွေမှာ လွတ်လပ်ပွင့်လင်းဖို့ လိုလားတယ် ဆိုပြီး အမေရိကန် စစ်သင်္ဘောတွေကို တရုတ်ရဲ့ လူလုပ်ကျွန်းတွေနား ကပ်ပြီး မောင်းခဲ့ပါတယ်။