အမေရိကန်က ရုရှားနဲ့ နျူလက်နက်စာချုပ်ကနေ ဘာလို့ ထွက်ချင်ရသလဲ

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က စစ်အေးတိုက်ပွဲ ကာလမှာ အရေးပါ ခဲ့တဲ့ ရုရှားနဲ့ နျူလက်နက်ဆိုင်ရာ စာချုပ်က နုတ်ထွက်ဖို့ စီစဉ်နေတဲ့ ကိစ္စကို ရုရှား အစိုးရက ရှုတ်ချလိုက်ပြီး သူတို့လည်း စာချုပ်ကို မလိုက်နာပဲ နေလိုက်မယ်လို့ ခြိမ်းခြောက် ခဲ့ပါတယ်။

နိုင်ငံတကာ လုံခြုံရေးနဲ့ မဟာဗျူဟာမြောက် ငြိမ်းချမ်း တည်ငြိမ်မှုရှိရေး အရေးပါတဲ့ ဒီစာချုပ်က နုတ်ထွက်မယ့် ကိစ္စဟာ အလွန် အန္တရာယ်ကြီးတယ်လို့လည်း ရုရှား လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov က ပြောကြားခဲ့ပါတယ်။

ရုရှားဟာ ၁၉၈၇ ခုနှစ်မှာ တာလတ်ပစ် နျူလက်နက်ဆိုင်ရာ စာချုပ် INF ကို အမေရိကန်နဲ့ ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်က အဲဒီ ဒုံးလက်နက်တွေ ထုတ်ခွင့်မရတဲ့ အချိန်မှာ ရုရှားကိုလည်း ဒီလို လုပ်ခွင့် မပေးနိုင်ဘူးဆိုပြီး အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က နီဗားဒါးပြည်နယ်က ရီပတ်ဘလီကန် ပါတီ ထောက်ခံသူတွေ စုဝေးပွဲမှာ စတင် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၂၀ ရက်နေ့က မစ္စတာ ထရမ့်က အခုလို ပြောခဲ့ရာမှာ ယခင် အမေရိကန်သမ္မတ အိုဘားမားက အဲဒီစာချုပ်ကို ပြန်ညှိဖို့ ကြိုးစားတာ ဒါမှမဟုတ် ထွက်ဖို့ ကြိုးစားတာ မလုပ်ခဲ့တာကိုလည်း သူနားမလည်နိုင်ဘူးလို့ ဝေဖန်ခဲ့ပါတယ်။

ဒါဟာ ခြိမ်းခြောက်ပြီး သူတို့ လုပ်ချင်တာ လုပ်ရဖို့ ကြိုးစားတာလို့ မစ္စတာ Ryabkov က ဝေဖန်ခဲ့ပြီး အမေရိကန်ဟာ အခုလိုပဲ နိုင်ငံတကာ သဘောတူညီချက်တွေကနေ ရှေ့နောက် မကြည့်ပဲ နုတ်ထွက်နေဦးမယ်ဆိုရင် ရုရှားဘက်ကလည်း စာချုပ် မလိုက်နာပဲ စစ်ရေးနည်းပညာ မြှင့်တဲ့နည်းနဲ့ တုံ့ပြန်နိုင်တယ်လို့ ရုရှား သတင်းဌာန RIA Novosti ကို ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် အခုလို ရုရှားဘက်က အခုလို တုံ့ပြန်တဲ့အဆင့်အထိ ရောက်မသွားချင်ဘူးလို့လည်း သူက ဆက်ပြောပါတယ်။

ဒီစာချုပ်ကို ရုရှားဘက်က ချိုးဖောက်လို့ အမေရိကန် ထွက်တာလား

အမေရိကန်ကတော့ ရုရှားဟာ SSC-8 ဆိုပြီး မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ NATO က သိထားတဲ့ တာလတ်ပစ် Novator 9M729 ဒုံးကျည်သစ်တွေကို ထုတ်လုပ်ခြင်းအားဖြင့် INF စာချုပ်ကို ချိုးဖောက်နေတယ်လို့ ဆိုပါတယ်။

အဲဒီ ဒုံးကျည်ဟာ NATO တပ်ဖွဲ့ဝင် နိုင်ငံတွေကို အချိန်တို အတွင်းမှာ နျူးကလီးယားထိပ်ဖူးနဲ့ ပစ်ခတ်နိုင်စွမ်းရှိနေတာ ဖြစ်ပါတယ်။

ရုရှားကတော့ အဲဒီဒုံးကျည်သစ်ဟာ INF စာချုပ်ကို မချိုးဖောက်ဘူးလို့ တုံ့ပြန်ထားပြီး အဲဒီ ဒုံးကျည်နဲ့ ပတ်သက်တဲ့ အသေးစိတ်ကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။

ရုရှားက အခုလို INF စာချုပ်ကို ချိုးဖောက်တဲ့ကိစ္စကို ၂၀၁၄ မှာ အမေရိကန် သမ္မတ အိုဘားမားက စွပ်စွဲခဲ့တာ ဖြစ်ပြီး ဘယ်လို ချိုးဖောက်သလဲ ဆိုတာကိုတော့ အစိုးရဘက်က အသေးစိတ် မထုတ်ပြန်ခဲ့ပါဘူး။

ဒါပေမယ့် လက်နက်ပြိုင်ဆိုင်မှုတွေ ဖြစ်လာမှာကို စိုးရိမ်တဲ့ ဥရောပခေါင်းဆောင်တွေရဲ့ တိုက်တွန်းမှုကြောင့် INF စာချုပ်က ထွက်ဖို့ အထိတော့ မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။

ရုရှားနိုင်ငံဟာ ၂၀၁၅ ခုနှစ်မှာ ကက်စပီယန် ပင်လယ်ပြင်ကနေ ဆီးရီးယားနိုင်ငံအတွင်းမှာရှိတဲ့ အစ္စလာမ္မစ်နိုင်ငံ အုပ်စုရဲ့ စခန်းချရာ ပစ်မှတ်တွေကို ဒုံးကျည် ၂၆ လုံးနဲ့ ပစ်ခတ်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

အဲဒီ ဒုံးကျည်တွေဟာ မိုင် ၉၃၀ အကွာအဝေးလောက်အထိ ရောက်ခဲ့ပေမယ့် INF စာချုပ်အရ မြေပြင်ပစ် ဒုံးကျည်ကိုပဲ ကန့်သတ်တာ ဖြစ်တဲ့အတွက် စာချုပ် ချိုးဖောက်ရာ မရောက်ခဲ့ပါဘူး။

တရုတ်က INF စာချုပ်မှာ မပါပဲ ဒုံးကျည်ထုတ်ခွင့်ရနေလို့ အမေရိကန် ထွက်ချင်တာလား

INF စာချုပ်ဟာ အမေရိကန်နဲ့ ရုရှား နှစ်နိုင်ငံပဲ ပါဝင်တဲ့ သဘောတူစာချုပ်ဖြစ်ပြီး တရုတ်နိုင်ငံကတော့ တာလတ်ပစ် နျူးကလီးယား ဒုံးကျည်တွေကို ထုတ်လုပ်ခွင့်ရနေပါတယ်။

တရုတ်နဲ့ အမေရိကန်ဟာ မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှု များလာတဲ့ အတွက် INF စာချုပ်နဲ့ ချည်နှောင်ခံထားရတဲ့ အမေရိကန် အတွက် အားနည်းချက် ကြီးလာသလို ဖြစ်နေတယ်ဆိုပြီး အမေရိကန်သမ္မတ ထရမ့်ရဲ့ အစိုးရအဖွဲ့ အတွင်း ယူဆသူတွေ ရှိနေ ပါတယ်။

နယူးယောက်တိုင်းမ်စ် သတင်းစာကလည်း အမေရိကန်ရဲ့ တရုတ်နဲ့ ပစိဖိတ်ဒေသအတွင်း စစ်ရေးပြိုင်ဆိုင်မှု အားမြှင့်ဖို့အတွက် INF စာချုပ်က ထွက်ဖို့ စီစဉ်နေကြောင်း အမေရိကန် အစိုးရ အရာရှိတွေနဲ့ သံတမန်တွေက ပြောတယ်လို့ ဆိုပါတယ်။

အမေရိကန်က INF စာချုပ်မှာ ပါဝင်နေတဲ့အတွက် ပစိဖိတ်ဒေသ တောင်တရုတ်ပင်လယ်အတွင်း တရုတ်ကို တန်ပြန်ဖို့ အားလျော့ နေတယ်လို့လည်း နယူးယောက်တိုင်းမ်စ် သတင်းစာမှာ ဖော်ပြထားပါတယ်။

အမေရိကန်ရဲ့ ယခင် ရုရှားနဲ့ လက်နက်စာချုပ် ကိုင်တွယ်ပုံ သမိုင်းကြောင်းနဲ့ ရှေ့အလားအလာ

အမေရိကန်သမ္မတ ဂျော့ ဒဘလျူ ဘုရှ်ဟာ ၂၀ဝ၂ ခုနှစ်မှာ ရုရှားနဲ့ ချုပ်ဆိုထားတဲ့ ဒုံးခွင်းဒုံး လက်နက် ထိန်းချုပ်ရေးကနေ တဖက်သတ် နုတ်ထွက်ခဲ့ဖူးပါတယ်။

အခုလို နုတ်ထွက်တဲ့ ကိစ္စကို မစ္စတာ ဘုရှ်က စာချုပ်စည်းကမ်းအတိုင်း ရုရှားကို ခြောက်လ ကြိုတင် အသိပေးခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ အမေရိကန်ဟာ ဥရောပတလွှားမှာ ဒုံးကျည်ကာကွယ်ရေး ဒုံးခွင်းဒုံး စနစ်တွေကို တပ်ဆင်လာတဲ့အတွက် ရုရှားဘက်က စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

၂၀ဝ၉ ခုနှစ်မှာတော့ အမေရိကန်သမ္မတ အိုဘားမားက အဲဒီ စီမံကိန်းကို ဖျက်သိမ်းခဲ့ပြီး နောက်ထပ် မွမ်းမံထားတဲ့ စနစ်သစ်ကို ၂၀၁၆ ခုနှစ်မှာ အစားထိုးခဲ့ပါတယ်။

ရုရှားကတော့ ၂၀၁၈ ခုနှစ်ရောက်မှ အမေရိကန်ရဲ့ ဒုံးခွင်းဒုံး လက်နက် ထိန်းချုပ်ရေး စာချုပ် နုတ်ထွက်တာကို တန်ပြန်ဖို့ဆိုပြီး ဒုံးကျည်စနစ်သစ်တွေ ထုတ်လုပ်နေကြောင်း ရုရှားသမ္မတ ပူတင်က ၂၀၁၈ မတ်လ ရုရှားတိုင်းပြည် အခြေပြ မိန့်ခွန်းမှာ စတင် ပြောဆိုခဲ့ပါတယ်။

INF စာချုပ်က အမေရိကန် နုတ်ထွက်ဖြစ်မယ်ဆိုရင် ၂၀၂၁ ခုနှစ်မှာ သက်တမ်းကုန်မှာ ဖြစ်တဲ့ နောက်ထပ် အရေးကြီးတဲ့ START (မဟာဗျူဟာမြောက် လက်နက်လျှော့ချရေး စာချုပ်) ကို သက်တမ်းတိုးဖို့လည်း ခက်သွားနိုင်တယ်လို့ ရုရှား အထက်လွှတ်တော် ဝါရင့် အမတ် Konstantin Kosachev က ပြောပါတယ်။

အခုလို တကယ် ဖြစ်လာမလာ ကိုတော့ အမေရိကန် အမျိုးသား လုံခြုံရေးအကြံပေး ဂျွန်ဘော်လ်တန်က နောက်တပတ် ရုရှားနဲ့ ဆွေးနွေးမယ့် မော်စကို ခရီးစဉ်မှာ သိလာရနိုင်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မစ္စတာ ဘော်လ်တန်ကို ရုရှားသမ္မတ ပူတင် ကိုယ်တိုင် ရှင်းပြခိုင်းမှာ ဖြစ်တယ်လို့လည်း ရုရှားအစိုးရက ပြောပါတယ်။

တာလတ်ပစ် နျူလက်နက်ဆိုင်ရာ စာချုပ် INF နောက်ကြောင်း

INF စာချုပ်ကို ဆိုဗီယက်ပြည်ထောင်စု မပြိုကွဲခင် ၁၉၈၇ ခုနှစ်မှာ အမေရိကန် သမ္မတ ရော်နယ် ရေဂင်နဲ့ ဆိုဗီယက် ခေါင်းဆောင် မီးခေး ဂေါ်ဘာချော့ တို့က လက်မှတ်ထိုးခဲ့တာ ဖြစ်ပါတယ်။

အဲဒီစာချုပ်အရ မိုင် ၃၁၀ နဲ့ ၃၄၀ဝ ကြား အကွာ အဝေးအထိ ပစ်နိုင်မယ့် နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည် အပါအဝင် မြေပြင်ပစ် ဒုံးကျည်တွေ တားမြစ် ဖျက်သိမ်းရတာ ဖြစ်ပါတယ်။

ဒါပေမယ့် ရေကြောင်းက ပစ်ခတ်တဲ့ ဒုံးကျည်တော့ မပါဝင်ပါဘူး။

အဲဒီ အချိန်က ဆိုဗီယက်ဟာ SS-20 ဒုံးကျည်တွေကို ဥရောပ တလွှားမှာ ချထားပြီး အမေရိကန်ကလည်း Pershing နဲ့ Cruise ဒုံးကျည်တွေ တုံ့ပြန်ချထားတဲ့ အတွက် ဥရောပတလွှားမှာ ဒါကို အကြီးအကျယ် ဆန္ဒပြမှုတွေ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ စာချုပ် လက်မှတ်ထိုးပြီး နောက်ပိုင်း ၁၉၉၁ ခုနှစ် မှာတော့ နှစ်ဘက် စုစုပေါင်း ဒုံးကျည် အလုံး ၂၇၀ဝ ဖျက်ဆီးပေးခဲ့ပြီး တဘက်နဲ့ တဘက်လည်း ဟုတ်မဟုတ် ကြည့်ရှု စစ်ဆေးခွင့် ပေးခဲ့ကြပါတယ်။