ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အီရန်နဲ့သဘောတူထားတဲ့ နျူစာချုပ်ကနေ အမေရိကန် နုတ်ထွက်
အီရန်နဲ့သဘောတူညီထားတဲ့ နျူကလီးယား စာချုပ်ကနေ အမေရိကန် ပြည်ထောင်စုက နုတ်ထွက်လိုက်တယ်လို့ သမ္မတထရမ့်က ကြေညာပါတယ်။
ဒီသဘောတူစာချုပ်ကို နိုင်ငံသားတဦးအနေနဲ့ ရှက်မိတယ်လို့လည်း မစ္စတာ ထရမ့်က ပြောဆိုပါတယ်။
စာချုပ်လက်မှတ်ရေးထိုးစဉ်တုန်းက ဖယ်ရှားပေးခဲ့ရတဲ့ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုကိုလည်း ပြန်လည် ချမှတ်မယ်လို့ သူက ဆိုပါတယ်။
၂၀၁၅ ခုနှစ် အမေရိကန် သမ္မတဟောင်း အိုဘားမားလက်ထက်မှာ အမေရိကန်၊ ဗြိတိန်၊ ရုရှား၊ ပြင်သစ်၊ တရုတ်နဲ့ ဂျာမနီတို့က အီရန်နဲ့ နျူကလီးယား သဘောတူညီချက် စာချုပ်ကို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။
ဒီသဘောတူညီချက်အရ အီရန်က နျူကလီးယား ထုတ်လုပ်ရာမှာ အရေးပါတဲ့ ယူရေနီယံ သတ္တုကို သန့်စင်မှုကို လျှော့ချဖို့ သဘောတူညီထားတာကြောင့် အီရန်အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ(အီးယူ)နဲ့ အမေရိကန်တို့က ရုတ်သိမ်း ပေးခဲ့ရပါတယ်။
အမေရိကန် သမ္မတ ထရမ့်ကတော့ ဒီသဘောတူညီချက်ကို အမြဲ ဝေဖန် ပြောဆိုနေပါတယ်။
အီရန် သမ္မတ ဟာဆန် ရိုဟန်နီ (Hassan Rouhani)ကတော့ အမေရိကန်ရဲ့ ကြေညာချက်က အီရန်ရဲ့ ယုံကြည်ချက်ကို လေးစားခြင်းမရှိဘူးလို့ တုံ့ပြန်ပါတယ်။
ပြင်သစ် ဂျာမနီနဲ့ ဗြိတိန်တို့က ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်အပေါ် စိတ်မကောင်း ဖြစ်မိတယ်လို့ ပြောပါတယ်။ အီးယူကတော့ ဒီစာချုပ်ကို ဆက်လက်ထိန်းသိမ်းမယ်လို့ ပြောပါတယ်။
ဒါပေမယ့် အမေရိကန်ရဲ့ မဟာမိတ် အစ္စရေးကတော့ စာချုပ်ကနေ နုတ်ထွက် လိုက်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ကို ထောက်ခံတယ်လို့ ပြောပါတယ်။
ဘီဘီစီ အာရပ်ရေးရာ အယ်ဒီတာ Sebastian Usherကတော့ အမေရိကန်က လွဲလို့ ကျန်တဲ့ နိုင်ငံအားလုံးက အီရန်နဲ့ သဘောတူထားတဲ့ နျူကလီးယား သဘောတူညီချက်ကို ဆက်လက်ထိန်းသိမ်းထားဖို့လိုတယ်လို့ သုံးသပ်ပါတယ်။
သမ္မတ ထရမ့်ကို နားချနေပေမယ့်လည်း ဒီလို ဖြစ်လာမယ်ဆိုတာကို သိပြီးသား ဖြစ်ပေမယ့် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်လုပ်မယ်ဆိုတာလောက်အထိ ဗြောင်ကျကျလုပ်မယ်လို့ မမျှော်လင့်တာကြောင့် အီရန်နဲ့ စီးပွားရေး လုပ်နေတဲ့ နိုင်ငံခြား ကုမ္ပဏီတွေကတော့ အခက်အခဲနဲ့ ရင်ဆိုင်ရမယ်လို့ သူက ဆိုပါတယ်။