ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အီရန် နျူကလီးယား စာချုပ်ကနေ အမေရိကန် ထွက်မယ်လို့ ပြော
အီရန်နဲ့ နျူကလီယား သဘောတူစာချုပ်မှာ အမေရိကန် ပါဝင်မှုကို အဆုံးသတ်ဖို့ သူ့အနေနဲ့ အသင့် ရှိတယ်လို့ အမေရိကန်သမ္မတ ထရမ့်က ထုတ်ဖော်ပြောလိုက်တဲ့အတွက် အဲဒီ သဘောတူ စာချုပ်မှာ ပါဝင် လက်မှတ်ထိုးထားတဲ့ တခြား အင်အားကြီး နိုင်ငံတွေ ဆီကနေ ဝေဖန် ပြစ်တင်သံတွေ ပေါ်ထွက်လာခဲ့ပါတယ်။
အီရန် နျူကလီးယား စီမံကိန်းကို ကန့်သတ်ဖို့ ၂၀၁၅တုန်းက ချုပ်ဆိုခဲ့တဲ့ သဘောတူ စာချုပ်ကို အီရန်အစိုးရက အကြိမ်ကြိမ် ချိုးဖောက်ခဲ့တယ်လို့ သမ္မတ ထရမ့်က ပြောပါတယ်။
ဒါပေမယ့်လည်း ဒီသဘောတူချက်ကို ချက်ချင်း လက်ငင်း ဖျက်သိမ်းမှာတော့ မဟုတ်ဘူးလို့ သူက ပြောကြားလိုက်ပြီး အဲဒီအစား ဒီကိစ္စကို အမေရိကန် ကွန်ဂရက်စ်ကို ဆုံးဖြတ်ခိုင်းမယ်လို့ ဆိုပါတယ်။
ဒီ သဘောတူ စာချုပ်ပါ အားနည်း ချို့ယွင်းချက်တွေကို ကွန်ဂရက်စ်နဲ့ရော၊ အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေနဲ့ပါ သူ ညှိနှိုင်း ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း တကယ်လို့ တိုးတက်မှု မရှိရင်တော့ ဒီသဘောတူချက်ကို ဖျက်သိမ်းပစ်မယ်လို့ ကတိပြု ပြောသွားပါတယ်။
အီရန် သမ္မတ ဟက်ဆန် ရူဟာနီက အမေရိကန်နဲ့တင် မက UK ,ရုရှား၊ ပြင်သစ်၊ တရုတ်နဲ့ ဂျာမနီတို့နဲ့ပါ အီရန် လက်မှတ် ရေးထိုး ချုပ်ဆိုထားတဲ့ သဘောတူချက်တခုကို မမှန်ဘူးလို့ သမ္မတ ထရမ့် က တဖက်သတ် ထုတ်ပြန် ကြေညာလို့ ရသလား ဆိုတာကို တုန့်ပြန် မေးခွန်းထုတ်လိုက်ပါတယ်။
အီရန်နိုင်ငံရဲ့ အကျိုးစီးပွား လုံခြုံမှု ရှိနေသရွေ့ ဒီစာချုပ်ပါ အချက်အလက်တွေအတိုင်း အီရန် အစိုးရက ဆက်လက် လိုက်နာ ဆောင်ရွက်သွားမယ်လို့ အီရန် သမ္မတ ရူဟာနီက ရုပ်မြင်သံကြားမှာ ပြောသွားပါတယ်။
EU ဥရောပ သမဂ္ဂ နိုင်ငံခြားရေး ပေါ်လစီရေးရာ အကြီးအကဲ ဖယ်ဒရီကာ မွန်ဂယ်ရီနီက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက တညီတညွတ်တည်း အတည်ပြုလက်ခံထားတဲ့ သဘောတူချက်တခုကို ဘယ်နိုင်ငံရဲ့ သမ္မတကမှ ဖျက်သိမ်းပိုင်ခွင့် မရှိဘူးလို့ ပြောကြားလိုက်ပြီး ဒီသဘောတူချက်ဟာ ကြီးမားတဲ့ နျူကလီယား ခြိမ်းခြောက်မှုကြီး ဖြစ်ပေါ်နေတဲ့ အခုလို အချိန်မျိုးမှာ ပိုပြီး အရေးပါတယ်လို့ ပြောပါတယ်။
အစ္စရေး ဝန်ကြီးချုပ် ဘင်ညာမင် နက်တာညာဟုကတော့ အီရန်ကို ထိပ်တိုက် ရင်ဆိုင်ဝံ့တဲ့ သမ္မတ ထရမ့်ရဲ့ ဆုံးဖြတ်ချက်အပေါ် ချီးကျူးစကား ပြောခဲ့ပါတယ်။