ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အင်ဒိုနီးရှားမှာ ငလျင်နဲ့ ဆူနာမီကြောင့်သေဆုံးသူ ၁၃၄၇ ဦးရှိလာ
စက်တင်ဘာလ ၂၈ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေဆီ ပြည်နယ်၊ ပါလူး ဒေသမှာ ဖြစ်ပွား ခဲ့တဲ့ မြေငလျင်နဲ့ ဆူနာမီ လှိုင်းလုံးများ မြင့်တက် လာမှုကြောင့် သေဆုံးသူ ၁၃၄၇ ဦး ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
ဆူနာမီ မြေငလျင် လှုပ်ခတ်မှုအတွင်း သေဆုံးသူ အရေအတွက်က ၈၄၄ ယောက်လို့ တရားဝင် ထုတ်ဖော် ကြေညာထားခဲ့ပေမယ့် အောက်တိုဘာ ၂ ရက် မှာတော့ ၁၂၀၀ အထိ ကို မြင့်တက်သွားခဲ့တာပါ။
အင်အား ရစ်ချ်တာ စကေး ၇.၅ အဆင့် ရှိတဲ့ မြေငလျင် ဟာ ဆူလာဝေဆီ ကျွန်း ပါလူး ကမ်းခြေ ဒေသမှာ လှုပ်ခတ် ခဲ့ပြီးနောက်မှာ ဆူနာမီ လှိုင်း လုံးကြီးတွေ ဖြစ်ပေါ် လာခဲ့တာလည်း ဖြစ်ပါတယ်။
ပါလူးဒေသ ကို နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့ တွေ တဖွဲဖွဲ လာရောက် နေပေမယ့် ဒေသခံတွေဟာ လျှပ်စစ်မီး ပြတ်တောက်တဲ့ဒဏ်နဲ့ သောက်သုံး ရေ မရှိတဲ့ ပြဿနာကို ရင်ဆိုင် နေရပါတယ်။
ပြီးခဲ့တဲ့ရက်တွေ တုန်း က ပါလူး မြို့က အစားအသောက် ရောင်းချ တဲ့ ဆိုင်တွေမှာ လုယူမှုတွေ ဖြစ်ပွားခဲ့လို့ ရဲတပ်ဖွဲ့တွေဟာ ဆိုင်ခန်း တွေကို စောင့်ရှောက် ပေးမှုတွေ လုပ်နေရပါတယ်။
ဈေးဆိုင်တခု ဆီကနေ ပစ္စည်းတွေ သယ်ယူဖို့ ကြိုးစားတဲ့ လူတစု ကိုလည်း ရဲတပ်ဖွဲ့ ဝင်တွေ က ခြောက်လှန့် ပစ်ခတ်ပြီး ရှင်းလင်း ခဲ့ရတယ်လို့ ပါလူး ဒေသကို ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် ဂျိုနသန် ဟတ် က ပြောပါတယ်။
အစတုန်း ကတော့ ပစ္စည်း သယ်ဆောင်ကြတဲ့ လူတွေကို ရဲတွေက သက်ညှာ ခဲ့ပေမယ့် ကွန်ပျူတာ ပစ္စည်းတွေနဲ့ ငွေ တွေကို ခိုးယူ ခဲ့ကြသူတွေ ကိုတော့ ဖမ်းဆီး အရေးယူ ထားကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ဒုတိယ ရဲမှူးချုပ် အရီ ဒိုနို ဆုမန်တိုက ပြောပါတယ်။
အခုအခါမှာ ထောက်ပံ့ရေး ပစ္စည်းတွေကို ဝေငှ ပေးနေပြီ ဖြစ်တာကြောင့် တရားဥပဒေ စိုးမိုးရေး ကို လုပ်ဆောင်တော့မယ် လို့လည်း သူက ဆိုပါတယ်။
လောလောဆယ်မှာ ထောက်ပံ့ကူညီရေး ပစ္စည်းတွေ ပါလူး မြို့ထဲကို ဝင်ရောက်လာနေပြီး ရဲတွေနဲ့စစ်သားတွေကလည်း ဝန်းရံ စောင့်ရှောက် လိုက်ပါလာခဲ့ကြပါတယ်။
အောက်တိုဘာလ ၃ ရက် မနက်ပိုင်း ကလည်း ဆူလာဝေဆီ ကျွန်းမှာ မြေငလျင် လှုပ်ခတ် ခဲ့ရာ ဒေသ က မီးတောင်ဟာ ပေါက်ကွဲမှုတွေ ဖြစ်ပေါ် ခဲ့ပါတယ်။
ပါလူး မြို့နဲ့ မိုင် ၆၀၀ အဝေးမှာ ရှိတဲ့ ဆိုပူတန် မီးတောင်ဟာ ပေါက်ကွဲမှု တွေ ဖြစ်ပေါ် ခဲ့တာပါ။ ဒါပေမယ့် လောလောဆယ်မှာ လုပ်နေတဲ့ လူမှု ကူညီရေး ထောက်ပံ့ပေးမှုတွေကိုတော့ အန္တရာယ် မကျရောက်နိုင်ဘူးလို့ တာဝန်ရှိ သူတွေက ပြောပါတယ်။
လိုလူ ဆီဂီ ဘီရိုမာရု ရွာမှာ နေထိုင်တဲ့ ဝါစလီဟာ က ပါလူး လေယာဉ် ကွင်းမှာ စစ်သား တွေက ကယ်ဆယ်ရေး တွေ လုပ်ပေး နေတယ် ဆိုတာ ကြားသိရတဲ့ အတွက် ၁၀ နာရီကျော်ကြာ လမ်းလျှောက် လာခဲ့ရတယ်လို့ ပြောပါတယ်။
သူနဲ့ သမီး သုံးယောက်ဟာ သန့်ရှင်းတဲ့ သောက်သုံးရေး သောက်စရာ မရှိသလို၊ အင်္ဂါနေ့ ကအထိ ဘာမှ မစားမသောက်ဘဲ နေခဲ့ရတယ်လို့ ပြောပါတယ်။ သူတို့ကိုယ်ပေါ်မှာ ဝတ်ထားတဲ့ အင်္ကျီတွေပဲ ရှိတယ် လို့ သူက ဘီဘီစီကိုပြောပြပါတယ်။
ပါလူး ဒေသမှာ မြေငလျင် ကြောင့် လူနေအိမ် တိုက်တာ အဆောက်အဦး တွေဟာ ပြိုကျ ခဲ့ရပြီး အဲဒီ အထဲမှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ရေး လုပ်ဆောင် တာမှာ ပထမ တရက် နှစ်ရက်မှာ လူ အနည်းငယ် ကို ကယ် နိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဆူနာမီလှိုင်းတွေ ဖုံးလွှမ်း ခဲ့မှုကြောင့် ရွှံ့ညွန် အသွင် ပြောင်းလဲ ခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်နေမှု ကို မျှော်လင့်ချက် တစ တစ ကင်းမဲ့ လာနေပြီလို့ ဆိုနေကြသူတွေလည်း ရှိပါတယ်။
ပါလူး မြို့ရဲ့ အထက် တောင်ကုန်းများတဲ့ ဒေသမှာ ပိတ်မိ သေဆုံး နေတဲ့ လူ အများအပြား ကိုလည်း ကယ်ဆယ်ရေး သမားတွေ ရှာဖွေ တွေ့ ရှိခဲ့ရပါတယ်။
မြေပြင် အခြေအနေ ဟာလည်း ရွှံ့နွံ ထူထပ် တဲ့ အတွက် မတည်မငြိမ် ဖြစ်နေပြီး မြေပြို နိုင်တဲ့ အန္တရာယ် နဲ့လည်း ရင်ဆိုင်နေရပြီး ရှာဖွေရေး လုပ်ငန်း က အခက်အခဲတွေ နဲ့ ရင်ဆိုင် နေရပါတယ်။
အောက်တိုဘာ ၂ ရက် က ဆိုရင် အင်ဒိုနီးရှား ကျောင်းသူ ကျောင်းသား ၃၄ ယောက် ရဲ့ အလောင်းတွေကို မြေပြိုမှု ကြောင့် ပျက်စီးခဲ့ ရတဲ့ ဘုရား ကျောင်း တခု ထဲမှာ ရှာဖွေ တွေ့ ရှိရကြောင်း တာဝန်ရှိသူတွေက ပြောကြား ခဲ့ပါတယ်။
လောလောဆယ်မှာတော့ ပါလူး ဒေသ က ဟိုတယ် ရိုအာ ရိုဟာ ထဲမှာ ပိတ်မိ နေတဲ့ လူငါးဆယ်ထဲက ငါးယောက်ကိုတော့ ကယ်တင်နိုင်ခဲ့ပြီလို့ ကယ်ဆယ်ရေး အဖွဲ့ ခေါင်းဆောင် အန်းဂတ် ဟာရိုနို က ပြောပါတယ်။
အသံကြားရမှု ကို တုန့်ပြန်နိုင်တဲ့ ရှာဖွေရေး ကိရိယာ ကိုလည်း အသုံးပြု ရှာဖွေနေတယ်လို့လည်း သူက ဆိုပါတယ်။ ဒါပေမယ့် အဆောက်အဦ ပြိုကျ ပျက်စီး မှုတွေ ထဲက ကွန်ကရစ်နဲ့ သံထည် တွေကို ဖြတ်တောက်မှုတွေမှာတော့ အသက်ရှင် ကျန်ရှိနေသူတွေကို ထိခိုက် နိုင်တဲ့ အတွက် အင်မတန်မှ သတိထား လုပ်ဆောင် နေရတယ်လို့လည်း သူက ဆိုပါတယ်။
ပါလူး ဒေသ မှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက် ဖို့ အတွက် ရဲတပ်ဖွဲ့ဝင် နဲ့စစ်သား တွေကို ထပ်မံ စေလွှတ် သွားဖို့ ကိုလည်း အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒို က ကတိပေး ပြောကြား ထားပါတယ်။
ပါလူး ဒေသ နဲ့ ဒိုဒွန်ဂါလာ ကို ဆက်သွယ်ထားတဲ့ တံတားဟာလည်း မြေငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျ ပျက်စီးခဲ့ရပြီး လမ်းတွေဟာလည်း အပျက်အစီးတွေနဲ့ ပိတ်ဆို့ နေပါတယ်။
နောက်ပြီး ရေဒီယို၊ တယ်လီဖုန်း စတဲ့ ဆက်သွယ်ရေး လမ်းကြောင်း တွေ ဟာလည်း ပျက်စီး နေပြီး မြေငလျင် ဒဏ် ခံစားခဲ့ရတဲ့ ဒေသ က လူတွေကိုကယ်ဆယ်ရေး လုပ်ငန်းမှာ နှောင့်နှေးမှု တွေရှိနေတာပါ။
နောက်ပြီး အဲဒီက ဆေးရုံ တွေဟာလည်း ပျက်စီးမှုတွေ ဖြစ်ပေါ် ခဲ့တာကြောင့် ဒဏ်ရာ ရရှိထားသူတွေ ကို မြေပြင်ပေါ်မှာ ဖွင့်လှစ် ထားတဲ့ ယာယီ ဆေးရုံ လို နေရာမျိုးမှာပဲ အရေးပေါ် ကုသပေး နေရပါတယ်။
ပါလူး မြို့ဟာ လူဦးရေ သုံးသိန်းခွဲ ခန့် နေထိုင်ပြီး ဘဏ်တွေ ကုန်တိုက်ကြီး တွေ နဲ့ စည်ကား တဲ့ မြို့ ဖြစ်ပါတယ်။ မိုးရွာသွန်းမှုလည်း နည်းပါပြီး အင်ဒိုနီးရှားရဲ့ အခြောက်သွေ့ဆုံး ဒေသ တခုထဲမှာ ပါဝင်ပါတယ်။
အင်ဒိုနီးရှား နိုင်ငံရဲ့ ထင်ရှားတဲ့ ကမ်းခြေ ဖြစ်တဲ့ တန်ဂျုံး ကာရန်း နဲ့ နီးစပ်ပြီး ဒေသ တွင်း ခရီးသွား အများအပြား အသုံးပြုရာ လေယာဉ် ကွင်း ရှိတဲ့ မြို့ တမြို့ပါ။
အဲဒီမှာ လူဦးရေ နှစ်သိန်း လောက်ကို အရေးပေါ် ကူညီ စောင့်ရှောက်ဖို့ လိုအပ် နေပြီး အဲဒီ အထဲ က အများအပြား ဟာ ကလေးသူငယ်တွေ ဖြစ်တယ် လို့လည်း ကုလသမဂ္ဂ လူမှုကူညီရေး ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့က ထုတ်ဖော် ပြောဆိုထားပါတယ်။