အင်ဒို ဆူနာမီ သတိပေးစနစ် ချို့ယွင်းမှုကနေ မြန်မာ ဘာသင်ခန်းစာရနိုင်မလဲ

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီကျွန်းမှာ ဆူနာမီလှိုင်းတွေ ရိုက်ခတ်ခဲ့တာဟာ ရေပြင်အောက်မှာ လှုပ်တဲ့ ငလျင်ကြောင့် မဟုတ်ဘဲ ပင်လယ်နဲ့ နီးတဲ့ မြေပြင်ငလျင်ကြောင့် ဖြစ်ခဲ့တဲ့ အချက်က သင်ခန်းစာ ယူစရာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ ဦးစားဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ အင်ဒိုနီးရှားနိုင်ငံလို ဆူနာမီ သီးသန့် တိုင်းတာရေး ကိရိယာတွေ မရှိသေးဘူးလို့ ဦးကျော်မိုးဦးက ဆိုပါတယ်။

အခုလို သီးသန့် ကိရိယာတွေ ရှိတဲ့ကြားကပဲ ဆူလာဝေဆီကျွန်းမှာ စက်တင်ဘာလ ၂၈ ရက်နေ့က လှုပ်ခဲ့တဲ့ ငလျင်နဲ့ နောက်ဆက်တွဲ ဆူနာမီကြောင့် လူပေါင်း ၈၀ဝ ကျော် သေဆုံးခဲ့ပြီး ပျောက်ဆုံး နေသူတွေလည်း ထောင်ချီရှိနေတဲ့အတွက် ဒီဖြစ်ရပ်ရဲ့ နောက်ကြောင်း အသေးစိတ်ကနေလည်း နောက်ထပ် သင်ခန်းစာ ယူနိုင်စရာတွေ ရှိနေပါတယ်။

အဲဒီ ဆူနာမီ တိုင်းတာရေး ကိရိယာတွေ ရှိပေမယ့် တခုမှ အလုပ်မလုပ်ခဲ့ဘူးလို့လည်း အောက်တိုဘာလ ၁ ရက်နေ့မှာ အင်ဒိုနီးရှား သဘာဝ ဘေးအန္တရာယ် တုံ့ပြန် ကယ်ဆယ်ရေး အေဂျင်စီက ဘီဘီစီကို အတည်ပြု ထုတ်ဖော်လာခဲ့တာ ဖြစ်ပါတယ်။

ဒီကိရိယာတွေ အလုပ်မလုပ်ခဲ့ပေမယ့် အင်ဒိုနီးရှား မိုးလေဝသ၊ ဘူမိဗေဒနဲ့ ရာသီဥတုဆိုင်ရာ ဌာန BMKG က ဆူနာမီလှိုင်း သတိပေးချက်တွေကို ထုတ်ပြန်ပေးနိုင်ခဲ့ပြီး အဓိက ပြဿနာကတော့ မှားယွင်း တွက်ချက်မှုနဲ့ ထုတ်ပြန်မိခဲ့တာ ဖြစ်ပါတယ်။

ဘယ်လို စ ဖြစ်ခဲ့သလဲ

စက်တင်ဘာလ ၂၈ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၃ မိနစ်မှာ ငလျင်ပြင်းအား ၇.၅ ရှိတဲ့ အဲဒီ ဆူလာဝေဆီကျွန်း ငလျင် စလှုပ်ပြီးပြီးချင်းမှာပဲ အင်ဒိုနီးရှား မိုးလေဝသ၊ ဘူမိဗေဒနဲ့ ရာသီဥတုဆိုင်ရာ ဌာန BMKG က ဆူနာမီရေလှိုင်း သတိပေးချက် ထုတ်ပြန်ပေးခဲ့ပါတယ်။

ဒါပေမယ့် လှိုင်းအမြင့် ခန့်မှန်းချက် လွဲချော်ခဲ့ပြီး တကယ်တမ်း ၆ မီတာ (၁၈ ပေ) လောက်ရှိတဲ့ လှိုင်းတွေ ရိုက်ခတ်ခဲ့တာကို မီတာဝက်လောက်ကနေ သုံးမီတာအထိ မြင့်တဲ့ ဆူနာမီလှိုင်းလာမယ်ဆိုပြီး သတိပေးချက် ထုတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ သတိပေးချက်ကိုတောင် မိနစ် ၃၀ အတွင်း ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။

လှုပ်ခဲ့တဲ့ ငလျင်ဟာ အင်အားပြင်းပေမယ့် မြေအောက် အနက် တိမ်ပြီး အထက်အောက် မလှုပ်ရှားပဲ ဘေးတိုက် မြေပြင်ညီ အတိုင်း လှုပ်တဲ့ ငလျင် ဖြစ်တဲ့အတွက် ဆူနာမီ ရေလှိုင်းကြီးတွေ ဖြစ်နိုင်တဲ့ ငလျင်မဟုတ်ဘူးဆိုတဲ့ ယူဆချက်ကြောင့်လည်း ရုပ်သိမ်းခဲ့တာ ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိခဲ့ပါတယ်။

အခုလို လွဲချော်မှုတွေရဲ့ ရလဒ်ကြောင့် ကျဉ်းမြောင်း ရှည်လျားတဲ့ ပင်လယ်အော် အတွင်းပိုင်းကို မျက်နှာချင်းဆိုင် တည်ရှိနေတဲ့ ပါလူမြို့က အဓိက ဒဏ်ခံခဲ့ရပြီး ကမ်းခြေပွဲတော်တခုအတွက် စုဝေးနေတဲ့ ရာနဲ့ချီတဲ့ လူတွေနဲ့ အဆောက်အအုံတွေကို ၁၈ ပေလောက် အမြင့်ရှိတဲ့ ဆူနာမီ ရေလှိုင်းတွေက ရိုက်ခတ်သွားခဲ့ပါတယ်။

ဒီငလျင်နဲ့ ဆူနာမီကြောင့် သေဆုံးသူတွေထဲမှာ ပါလူမြို့က အများဆုံးဖြစ်မယ်လို့လည်း အင်ဒိုနီးရှား သဘာဝ ဘေးအန္တရာယ် တုံ့ပြန် ကယ်ဆယ်ရေး အေဂျင်စီက ပြောဆိုခဲ့ပါတယ်။

BMKG ရဲ့ အခုလို တွက်ချက် မှားယွင်းမှုမှာ မြန်မာနိုင်ငံအတွက် သင်ခန်းစာ ယူနိုင်စရာ ရှိတာကတော့ အဖွဲ့အစည်း တခုတည်းရဲ့ သတိပေးချက်နဲ့ မလုံလောက်ပဲ ဒေသတွင်းနဲ့ နိုင်ငံတကာ ငလျင်နဲ့ ဆူနာမီ ဆိုင်ရာ ဌာနတွေရဲ့ တွက်ချက် သတိပေးမှုတွေကိုလည်း ထည့်သွင်း ဆုံးဖြတ်ဖို့ ဆိုတဲ့ အချက် ဖြစ်ပါတယ်။

ဆူနာမီလှိုင်းတွေလာမှာကို လူတွေ တကယ်သိခဲ့သလား

အင်ဒိုနီးရှား မိုးလေဝသ၊ ဘူမိဗေဒနဲ့ ရာသီဥတုဆိုင်ရာ ဌာန BMKG ဟာ ထုတ်ခဲ့တဲ့ ဆူနာမီ သတိပေးချက်ကို စောစော ရုပ်သိမ်းလိုက်တာနဲ့ ပတ်သက်ပြီး ဝေဖန်ခံခဲ့ရပေမယ့် အဲဒီဌာနကတော့ သူတို့ သတိပေးချက် မရုပ်သိမ်းခင် ကာလအတွင်းမှာပဲ ပါလူမြို့ ကမ်းခြေကို လှိုင်းတွေ ဝင်ခဲ့တာလို့ တုံ့ပြန်ထားပါတယ်။

BMKG ဟာ ပါလူဒေသက BMKG ဝန်ထမ်းတဦးရဲ့ ကွင်းဆင်း လေ့လာချက်အရ အခုလို သတိပေးချက် ရုပ်သိမ်းခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာ ထပ်ဝင်လာတဲ့ လှိုင်းမရှိဘူးဆိုပြီး BMKG ရဲ့ ဥက္ကဋ္ဌ Dwikorita Karnawati က ဂျာကာတာပို့စ် သတင်းစာကို ပြောဆိုထားပါတယ်။

အခုလို သတိပေးချက် ရုပ်သိမ်းခဲ့တဲ့ အချိန်ဟာ တတိယမြောက်နဲ့ နောက်ဆုံး ရေလှိုင်းဝင်လာပြီး မိနစ်ပိုင်းအတွင်းဖြစ်တဲ့ စက်တင်ဘာလ ၂၈ ရက် ညနေ ၆ နာရီ ၃၇ မိနစ် ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဒါပေမယ့် နောက်ထပ် ပြဿနာကြီးတခုကတော့ ဒေသခံတွေဆီကို ဖုန်းက တဆင့် ပို့လိုက်တဲ့ ဆူနာမီ သတိပေးချက်ပေးပို့မှုတွေ မရောက်လိုက်တဲ့ ဖြစ်နိုင်ခြေ ဖြစ်ပါတယ်။

ဆူနာမီရေလှိုင်းတွေ ဝင်ပြီးပြီးချင်းမှာပဲ ပါလူမြို့တဝိုက် ဒေသတခုလုံး လျှပ်စစ်မီးအပါအဝင် ဖုန်းနဲ့တကွ ဆက်သွယ်ရေး စနစ်တွေ ပြတ်တောက်သွားပြီး ကမ်းခြေတလျှောက် သတိပေး ဥသြဆွဲသံတွေ လည်း မထုတ်လွှင့်နိုင်တဲ့အထိ ဖြစ်ခဲ့တဲ့အတွက် သတိပေးချက် စနစ်တခုလုံး အလဟဿ ဖြစ်သွားတာလည်း ဖြစ်နိုင်ခြေ ရှိနေပါတယ်။

ပါလူမြို့ကို ဆူနာမီလှိုင်းဝင်တာနဲ့ ပတ်သက်ပြီး လူမှုကွန်ယက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ဝေငှမှု များတဲ့ ရုပ်သံ ဗီဒီယို တခုမှာ ဆိုရင် ရိုက်ကူးနေသူက ဆူနာမီလှိုင်းတွေ ဝင်လာတာကို မြင်ပေမယ့် ကမ်းခြေမှာ ရှိနေသူတွေက မမြင်တဲ့အတွက် အော်ဟစ် သတိပေးနေတဲ့ကြားက လှိုင်းအောက် ပါသွားတာကို တွေ့ခဲ့ရပါတယ်။

သတိပေးချက် ပို့လွှတ်မှု စနစ်တွေရှိပေမယ့် ဝင်လာတဲ့ လှိုင်းနဲ့ ငလျင်ဒဏ်တွေကြောင့် လျှပ်စစ်ဓာတ်အားနဲ့ ဆက်သွယ်ရေး စနစ်တွေ ပျက်ဆီးသွားရင် သတိပေးချက် မရောက်တဲ့ ပြဿနာရှိနေရာမှာ မိနစ်ပိုင်းအတွင်း သတိပေးချက် ပို့နိုင်တဲ့ ဂျပန်မှာတောင် ပျက်ဆီးဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ ဦးကျော်မိုးဦးက ပြောပါတယ်။

မြေငလျင်ရဲ့ သဘောအရလည်း အတိအကျ ကြိုတင် မပြောနိုင်တဲ့အတွက် လှုပ်ပြီးမှသာ သတင်းထုတ်ပြန်နိုင်ပြီး ကမ်းနီး ငလျင်ကြောင့်ဖြစ်တဲ့ ဆူနာမီ သတိပေးချက် အချိန်မီ ထုတ်ဖို့ကတော့ အလွန့်အလွန်ကောင်းတဲ့ စနစ် ဖြစ်မှရမယ်လို့လည်း သူက ပြောပါတယ်။

အင်ဒိုနီးရှားရဲ့ ဆူနာမီ ကြိုတင် သတိပေးစနစ်

အင်ဒိုနီးရှားနိုင်ငံရဲ့ ဆူနာမီ ကြိုတင် သတိပေးစနစ်မှာ နေရာ ၁၇၀ မှာ ဖြန့်ကျက်ထားရှိတဲ့ မြေငလျင် တိုင်းတာမှု စနစ်၊ ငလျင် အရှိန် တိုင်းစက် ၂၃၈ လုံး၊ ဒီရေတိုင်း ကိရိယာ ၁၃၇ ခုနဲ့ ဆူနာမီ သီးသန့် တိုင်းတာဖို့ ပင်လယ်ပြင်မှာ ဖြန့်ကျက်ထားတဲ့ ကိရိယာ ၂၁ ခု ရှိတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ပင်လယ်ပြင်မှာထားတဲ့ ဆူနာမီအတွက် သီးသန့် ကိရိယာ ၂၁ ခုလုံးဟာ ခိုးယူခံရတာနဲ့ ဖျက်ဆီးခံရတာတွေကြောင့် ငလျင်လှုပ်တဲ့အချိန်မှာ အလုပ်မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် မြေငလျင် တိုင်းတာရေးစက် ၁၇၀ ထဲက စက် အလုံး ၇၀ အတွက်ပဲ ပြင်ဆင် စရိတ်ရှိတယ်လို့လည်း BMKG ရဲ့ ငလျင်နဲ့ ဆူနာမီဌာန အကြီးအကဲ Rahmat Triyono က ဘီဘီစီကို ပြောပါတယ်။

ငလျင်လှုပ်ချိန်မှာတော့ အလုပ်လုပ်တဲ့ တိုင်းတာရေး စက်တွေကတဆင့် သတိပေးချက်တွေ ထုတ်နိုင်ခဲ့ပေမယ့် ပါလူမြို့နဲ့ အနီးဆုံး ဒီရေ တိုင်းတာတဲ့ စက်ဟာ ကီလိုမီတာ ၂၀ဝ အထိ ဝေးတဲ့နေရာမှာ ရှိနေခဲ့တယ်လို့လည်း BMKG က ထုတ်ပြောခဲ့ပါတယ်။

အခုလို စက်ရှိတဲ့နေရာနဲ့ ငလျင်လှုပ်ရာ နေရာ ဝေးကွာနေခဲ့တာကြောင့် အဲဒီစက်အရ ဆိုရင် မပြောပလောက်တဲ့ ပင်လယ်ရေ ၂ လက်မခွဲလောက်ပဲ ပြခဲ့တာလို့ BMKG က ပြောဆိုခဲ့ပါတယ်။

Rahmat Triyono ကလည်း ပါလူမြို့နားမှာသာ ဒီရေ တိုင်းတာတဲ့ စက် ရှိနေရင် ဒါမှမဟုတ် အလားတူ အဲဒီအနီးအနားကနေ တခြား ခိုင်လုံတဲ့ တိုင်းတာမှု ရခဲ့မယ်ဆိုရင် ဖြစ်ခဲ့သလောက် အခြေအနေ မဆိုးနိုင်ဘူးလို့ ဆိုပါတယ်။

ဒီနေရာမှာ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဒီရေ တိုင်းတာစက် ၃ လုံးသာ ရှိပြီး အင်ဒိုနီးရှားမှာတော့ ၁၃၇ ခုအထိ ရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ဒီရေတိုင်းတာစက် သုံးလုံးကို ရခိုင်ပြည်နယ် စစ်တွေမြို့အနီး ကမ်းလွန်ပင်လယ်ပြင် တနေရာ၊ ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းအနီး ပင်လယ်ပြင်နဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့ အနီး ကမ်းလွန်ပင်လယ်ပြင် တနေရာတို့မှာ ထားရှိပြီး နိုင်ငံတကာ ငလျင်နဲ့ ဆူနာမီ သတိပေးချက် စနစ်တွေနဲ့တော့ ချိတ်ဆက်ထားတယ်လို့ ဦးကျော်မိုးဦးက ပြောပါတယ်။

ဆူလာဝေဆီ ဆူနာမီကြောင့် သေဆုံးသူ နည်းအောင် လုပ်လို့ ရနိုင်ခဲ့သလား

အင်ဒိုနီရှားရဲ့ ဆူနာမီ ကြိုတင် သတိပေး တိုင်းတာရေးစက် တွေဟာ အဆင့်မြင့်စက်တွေ ဖြစ်ပြီး လူပေါင်း နှစ်သိန်းခွဲ သေဆုံးစေခဲ့တဲ့ ၂၀ဝ၄ အိန္ဒိယ သမုဒ္ဒရာ ဆူနာမီ ဖြစ်ပြီး နောက်ပိုင်းမှာ အမေရိကန်၊ ဂျာမနီနဲ့ မလေးရှားတို့က လှူဒါန်းထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီစက်တွေ ဖျက်ဆီး ခိုးယူခံရတာကို အစားထိုးဖို့ စနစ်အတွက်လည်း ရန်ပုံငွေ မရလို့ တပ်ဆင်ဖို့ နှောင့်နှေးနေတဲ့ အတွက် ငလျင်လှုပ်တဲ့ မူလ မြေအောက် အနက်နဲ့ ပြင်းအားကိုပဲ ကြည့်ပြီး ဆူနာမီ ဖြစ်နိုင်ချေ တိုင်းတာရတဲ့အခါမှာ လွဲချော်မှုတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

Rahmat Triyono ကလည်း ဒီစက်တွေ အလုပ်လုပ်ခဲ့ရင် ဆူနာမီ လှိုင်း အမြင့် သတိပေးချက်ကို ပိုပြီး တိတိကျကျ ထုတ်ပြန်နိုင်မယ်လို့ ဆိုပါတယ်။

အဲဒီ ဆူနာမီ တိုင်းတာရေး စက်တွေကို ခန့်ခွဲတဲ့ နည်းပညာ အဖွဲ့ BPPT ကလည်း အင်ဒိုနီးရှား အစိုးရဟာ ငလျင်လှုပ်ပြီးမှ ဖြစ်လာမယ့် ကူညီကယ်ဆယ်ရေးကိုပဲ အလေးထားနေပြီး မဖြစ်ခင် ကြိုတင် ပြင်ဆင်မှု အပိုင်းကိုတော့ အာရုံစိုက်မှု နည်းပါးခဲ့တယ်လို့ ယခင်က ပြောဆိုခဲ့ဖူးပါတယ်။

ဒီနေရာမှာ မြန်မာနိုင်ငံအနေနဲ့ မဖြစ်ခင် ငလျင်နဲ့ ဆူနာမီ မဖြစ်ခင် ကြိုတင် ပြင်ဆင် သတိပေးမှု အပိုင်းကို ပိုအာရုံစိုက်ဖို့ သင်ခန်းစာယူနိုင်ပြီး အထူးသဖြင့် အဲဒီ အန္တရာယ်တွေ တိုင်းတာတဲ့ စက်တွေ လက်ရှိထက် များလာတဲ့ အချိန်မှာ ထိန်းသိမ်း ပြုပြင်မှုနဲ့ ရန်ပုံငွေ အပိုင်းကိုလည်း အလေးထားရမှာ ဖြစ်ပါတယ်။

ဒီငလျင်ကြောင့် ဆူနာမီလှိုင်းကြီးမယ်လို့ ယူဆနိုင်စရာ ရှိခဲ့သလား

ဆူနာမီလှိုင်းကြီးစေတဲ့ ငလျင် အမျိုးအစားဟာ မြေအောက် ကျောက်လွှာတွေ အထက်အောက် လှုပ်ရှားမှုကြောင့် ရေကိုလည်း အထက်အောက် လှုပ်ရှားစေပြီး ဖြစ်ပေါ်တာလို့ ကျွမ်းကျင်သူတွေက သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။

ဆူလာဝေဆီ ငလျင်ကတော့ ရေပြင်ညီအတိုင်း ဘေးတိုက် လှုပ်ရှားခဲ့တဲ့ ငလျင် ဖြစ်တာကြောင့် နောက်ဆက်တွဲ လှိုင်းမြင့် ဆူနာမီ ဖြစ်နိုင်တဲ့ ငလျင် အမျိုးအစား မဟုတ်ခဲ့ဘူးလို့ စင်္ကာပူ အမျိုးသား တက္ကသိုလ်က ပတ်ဝန်းကျင်နဲ့ လူထု အကျိုးပြု ဆောက်လုပ်ရေး အင်ဂျင်နီယာဌာနရဲ့ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ပါမောက္ခ Philip Li-fan Liu က ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းနည်းပညာကျောင်းရဲ့ သမုဒ္ဒရာပိုင်းဆိုင်ရာ ပညာရှင် ဒေါက်တာ ဟန်မ်ဇား လတိဖ်ကတော့ ပါလူမြို့ရှိတဲ့ ကမ်းခြေဟာ ကျဉ်းမြောင်းတဲ့ ပင်လယ်အော်လို ဖြစ်နေတဲ့အတွက် ဆူနာမီလှိုင်းငယ်တွေကို စုပြီး မြှင့်ပေးလိုက်သလို ဖြစ်တာကြောင့် လှိုင်းအမြင့်ကြီးသွားရတာလို့ သုံးသပ်ထားပါတယ်။

မြန်မာနိုင်ငံမှာ ဆိုရင်တော့ ဆူနာမီလှိုင်း ဖြစ်လာရင် မိုင် ၁၄၀ဝ နီးပါးရှိတဲ့ မြန်မာ့ကမ်းရိုးတန်း အလျားတလျောက်က ကျဉ်းမြောင်းတဲ့ ပင်လယ်အော် နေရာတွေမှာ သတိထားဖို့လိုမှာ ဖြစ်ပါတယ်။

ဒေသတွင်းနဲ့ နိုင်ငံတကာက ဆူနာမီ သတိပေး ကွန်ရက်

လူပေါင်း နှစ်သိန်းကျော် သေဆုံးခဲ့တဲ့ ၂၀ဝ၄ အိန္ဒိယ သမုဒ္ဒရာ ငလျင်နဲ့ ဆူနာမီဖြစ်ပြီး နောက်ပိုင်းမှာ ပစိဖိတ် သမုဒ္ဒရာ၊ အိန္ဒိယ သမုဒ္ဒရာ၊ အရှေ့မြောက် အတ္တလန္တိတ်နဲ့တကွ မြေထဲပင်လယ်နဲ့ ဆက်စပ် ပင်လယ်ပြင်၊ ကာရစ်ဘီယန် ပင်လယ်တဝိုက်တို့အတွက် နိုင်ငံတကာ ပင်မ ဆူနာမီ ကြိုတင် သတိပေး ဌာန တခုစီကို ကုလသမဂ္ဂရဲ့ ဦးဆောင်မှုနဲ့ ဖွင့်လှစ်ထားပါတယ်။

အဲဒီ ၂၀ဝ၄ ဆူနာမီရဲ့ ဒဏ်ကို ခံခဲ့ရတဲ့ နိုင်ငံတွေထဲက မြန်မာနဲ့ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ ကမ်းရိုးတန်းတလျှောက် ပင်လယ်ပြင်မှာ ဒီရေ တိုင်းတာတဲ့ စက်နဲ့ ဆူနာမီ သီးသန့် တိုင်းတာ သတိပေးတဲ့ စက်တွေ ဖြန့်ကျက် ထားရှိပါတယ်။

အဲဒီ စက်တွေ ချိတ်ဆက် အလုပ်လုပ်ဖို့အတွက်ကိုတော့ ၂၀၁၂ အထိ ကြာမြင့်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၁၇ မှာတော့ ဒီ စက်တွေရဲ့ ၈၀ ရာခိုင်နှုန်းအထိ ပြင်ဆင်ဖို့ လိုအပ်နေတယ်လို့ ကြီးကြပ်သူ ဝန်ထမ်းတွေက ထုတ်ဖော်ခဲ့တဲ့အတွက် ထိုင်းကိုသွားမယ့် ကမ္ဘာလှည့်ခရီးသွားတွေအတွက် စိုးရိမ်စရာ ဖြစ်ခဲ့ပြီး အရေးတကြီး ပြင်ဆင်ခဲ့ရဖူးပါတယ်။

နောက်ထပ် ဒေသတွင်း နိုင်ငံတခုဖြစ်တဲ့ သီရိလင်္ကာနိုင်ငံမှာတော့ ကမ်းရိုးတန်းတလျှောက် ဇုန် ၁၃ ခုခွဲပြီး ဆူနာမီ ကာကွယ်ရေး စနစ်တွေ တပ်ဆင်ထားပါတယ်။

အဲဒီ စနစ်ကို၂၀၁၄ ခုနှစ် ရောက်တဲ့ အချိန်ကျမှ အပြည့်အစုံ လည်ပတ်နိုင်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ ကမ်းခြေ တလျှောက် ပင်လယ်ပြင်မှာထားတဲ့ ဆူနာမီ သီးသန့် ကြိုတင် သတိပေးစက်တွေကို ချိတ်ဆက်တဲ့ ကွန်ရက် ၇ ခု ရှိနေပါတယ်။

၂၀၁၄ မှာတော့ ငလျင် အရှိန် တိုင်းတဲ့စက်တွေ ပါဝင်တဲ့ ကွန်ရက်တွေကို တိုးချဲ့နိုင်ခဲ့ပြီး နိုင်ငံတကာက ဒီရေတိုင်းစက် အခု ၃၀ဝ နဲ့ ချိတ်ဆက်ထားတဲ့ ဒီရေ တိုင်းစက် ၃၁ ခုကို ထပ်မံ တပ်ဆင် နိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဆူနာမီအတွက် သီးသန့် တိုင်းတာတဲ့ ကိရိယာနဲ့ သတိပေးတဲ့ စနစ် မရှိသေးပေမယ့် ငလျင်တိုင်းတာစက်တွေနဲ့ ဒီရေတိုင်း ကိရိယာ သုံးခု အပြင် အင်ဒိုနီးရှားရဲ့ မိုးလေဝသဌာန၊ ပစိဖိတ်ဒေသ ဆူနာမီ သတိပေး ဌာန၊ အိန္ဒိယနဲ့ ဂျပန်တို့ရဲ့ မိုးလေဝသ ဌာနတွေဆီကနေ ငလျင်နဲ့ ဆက်စပ် ဆူနာမီ သတိပေးချက်တွေကို ရယူ ထုတ်ပြန်ပေးနေတယ်လို့ ဦးကျော်မိုးဦးက ပြောပါတယ်။