စက်တင်ဘာ ၁၉ ရက်နေ့ ညနေပိုင်း သိသင့်တဲ့ သတင်းများ

၁။ အမေရိကန် ၁ ဒေါ်လာကို ကျပ် ၁၆၀၀ ကျော်ထိ ဈေးပေါက်နေ
ဒီကနေ့ စက်တင်ဘာ ၁၉ ရက်နေ့မှာ အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်းဟာ ၁ ဒေါ်လာကို ကျပ်ငွေ ၁၆၀၃ ကျပ်ထိ (အရောင်းဈေး) ရှိနေတယ်လို့ နေ့လယ် ၂နာရီဝန်းကျင်က နိုင်ငံခြားငွေလဲလှယ်ရေးကောင်တာတွေ ထံကို စုံစမ်းမေးမြန်းရာက သိရပါတယ်။
ဒေါ်လာဈေးနှုန်းကို ဗဟိုဘဏ်ရဲ့ သတ်မှတ် ငွေလဲနှုန်း အထက်အောက် သတ်မှတ်ချက်အတွင်းသာ ရောင်း ဖို့ ဆိုတဲ့ကန့်သတ်ချက်က သြဂုတ် ၁၄ရက်နေ့က ဖြေလျှော့ပေးပြီးတဲ့နောက်ပိုင်း နိုင်ငံခြားငွေ လဲလှယ်နှုန်း ဟာ မကြုံစဖူး ထိုးတက်လာခဲ့ပြီး ၁ ဒေါ်လာကို ၁၅၈၀ ကျပ်ဝန်းကျင်အထိ အမြင့်ဆုံးရောက်ခဲ့ပြီးနောက် အခု ၁၆၀၃ ကျပ်ကို ပထမဆုံး ရောက်ရှိခဲ့တာဖြစ်ပါတယ်။
၂။ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး မြန်မာနိုင်ငံကိုလာရောက်
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရီမီဟန့်ဟာ ဒီကနေ့ (စက်တင်ဘာ ၁၉ ရက်) မှာ မြန်မာနိုင်ငံသို့ ရောက်ရှိ မှာဖြစ်ပြီး နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ စက်တင်ဘာ ၂၀ ရက်မှာ တွေ့ဆုံဖို့ရှိနေတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနကနေထုတ်ပြန်ထားပါတယ်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရီမီဟန့်ဟာ ဒီခရီးစဉ်အတွင်းမှာ ရန်ကုန်၊ နေပြည်တော်အပြင် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွေကို သွားရောက်ဖို့ရှိနေတယ်လို့လည်းသိရပါတယ်။
၃။ MLM (Multi Level Marketing) လုပ်ငန်းတွေကို လုပ်ကိုင်ပါက ထောင် ၃ နှစ်အထိကျနိုင်တဲ့ ပုဒ်မနဲ့အရေးယူမယ်
ပြည်တွင်းရှိ MLM (Multi Level Marketing) လုပ်ငန်းတွေကို လုပ်ကိုင်ပါက ထောင်၃ နှစ်အထိကျနိုင်တဲ့ ပုဒ်မနဲ့ အရေးယူတော့မယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနက စက်တင်ဘာ ၁၈ ရက်နေ့ကထုတ်ပြန် ခဲ့ ပါတယ်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အမိန့်ကြော်ငြာစာမှာ ဆင့်ပွားဈေးကွက် ဖြန့်ချိရေးလုပ်ငန်း (Multi Level Marketing) ကို အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်လိုက်ပြီး ဒါကိုလုပ်ကိုင်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ (၅) အရ အရေးယူခံရမယ်လို့ဖော်ပြထားပါတယ်။
အရေးကြီးကုန်စည်နဲ့ဝန်ဆောင်မှု ဥပဒေမှာတော့ ဥပဒေသတ်မှတ်ချက်ကို ချိုးဖောက် ပါက ထောင်ဒဏ် ၆ လကနေ အများဆုံး ထောင် ၃နှစ်အတွင်း ချမှတ်ရမဲ့အပြင် ကျပ် ၅သိန်းထက်မပိုတဲ့ဒဏ်ငွေ ကို ပေးဆောင် စေရမယ်လို့ ပါရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NAINGKOTHU
၄။ ရန်ကုန်မှာ ငြိမ်းချမ်းရေးကဗျာရွတ်သူတွေကို စီရင်ချက်ချ
ကချင်ပြည်နယ်ကတိုက်ပွဲတွေကြောင့် မငြိမ်းမချမ်းဖြစ်နေတာတွေကို ငြိမ်းချမ်းဖို့အတွက်ဆိုပြီး ၂၀၁၈ မေလ ၁၄ ရက်က မဟာဗန္ဓုလပန်းခြံမှာ ငြိမ်းချမ်းရေးကဗျာရွတ်ခဲ့တဲ့ ကိုဇေယျာလွင်၊ ကိုခန့်မင်းထက်နဲ့ ရွှေကြယ်မိုး (ခ) ကိုရဲဝင့်အောင် တို့ သုံးယောက်ကို စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၁၉ အရ ဒီကနေ့မှာ ကျောက်တံတားမြို့နယ် တရားရုံးက ဒဏ်ငွေ (၂) သောင်း (သို့မဟုတ်) ထောင်ဒဏ် (၁၅) ရက် ကျခံဖို့ အမိန့်ချမှတ်လိုက်ပါတယ်။
ကဗျာဆရာ ကိုခန့်မင်းထက်နဲ့ ရွှေကြယ်မိုး (ခ) ကိုရဲဝင့်အောင်ကတော့ ဒဏ်ငွေ ၂သောင်းကိုပေးဆောင်ခဲ့ပေမယ့် ကိုဇေယျာလွင်ကတော့ ငြိမ်းချမ်းရေးကိုစော်ကားခံရတယ်လို့ ယူဆပြီး လွတ်လပ်စွာရေးသား ပြောဆိုခွင့်နဲ့ တရားစီရင်ရေးပျက်ယွင်းတာကို ထောက်ပြတဲ့အနေနဲ့ဆိုကာ ထောင်ဒဏ် ၁၅ ရက်ကို ရွေးချယ်လိုက်တယ်လို့ စီရင်ချက်ချအပြီးမှာ ဘီဘီစီကို ပြောပါတယ်။
ကိုဇေယျာလွင်ဟာ ဗဟန်းမြို့နယ်မှာ ငြိမ်းချမ်းရေးအတွက် စီတန်းလမ်းလျှောက်လို့ ငြိမ်း၊စု၊စီပုဒ်မနဲ့ တရားစွဲခံရတဲ့ အမှုတခုရှိနေသေးပြီး မကြာခင်မှာ အပြီးသတ် အမိန့်ချခံရဖွယ်ရှိနေပါတယ်။
အလားတူ မန္တလေးမှာလည်း ပြီးခဲ့တဲ့မေလအတွင်းက ကဗျာရွတ်လို့ ကဗျာဆရာ ကလင့်နဲ့ ဗကသ အဖွဲ့ဝင်ဟောင်း ကိုအောင်မှိုင်းဆန်း၊ ကိုဒိန်းဒေါင်တို့ကို ထောင်ဒဏ် ၂လ နဲ့ လက်ရှိဗကသ ဗဟို ကော်မတီဝင် ကိုနှင်းအောင် နဲ့ ကိုသန်းထိုက်တို့ ထောင်ဒဏ် ၃လ ချမှတ်ခံခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန
၅ ။ ၂၄ နာရီအတွင်း မုန်တိုင်းငယ် ဖြစ်လာမယ်လို့ သတိပေး
ဘင်္ဂလား ပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ လာမယ့် ၂၄ နာရီ အတွင်း မုန်တိုင်းငယ်ဖြစ်လာမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးပါတယ်။
လေဖိအားနည်းရပ်ဝန်းဟာ မြန်မာ့ကမ်းရိုးတန်းအနီး ဘင်္ဂလား ပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေလို့ ရခိုင် ကမ်းရိုးတန်းနဲ့ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းတွေမှာ မိုးပြင်းလေထန်ပြီး ၁ နာရီကို မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦး က ပြောပါတယ်။
တိုင်းတာမှုတွေအရ မုန်တိုင်းငယ် ဦးတည်နေတာက အန္ဒိယနိုင်ငံ သြရိသကမ်းခြေကို စက်တင်ဘာ ၂၀ ရက် ညပိုင်း နောက်ကျရင် ၂၁ ရက် မနက်စောပိုင်း ဖြတ်ကျော် ဝင်ရောက်မယ် ခန့်မှန်းထားတယ်လို့ ဒေါက်တာကျော်မိုးဦး က ပြောပါတယ်။
မုန်တိုင်းငယ်အရှိန်ကြောင့် မြစ်ရေကြီးမှု သတိပေးထားတဲ့ ဒေသတွေမှာတော့ သက်ရောက်မှု မရှိနိုင်ဘူးလို့ ဒေါက်တာကျော်မိုးဦး က ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
၆။ မန်ခွတ်မုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ သေဆုံးသူ ၈၁ ယောက်ရှိလာ
မန်ခွတ် တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်ခဲ့ပြီးနောက် ဖိလစ်ပိုင်နိုင်ငံမှာ သေဆုံးတဲ့သူ ဦးရေဟာ ၈၁ ယောက် ရှိသွားပြီလို့ အာဏာပိုင်တွေက AFP သတင်းဌာနကို ပြောပါတယ်။
သေဆုံးသူ အများစုဟာ မုန်တိုင်းတိုက်ခတ်စဉ် မိုးကြီးပြီး မြေပြိုလို့ သေဆုံးရတာ ဖြစ်တယ်လို့ ဖိလစ်ပိုင်တွေက အာဏာပိုင်တွေက ဆိုပါတယ်။
မြေပြိုကျတဲ့ ဒေသတွေမှာ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတာ မပြီးသေးလို့ ပြိုကျတဲ့ ရွှံနွံတွေထဲမှာ နစ်မြှပ်ပျောက်ဆုံးသူတွေ ရှိနိုင်သေးလို့ သေဆုံးသူဦးရေဟာ မြင့်လာနိုင်တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေစဉ် အတွင်းမှာလည်း ပျောက်ဆုံးနေသူတွေရဲ့ မိသားစုဝင်ဆွေမျိုးတွေက လာရောက်စောင့်ဆိုင်း နေကြတယ်လို့ ဒေသဆိုင်ရာ မီဒီယာတွေက ပြောပါတယ်။








