၂၄ နာရီအတွင်း မုန်တိုင်းငယ် ဖြစ်လာမယ်လို့ သတိပေး

ဓာတ်ပုံ ရင်းမြစ်, မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန
ဘင်္ဂလား ပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ လာမယ့် ၂၄ နာရီ အတွင်း မုန်တိုင်းငယ်ဖြစ်လာမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးပါတယ်။
လေဖိအားနည်းရပ်ဝန်းဟာ မြန်မာ့ကမ်းရိုးတန်းအနီး ဘင်္ဂလား ပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေလို့ ရခိုင် ကမ်းရိုးတန်းနဲ့ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းတွေမှာ မိုးပြင်းလေထန်ပြီး ၁ နာရီကို မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦး က ပြောပါတယ်။
တိုင်းတာမှုတွေအရ မုန်တိုင်းငယ် ဦးတည်နေတာက အန္ဒိယနိုင်ငံ သြရိသကမ်းခြေကို စက်တင်ဘာ ၂၀ ရက် ညပိုင်း နောက်ကျရင် ၂၁ ရက် မနက်စောပိုင်း ဖြတ်ကျော် ဝင်ရောက်မယ် ခန့်မှန်းထားတယ်လို့ ဒေါက်တာကျော်မိုးဦး က ပြောပါတယ်။
မုန်တိုင်းငယ်အရှိန်ကြောင့် မြစ်ရေကြီးမှု သတိပေးထားတဲ့ ဒေသတွေမှာတော့ သက်ရောက်မှု မရှိနိုင်ဘူးလို့ ဒေါက်တာကျော်မိုးဦး က ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်မှာ မိုးကြီးပြီး တခါတရံ လေပြင်းတိုက်နိုင်တယ်လို့ မိုးဇလ ဦးစီးဌာနက သတိပေးပါတယ်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တွေမှာ မိုးသက်လေပြင်း ကျပြီး၊ လှိုင်းအမြင့် ၉ ပေ ကနေ ၁၂ ပေ အထိ ရှိနိုင်လို့ သင်္ဘောတွေ၊ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်တွေ ကြိုတင်သတိပြုကြဖို့ မိုးဇလ ဦးစီးဌာနက သတိပေးထားပါတယ်။
မုန်တိုင်းငယ်အရှိန်ကြောင့် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တို့မှာ မုတ်သုံလေ အားကောင်းနေတယ်လို့ မိုးဇလဦးစီးဌာနက ပြောပါတယ်။




