အမေရိကန် ဒေါ်လာငွေလဲလှယ်နှုန်း စံချိန်တင် မြင့်တက်

ဗဟိုဘဏ်ရဲ့ အဖွင့်ဈေးနဲ့ ဈေးကွက်ပေါက်ဈေး အတော်လေးကွာဟလာ
ဓာတ်ပုံ ပုံစာ, ဗဟိုဘဏ်ရဲ့ အဖွင့်ဈေးနဲ့ ဈေးကွက်ပေါက်ဈေး အတော်လေးကွာဟလာ

သြဂုတ် ၁၅ရက်နေ့မှာတော့ အမေရိကန် ဒေါ်လာငွေလဲလှယ်နှုန်းဟာ တခါမှ မဖြစ်ခဲ့ဘူးတဲ့ စံချိန်တင် ဈေးနှုန်းအဖြစ် ၁ ဒေါ်လာ ကို မြန်မာငွေ ၁,၅၀၀ ကျော်အထိ တက်သွားတယ်လို့ နိုင်ငံခြားငွေ လဲလှယ်ရေး ကောင်တာတွေထံကနေ စုံစမ်းသိရှိရပါတယ်။

မနေ့က (သြဂုတ် ၁၄ ရက်) ဗဟိုဘဏ်ရဲ့ သတ်မှတ် ငွေလဲနှုန်း အထက်အောက် သတ်မှတ်ချက်အတွင်းသာ ရောင်းဖို့ ဆိုတဲ့ကန့်သတ်ချက်ကိုဖြေလျှော့ပေးပြီးတဲ့နောက်မှာ အခုလို စံချိန်တင်မြင့်တက်သွားခဲ့တာ ဖြစ်ပါတယ်။

' ' ဒီကနေ့ ရောင်းဈေးက ၁ ဒေါ်လာကို ၁,၅၀၄ ကျပ်၊ ဝယ်ဈေးကတော့ ၁,၄၉၇ ကျပ်ပေါ့။ သာမန် ပြည်သူတွေပါ ဒေါ်လာလိုက်ဝယ်ကြတော့ ဈေးကွက်ထဲမှာ ရောင်းစရာ ဒေါ်လာကမရှိတော့ဘူး။ ပြတ်ကုန် ပြီ။ ကျွန်တော်တို့လည်း မနက်ပိုင်းကတည်းက ပြတ်သွားတယ်။ အရောင်းမရှိတော့ဘူး။ အဓိကကတော့ မနေ့က ဗဟိုဘဏ်က နှုန်းရှင်သတ်မှတ် ချက်ကို ပယ်ဖျက်ပေးလိုက်တာပေါ့။ ဒါကို ဗဟိုဘဏ်က ငွေဈေး မထိန်းချုပ်တော့ဘူးဆိုတဲ့ ကောလာဟလတွေက ထွက်ကုန်တယ်။ ဒါကြောင့်လဲ ဈေးကွက်ထဲမှာ ဝယ်တဲ့ သူကများပြီး ရောင်းတဲ့သူကမရှိဘူး။ ဈေးထပ်မတက်အောင်တော့ ဗဟိုဘဏ်က သူပြောထားတဲ့ အတိုင်း လုပ်ဖို့တော့လိုမယ်။ ဈေးကွက်ထဲ ဒေါ်လာထည့်မယ်တို့ ဘဏ်တွေကို ဒေါ်လာချေးမယ်တို့ ပြောထားတာ တွေကိုလုပ်ဖို့တော့လိုမယ်။ အဲဒီလို မလုပ်နိုင်ဘူးဆိုရင်တော့ မလွယ်ဘူး။'' လို့ Farmer နိုင်ငံခြားငွေလဲလှယ်ရေး ကောင်တာပိုင်ရှင် ဖြစ်တဲ့ဒေါက်တာ စိုးထွန်းကပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာ အဖွင့်အဈေးအနေနဲ့ ဗဟိုဘဏ်ရဲ့ သတ်မှတ် အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်းက ၁ ဒေါ်လာကို ၁,၄၇၅ ကျပ် ဖြစ်ခဲ့ပေမယ့် ဈေးကွက်အတွင်း တကယ်အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက ၁ ဒေါ်လာကို ကျပ်ငွေ ၁,၅၀၀ ကျော်အထိရှိခဲ့ပါတယ်။

' ' ဗဟိုဘဏ်အနေနဲ့ မူဝါဒတခုခုပြောင်းတော့မယ်ဆိုရင် သေချာစဉ်းစားဖို့လိုတယ်။ အခုက ရုတ်တရက် လုပ်ချလိုက်တာပေါ့။ ဘေးထွက်ဆိုးကျိုးတွေပါ တွက်ဖို့လိုတယ်။ နိုင်ငံအတော်များများမှာလည်း အခုလို နှုန်းရှင်ကလုပ်ပါတယ်။ ဒါပေမယ့်လည်း လုပ်ရမဲ့အခြေအနေ အချိန်အခါကိုကြည့်ရပါမယ်။ လွဲသွားရင် အခုလို ငွေကြေး ကမောက်ကမဖြစ်တာတွေရှိလာနိုင်တယ်။ အခုဆိုရေကြီးရေလျှံတာတွေဖြစ်နေတယ်။ ပို့ကုန်တွေ လျော့လာနိုင်တယ်။ နောက်တခုက ထိခိုက်မှုတွေရှိနေလို့ သွင်းကုန်တွေ ဝယ်ယူတင်သွင်းရ တော့မယ်။ မျိုးစပါးတို့ ဓာတ်မြေသြဇာတို့ကအစပေါ့။ ဆိုတော့ ဒီအခြေအနေတွေကို အများကြီးစဉ်းစားရမယ်။ စီးပွားရေးကော်မတီဝင်တဦးအနေနဲ့တောင် ကျွန်တော် တော်တော်စိတ်ပျက်တယ်။'' လို့ ဗဟိုဘဏ်ရဲ့ နှုန်းသတ်မှတ်ချက် ပယ်ဖျက်အပြီး ဒေါ်လာလဲလှယ်နှုန်းတွေစံချိန်တင်မြှင့်တက်လာတဲ့အပေါ် စီးပွားရေး ပညာရှင်တဦးဖြစ်တဲ့ ဒေါက်တာအောင်ကိုကိုက ဘီဘီစီကိုပြောပါတယ်။

အမေရိကန် ဒေါ်လာငွေလဲလှယ်နှုန်း မြှင့်တက်လာတာနဲ့အတူ သွင်းကုန်အများစု အသုံးပြုနေရတဲ့ မြန်မာ နိုင်ငံအနေနဲ့ ပြည်ပကတင်သွင်းနေရတဲ့ ကုန်ပစ္စည်းတွေအပြင် အခြေခံစားသောက်ကုန်တွေပါ ဈေးတွေ စတင်တက်လာနေပြီဖြစ်ပါတယ်။

ငွေလဲလှယ်နှုန်းဟာ ၂၀၁၆ ဇူလိုင်လမှာ ၁ ဒေါ်လာကို မြန်မာငွေဈေး ၁,၁၈၀ ကျပ်အထိ ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ ၁ ဒေါ်လာကို အမြင့်ဆုံး ၁,၃၆၀ ကျပ်အထိ ရောက်ခဲ့ပါတယ်။ ၂၀၁၈ ဇူလိုင်လနောက်ပိုင်းမှာ မြန်မာကျပ်ငွေတန်ဖိုး ပိုမို ကျဆင်းလာခဲ့ပြီး သြဂုတ်လမှာတော့ ၁ ဒေါ်လာကို ၁,၄၄၀ ကျပ် အထက် အထိ ရောက်လာခဲ့ပါတယ်။