ငွေလဲနှုန်းသတ်မှတ်ချက် ဗဟိုဘဏ် ပယ်ဖျက်

ဓာတ်ပုံ ရင်းမြစ်, BBC Burmese
၂၀၁၂ ခုနှစ်ကတည်းက သတ်မှတ် ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံခြားငွေ ရောင်းဝယ်နှုန်း သတ်မှတ်ချက် ဝ.၈ ရာခိုင်နှုန်းကို ပယ်ဖျက်ကြောင်း ဗဟိုဘဏ်က ကြေညာလိုက်ပါတယ်။
အရင်တုန်းက ဗဟိုဘဏ်က သူတို့သတ်မှတ်ထားတဲ့ နှုန်းဟာ အပြင်ဈေးနဲ့ သိပ် ကွာနေတဲ့အတွက် အပြင်ဘဏ်တွေအနေနဲ့ ရောင်းဝယ်ရခက်ခဲပြီး စာရင်းလိမ်ရမလို ဖြစ်နေတဲ့အတွက် ဒီလို ပယ်ဖျက်လိုက်တာ ဖြစ်နိုင်တယ်လို့ ယူဆကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယ ဥက္ကဌ ဒေါက်တာစိုးထွန်းက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Central bank
၂၀၁၈ ခုနှစ် ထဲမှာ ဖေဖော်ဝါရီလဆန်းပိုင်းလောက်က ၁ ဒေါ်လာကို ၁,၃၃၀ ကျပ် ပေါက်ဈေး ရှိနေရာကနေ ဧပြီလကစပြီး ဒေါ်လာငွေလဲလှယ်နှုန်းက တရိပ်ရိပ် တက်လာခဲ့ပါတယ်။
သြဂုတ်လ ၁၄ ရက်နေ့ အတွက် ဗဟိုဘဏ်ရဲ့ ငွေလဲနှုန်းကတော့ ၁ ဒေါ်လာကို ၁,၄၈၃ ကျပ် ရှိနေပါတယ်။
ဒီလို မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေတာဟာ ပြည်တွင်းက အကြောင်းအရင်းတွေထက် ပြည်ပက လာတဲ့ အကြောင်းအရင်းတွေနဲ့ ပိုသက်ဆိုင်မယ် လို့ ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ဦးဘိုဘိုငယ်က ဘီဘီစီကို ပြောပါတယ်။
ဒေါ်လာပေါက်ဈေးနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ပြည်ပကနေ တင်သွင်းတဲ့ လူသုံးကုန်ပစ္စည်း၊ သယ်ယူပို့ဆောင်ရေးမှာ အသုံးပြုတဲ့ စက်သုံးဆီ အစရှိတဲ့ ဈေးနှုန်းတွေဟာ ထပ်တက်လာနိုင်ခြေ ရှိတယ်လို့ ဒေါက်တာစိုးထွန်းက သုံးသပ်ပါတယ်။
၂၀၁၆ ဇူလိုင်လမှာ ၁ ဒေါ်လာကို မြန်မာငွေဈေး ၁,၁၈၀ ကျပ်အထိ ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ ၁ ဒေါ်လာကို အမြင့်ဆုံး ၁,၃၆၀ ကျပ်အထိ ရောက်ခဲ့ပါတယ်။ ၂၀၁၈ ဇူလိုင်လနောက်ပိုင်းမှာ မြန်မာကျပ်ငွေတန်ဖိုး ပိုမို ကျဆင်းလာခဲ့ပြီး သြဂုတ်လမှာတော့ ၁ ဒေါ်လာကို ၁,၄၄၀ ကျပ် အထက် အထိ ရောက်လာခဲ့ပါတယ်။




