မန်ခွတ်မုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ သေဆုံးသူ ၈၁ ယောက်ရှိလာ

နစ်မြှပ်ပျောက်ဆုံးသူတွေကို ရှာဖွေကယ်ဆယ်နေစဉ်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, နစ်မြှပ်ပျောက်ဆုံးသူတွေကို ရှာဖွေကယ်ဆယ်နေစဉ်

မန်ခွတ် တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်ခဲ့ပြီးနောက် ဖိလစ်ပိုင်နိုင်ငံမှာ သေဆုံးတဲ့သူ ဦးရေဟာ ၈၁ ယောက် ရှိသွားပြီလို့ အာဏာပိုင်တွေက AFP သတင်းဌာနကို ပြောပါတယ်။

သေဆုံးသူ အများစုဟာ မုန်တိုင်းတိုက်ခတ်စဉ် မိုးကြီးပြီး မြေပြိုလို့ သေဆုံးရတာ ဖြစ်တယ်လို့ ဖိလစ်ပိုင်တွေက အာဏာပိုင်တွေက ဆိုပါတယ်။

မြေပြိုကျတဲ့ ဒေသတွေမှာ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတာ မပြီးသေးလို့ ပြိုကျတဲ့ ရွှံ့နွံတွေထဲမှာ နစ်မြုပ်ပျောက်ဆုံးသူတွေ ရှိနိုင်သေးလို့ သေဆုံးသူဦးရေဟာ မြင့်လာနိုင်တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေစဉ် အတွင်းမှာလည်း ပျောက်ဆုံးနေသူတွေရဲ့ မိသားစုဝင်ဆွေမျိုးတွေက လာရောက်စောင့်ဆိုင်း နေကြတယ်လို့ ဒေသဆိုင်ရာ မီဒီယာတွေက ပြောပါတယ်။

"စာရင်းတွေပါ ၅၅ ယောက် ပျောက်ဆုံးနေတာ ခုထိရှာ မတွေ့သေးဘူး၊ ဒီပျောက်ဆုံးစာရင်း အတိုင်းဆို သေဆုံးသူ ဦးရေဟာ ၁၀၀ ကျော် ရှိလာနိုင်ပါတယ်လို့ " မိုင်းတွင်းလုပ်ငန်းတွေ အများစုရှိတဲ့ အိုင်တိုဂွန်မြို့ရဲ့ အရပ်သား ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ခေါင်းဆောင် ရီကာတိုဂျလတ်က AFP ကို ပြောပါတယ်။

အထူးသဖြင့် ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းမှာ မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်ပြီး လေပြင်းတိုက်လို့ သီးနှံစိုက်ခင်းတွေနဲ့ ဒေသခံတွေရဲ့ နေအိမ် အများအပြား ပျက်စီးခဲ့ပါတယ်။

တိုင်ဖုန်း မန်ခွတ်ဟာ ဖိလစ်ပိုင်နိုင်ငံကို စက်တင်ဘာ ၁၅ ရက်ကတည်းက ဝင်ရောက် တိုက်ခတ်ခဲ့တာဖြစ်ပြီး လေတိုက်နှုန်းဟာ တနာရီကို ၁၁၅ မိုင် တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ လာရောက် စောင့်နေကြတဲ့ မိသားစုဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ လာရောက် စောင့်နေကြတဲ့ မိသားစုဝင်တွေ

မုန်တိုင်းဒဏ်ကို လူ ၅ သန်းလောက် ခံစားရပြီး ယာယီ ကယ်ဆယ်ရေး စခန်းတွေမှာ သွားရောက် ခိုလှုံရသူလည်း ၁ သိန်းကျော် ရှိတယ်လို့ ဒေသဆိုင်ရာ မီဒီယာတွေက ပြောပါတယ်။

ဖိလစ်ပိုင် နိုင်ငံမှာ ၂၀၁၃ ခုနှစ်တုန်းက အင်အားပြင်းထန်တဲ့ စူပါ တိုင်ဖုန်း မုန်တိုင်း ဟိုင်ယန် ဝင်ရောက် တိုက်ခတ်ခဲ့ပြီး လူ ခုနစ်ထောင် လောက် သေကြေခဲ့ပါတယ်။