အင်ဒိုနီးရှားငလျင်ကြောင့် သေဆုံးသူ၈ဝကျော်ပြီ

အင်ဒိုနီးရှားနိုင်ငံ Lombok ကျွန်းမှာ အင်အားပြင်း ငလျင် လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၈၂ယောက် ရှိသွားပြီလို့ သဘာဝဘေး ကယ်ဆယ်ရေး ဆိုင်ရာ အရာရှိတွေက ပြောပါတယ်။

ပြင်းအားပမာဏ ခုနစ် ရစ်ချတာစကေး ရှိတဲ့ ငလျင်ဒဏ်ကြောင့် ရာနဲ့ချီတဲ့ လူတွေ ခေါင်းဒဏ်ရာရခဲ့ကြသလို အရိုးကျိုးမှုတွေလည်း ရှိခဲ့ပါတယ်။

ငလျင်လှုပ်စဉ် အဆောက်အအုံတွေ အကြီးအကျယ် တုန်ခါခဲ့တာကြောင့် လူတွေလည်း အိမ်တွေထဲကနေ ကြောက်လန့်တကြား ထွက်ပြေးလာကြပြီး ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေကို ယာယီကယ်ဆယ်ရေး စခန်းတွေမှာ နေရာချထားကြရပါတယ်။

ငလျင်လှုပ်ပြီးနောက် ဆူနာမီ သတိပေးချက် ထုတ်ပြန်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဒီထုတ်ပြန်ချက်ကို ပြန်လည် ရုတ်သိမ်းခဲ့ပါတယ်။

အဆောက်အအုံတွေကြားထဲ အသက်မသေဘဲ ပိတ်မိနေသူတွေကို ညလုံးပေါက် ရှာဖွေ ကယ်ဆယ်မှုတွေ လုပ်နေပေမယ့် မီးပျက်နေတာကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေ ထင်သလောက် ခရီးမပေါက် ဖြစ်ခဲ့ရပါတယ်။

ခုလှုပ်ခတ်ခဲ့တဲ့ငလျင်ဟာ ဒီ သီတင်းပတ်အတွင်း ဒုတိယ အကြိမ် လှုပ်ခတ်ခဲ့တာ ဖြစ်ပြီး ပထမ ငလျင်တုန်းကလည်း လူဆယ့်ခြောက်ယောက် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

လောလောဆယ်တော့ လူနာတွေ ကို ကားရပ်တဲ့ နေရာ နဲ့ အားကစားရုံ၊ ဆေးရုံ စင်္ကြန် တွေ မှာ ထားနေရကြောင်း ၊ အရေးပေါ် ရွက်ဖျင်တဲ တွေ လည်း ထိုးထားကြောင်း ၊ ဒါမှပဲ လူနာတွေ ကို တနေရာထဲမှာ အားလုံး ထားပြီး ဆရာဝန်တွေ သူနာပြုတွေ က ကုသ ပြုစု နိုင်ကြမှာ ဖြစ်ကြောင်း ဘာလီကျွန်း ဆန်ဂလာ ဆေးရုံ မှ ဒါရိုက်တာ အီကတွတ် ဆူဒါ တာနော က ပြောပါတယ်။

အာဏာပိုင်တွေ ကတော့ ကျွန်းနေလူထု ကို ကမ်းခြေ ကနေ ဝေးဝေးနေဖို့ ပြောထားလို့ တုန်လှုပ် ချောက်ချား စွာနဲ့ လူတွေဟာ ကွင်းပြင်နေရာ မှာပဲ အိပ်စက် နားနေကြပါတယ်။

ငလျင်ဒဏ်ကြောင့် မီးပါ ပြတ်သွားလို့ ပျက်စီးသွားတဲ့ အဆောက်အအုံ အပြိုအပျက်တွေကြား ရှာဖွေ ကယ်ဆယ်ရေး အပိုင်းမှာ အခက်အခဲ ရှိနေကြပါတယ်။

ဒါကြောင့်မို့ ရှေ့ဆက် ရှာဖွေရေး လုပ်တဲ့ အချိန်မှာလည်း သေဆုံး ဒဏ်ရာရသူ ဦးရေ ထပ်တိုးလာဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် ကပဲ Lombok ကျွန်းမှာဘဲ ပြင်းထန်တဲ့ ငလျင် လှုပ်ခဲ့ပြီး အဲဒီတုန်း က လူပေါင်း ၁၆ ဦး သေဆုံးခဲ့ပါတယ်။

ငလျင် က အတော်ပြင်းပြင်း နှစ်ကြိမ် တောင်လှုပ်တာ ကြောင့်မို့ မိသားစု၀င်တွေဟာ အိမ်ထဲက အမြန်ဆုံး ထွက်ပြေးရပြီး ရပ်ကွက် က လူတွေ အားလုံး အိမ်ထဲက ပြေးထွက်ကြရပါတယ် လို့ ဘာလီကျွန်းအထိ ငလျင်လှိုင်း သက်ရောက်ခဲ့ ပုံကို လူထူထပ်တဲ့ ရပ်ကွက်နေ ပူတူးအယ်ဒီ က ပြောပြပါတယ်။

အင်ဒိုနီးရှား နိုင်ငံ ကျွန်းတွေဟာ ငလျင်ကြောမှာ တည်ရှိ နေတဲ့ အတွက် မကြာခဏ ငလျင်ဒဏ် ခံရတာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။