ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပိတ်မိနေတဲ့ ကလေးတွေဆီက လာတဲ့ စာတွေ
ဂူထဲမှာ နှစ်ပတ်အကြာ ပိတ်မိနေပြီးနောက် ထိုင်းကလေးတွေနဲ့ သူတို့ နည်းပြက မိဘတွေဆီ စာတွေ စပို့နိုင်ပြီ ဖြစ်ပါတယ်။ ကျောင်းသားလေးတွေနဲ့ နည်းပြက သူတို့ဆီကို ရာက်လာတဲ့ ဗြိတိသျှ ရေငုပ်သမားတွေက တဆင့် သူတို့ရဲ့ မိဘတွေဆီ ဇူလိုင် ၆ ရက်နေ့က စာရေးသား ပေးပို့ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီစာကို အခုတော့ ထိုင်း အထူး ဘုရင့် ရေတပ်ကနေ ထုတ်ပြန်ခဲ့ပါတယ်။ ကျောင်းသုံးစာအုပ်က စာရွက်ပေါ်မှာ ရေးသားထားတဲ့ စာထဲမှာ သူတို့ရဲ့ စိတ်ခံစားချက်နဲ့ သူတို့က မိဘတွေကို ပြန်အားပေးနေတာ တွေ့ရပါတယ်။
တောဝက်ဘောလုံးအသင်းက ကလေးတယောက် ရေးထားတဲ့ စာထဲမှာတော့ စိတ်မပူပါနဲ့၊ ရေတပ်နဲ့ ဆရာဝန် တယောက်က ကျွန်တော်တို့ကို ကြည့်ပေးနေတယ်လို့ ရေးသားထားပါတယ်။ တချို့ကလည်း ဒီမှာ အားလုံး ကျန်းမာတယ်၊ ပြန်လာရင် ဆရာက သူတို့ကို အိမ်စာတွေ အများကြီး လုပ်ခိုင်းမှာကို စိုးရိမ်တယ် လို့ ရေးသူလည်း ရှိပါတယ်။
ကလေးတွေကိုဂူထဲ ခေါ်သွားမိတဲ့ နည်းပြကတော့ မိဘတွေကို တောင်းပန် ပါတယ်။ မိဘတွေကလည်း စိတ်မဆိုးဘူး၊ ကလေးတွေကို စောင့်ရှောက်ပေးလို့ ကျေးဇူးတင်တယ်လို့ စာပြန်ကြပါတယ်။ ကလေးတွေကို အကောင်းဆုံး ဖြစ်အောင် စောင့်ရှောက်ပါမယ်လို့လည်း ဒီအသက် ၂၅ နှစ် နည်းပြဆရာက ပြန်ပြီးတော့ ရေးသားပါတယ်။
တချို့ကလေးတွေကတော့ သူတို့ စားချင်တဲ့ အစားအသောက်တွေကို ပူဆာကြပါတယ်။ တန်ဆိုတဲ့ ကလေးတယောက်ကတော့ သူ့အတွက် ကြက်သားကြော် ယူလာခိုင်းပါတယ်။
နောက်နည်းပြက သူ့အဖွားကို သူ့ကိုယ်သူ ဂရုစိုက်ဖို့၊ သူ့အတွက် အသီးအရွက်ကြော် ကြော်ပေးဖို့ ဝက်သားရေကြော် ကြော်ပေးဖို့ ပြောပါတယ်။
နစ် ဆိုတဲ့ ကလေး တယောက်ကတော့ အဖေ အမေနဲ့ မောင်နှမတွေကို ချစ်တယ်၊ ပြန်ထွက်လာနိုင်ရင် ဝက်သားကင် ကျွေးပါလို့ သနားစရာ ရေးသားထားတာလည်း တွေ့ရပါတယ်။
နောက် မိဘတွေ နေကောင်းကြလား မေးတဲ့သူ ရှိသလို ဒီထဲ နေရတာ အေးလွန်းတယ် ဒါပေမဲ့ မပူပါနဲ့ ဆိုသူလည်း ရှိပါတယ်။ ဒီထဲ နေရတာ ပျော်ပါတယ် ဆိုသူလည်း ရှိပါတယ်။ တချို့ကလည်း သူ့မွေးနေ့ကို လုပ်ပေးကြဖို့ တောင်းဆိုပါတယ်။ နောက်ဆို မိဘကို ဆိုင်မှာ ကူပေးပါမယ် ဆိုပြီး ချွဲတဲ့ ကလေးတွေလည်း ရှိပါတယ်။
ဒီလက်ရေးစာတွေကို ဗြိတိသျှ ရေငုပ်သမားတွေက သောကြာနေ့ကယူဆောင်လာပြီး ထိုင်း အထူးရေတပ် ဖေ့စ်ဘုတ်မှာ ဒီကနေ့ တင်ထားတာ ဖြစ်ပါတယ်။ ဒီအပတ်ထဲမှာ ဂူထဲ ဖုန်းလိုင်းချိတ်ဖို့ ကြိုးစားတာ အဆင်မပြေ ဖြစ်သွားပြီးနောက် ဒါ ပထမဆုံး ဆက်သွယ်နိုင်ကြတာ ဖြစ်ပါတယ်။
သူတို့နေတဲ့ ဂူအခန်းထဲမှာ အောက်ဆီဂျင် နည်းလာတဲ့ ပြဿနာလည်း ရှိပါတယ်။ ဒါပေမဲ့ ဂူထဲကို လေဝင်ပေါက် ဖောက်ထားပြီးပြီလို့ အစိုးရ ဘက်က ပြောပါတယ်။
နောက် ၃ ရက်အတွင်း ရေတက်လာရင် သူတို့နေစရာ ပေတရာ ပတ်လည်လောက် ထပ်လျော့သွားနိုင်တယ်လို့လည်း သတိပေးနေကြပါတယ်။ ဒါပေမဲ့ ဂူထဲကို တိုက်ရိုက် ရောက်ဖို့ အပေါက် ၁ဝဝ ကျော် အပြင်ကနေ ဖောက်ပြီး ကယ်ဖို့ ကြိုးစားနေကြပါတယ်။
သူတို့ကို ပြန်တွေ့ပြီးတဲ့ ရက်ပိုင်းအတွင်းမှာပဲ သူတို့ကို ကယ်ဆယ်ရေးအတွက်လုပ်အားပေးနေတဲ့ ရေငုပ်သမား တဦး အောက်ဆီဂျင် ပြတ်လပ်ပြီး သေဆုံးခဲ့ရပါတယ်။
ဒါပေမယ့် ကယ်ဆယ်ရေး လုပ်ငန်းကို အထိခိုက်မရှိအောင် ကြိုးစားမယ်လို့ ကယ်ဆယ်ရေး လုပ်ငန်းကို ကြီးကြပ်ဆောင်ရွက်နေတဲ့ နရွန်ဆတ် အော်တာ နာကွန်းက ပြောပါတယ်။
မနေ့က ကယ်ဆယ်ရေး လုပ်ငန်းတွေ မအောင်မြင် ဖြစ်သွားခဲ့သလို ကယ်ဆယ်ရေး အဖွဲ့ဝင် ရေငုပ်သမား တဦး သေဆုံးခဲ့ရတာကြောင့် တဖွဲ့သားလုံး စိတ်မကောင်း ဖြစ်ကြရပါတယ်လို့ သူက ဆိုပါတယ်။
နောင်ကို ဒီလိုမဖြစ်အောင်ကြိုးစားမှာ ဖြစ်တာကြောင့် ကယ်ဆယ်ရေး အစီအစဉ်ကို အတိမ်းအစောင်းမရှိ အကောင်းဆုံးဖြစ်အောင် စမ်းသပ်နေတာလို့ နရွန်ဆတ် အော်တာ နာကွန်းက ပြောပါတယ်။