ထိုင်းကလေးတွေ လမ်းလျှောက်နိုင်ပေမယ့် ရေမငုပ်နိုင်သေး

ချင်းရိုင် ခရိုင်အတွင်းက ထမ့်လွန် ဂူထဲပိတ်မိ နေတဲ့ ကလေးတွေ ကို အမြန်ဆုံး ကယ်ဆယ်ရေး လုပ်နေစဉ်မှာပဲ သောကြာနေ့က ထိုင်းရေတပ်သားဟောင်း ရေငုပ်သမား ဆမန်ခူနမ် ဟာ ကလေးတွေ အတွက် အောက်စီဂျင်ဘူး သွားပို့ရင်း အပြန်မှာ သူကိုယ်တိုင် အောက်စီဂျင် ပြတ်ပြီး သတိမေ့ သေဆုံးသွားလို့ ကလေးတွေ အတွက် လုံလောက်တဲ့ အောက်စီဂျင် ရဖို့ ပို အရေးကြီး လာပါတယ်။

သောကြာနေ့ည သန်းခေါင်ယံ ကျော်ချိန် အထိ ရရှိတဲ့ သတင်း အရ ကလေးတွေ ခိုအောင်းနေတဲ့ဂူ အတွင်း လုံလောက်တဲ့ အောက်စီဂျင် ရဖို့ အတွက် ထိုင်းအာဏာပိုင်တွေ က လေဝင်ပေါက် ဖန်တီး ထားပြီးပြီလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ မတ်စောက်တဲ့ တောင်စွန်းတွေကနေ လေ၀င်ပေါက် ၁၀၀ ကျော်ကို ကလေးတွေ ခိုအောင်းနေတဲ့ နေရာအထိ ရောက်အောင် တူးပြီးသွားပြီ ဖြစ်ပြီး အခုဆိုရင် မီတာ ၄၀၀ အနက်အထိ ရောက်နေပြီလို့ ချင်းရိုင် ခရိုင် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ကလေးတွေက မြေအောက် မီတာ ၆၀၀ မှာ ပိတ်မိနေဆဲ ဖြစ်ပါတယ်။

ကလေးတွေဟာ ဂူပေါက်ဝနဲ့ ၄ ကီလိုမီတာ ၂ မိုင်ခွဲလောက် အကွာမှာ ရောက်နေတာ ဖြစ်ပါတယ်။

အခုတော့ ထိုင်း နဲ့ နိုင်ငံတကာ ရေငုပ်သမားတွေက အစားအစာတွေ၊ အောက်ဆီဂျင်နဲ့ ဆေးဝါးပစ္စည်းတွေ ထောက်ပံ့ပေးနေပေမယ့် ကလေးတွေ ရှိနေတဲ့နေရာမှာ အောက်ဆီဂျင်ဟာ ၂၁ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းထိ လျော့ကျသွားတာကြောင့် စိုးရိမ်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။

အခုတော့ ကလေးတွေဟာ လေအလုံအလောက် ရှူနိုင်ပြီ ဖြစ်တယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။

လောလောဆယ် တော့ ကလေးတွေ ရဲ့ ကျန်းမာရေး ဟာ လမ်းကောင်းကောင်း လျှောက်နိုင်တဲ့ အထိ တိုးတက် လာပေမဲ့ သူတို့ ကို ရေငုပ်တတ်အောင်၊ ရေအောက် လေရှူနည်း စတာတွေ သင်ကြားပေးနေပါတယ်။

ကယ်ဆယ်ရေး အဖွဲ့အနေနဲ့ ဒီစနေ တနင်္ဂနွေ မှာ မိုး သည်းလာလို့ ဂူထဲ ရေစိမ့်ဝင် ပြီး ထွက်ရ ခက်မှာ ကို စိုးရိမ်နေကြပါတယ်။

ပြီးခဲ့တဲ့ ကြာသာပတေး နေ့ က ဆိုရင် မိဘ တွေ က သူတို့ ကလေးတွေ အသီးသီးဆီ ကို စာတွေ ရေးပို့ အားပေးကြပါတယ်။

လက်ရှိမှာတော့ ထိခိုက်မှု အနည်းဆုံး နဲ့ ကလေးတွေ ထွက်လာနိုင်အောင် ကယ်ဆယ်ရေး လုပ်ငန်းတွေ ကို နေ့မနားညမအိပ် ကြိုးစားနေကြပါတယ်။