မိုးများလို့ ဂူထဲ ရေမလွှမ်းခင် ထိုင်းလူငယ်တွေကို ကယ်ထုတ်ဖို့ ကြိုးစားနေကြရ

ထိုင်းနိုင်ငံ မြောက်ပိုင်းက ဂူတဂူ ထဲမှာ ပိတ်မိနေတဲ့ ထိုင်း လူငယ်လေး ၁၂ ယောက် နဲ့ သူတို့ရဲ့ ဘောလုံးအသင်း နည်းပြတို့ကို ကယ်ထုတ်ဖို့ လုပ်ဆောင်နေကြရာမှာ ဂူထဲမှာ ရေကြီးလာမယ့် အချိန် မရောက်ခင် ကယ်ထုတ်နိုင်အောင် ကြိုးစားနေကြပါတယ်။

အဲဒီ ဒေသမှာ ရက်ပိုင်းအတွင်း မိုးများလာနိုင်တဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေပြီး အဲဒီ အချိန်ကျရင် ဂူထဲကို ရေဝင်တာတွေ များလာကာ လူငယ်လေးတွေ ခိုလှုံနေတဲ့ နေရာအထိ ရေလွှမ်းလာမှာ ကို စိုးရိမ် နေရပါတယ်။

ဆက်ကျော်သက်အရွယ် ဘောလုံးသမားလေးတွေနဲ့ အသက် ၂၅ နှစ် အရွယ် သူ့တို့ အသင်းနည်းပြတို့ အဲဒီ ထမ့်လွန်ဂူထဲမှာ ဇွန်လ ၂၃ ရက်နေ့ကတည်း ပိတ်မိနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်ည ကတော့ သူတို့ ကို ဂူဝ နဲ့ ၂ မိုင်ခွဲ ခန့် အကွာအဝေး မှာ ရှာဖွေ တွေ့ရှိနိုင်ခဲ့ပါတယ်။

ဂူဝ နဲ့ သူတို့ရှိရာ အကြားက လိုဏ်ဂူလမ်းကြောင်း တချို့နေရာတွေဟာ ရေပြည့်နေပြီဖြစ်တဲ့အတွက် သူတို့ကို ကယ်ဆယ်ဖို့ လိုက်ရှာကြတဲ့ ရေငုပ်သမားတွေ ခက်ခက်ခဲခဲ နဲ့ သူတို့ ကို ရှာတွေ့နိုင်ခဲ့တာပါ။

ဂူထဲက ရေတွေကို ကယ်ဆယ်ရေးအဖွဲ့က အချိန်နဲ့အမျှ စက်နဲ့ စုပ်ထုတ်နေလို့ ဇူလိုင်လ ၅ ရက်နေ့ထိ ထုတ်ပစ်နိုင်တဲ့ ရေပမာဏ က လီတာ ၁၂၈ သန်း လောက်ရှိခဲ့ပြီး ဂူတွင်းမှာရှိနေတဲ့ ရေမျက်နှာပြင် နိမ့် သွားပေမယ့် လူငယ်လေးတွေ ထွက်လာနိုင်ရေးမှာ အတား အဆီး အဖြစ် ရှိနေတုန်းပါ။

ပိတ်မိနေတဲ့ လူငယ်တွေအများစု က ရေကူး၊ ရေငုပ် မတတ်ကြသူတွေ ဖြစ်တဲ့အပြင် ရေငုပ် ရမယ့် နေရာတွေကလည်း ကျဉ်းမြောင်း ရှုပ်ထွေးပြီး ရေထဲမှာ ဘာမှ မမြင်ရတဲ့အထိ မှောင်မဲနေတဲ့အတွက် ရေငုပ်ပြီး ထွက်ဖို့ရာမှာ အလွန်အန္တရာယ်များတယ်လို့ သတ်မှတ်ထားခဲ့ကြပါတယ်။

မိုးရာသီ ကုန်ဆုံးတဲ့ အချိန်ရောက်ပြီး ဂူထဲက ရေတွေ နည်းပါးသွားမှသာ ဒီ လူငယ်လေးတွေ ထွက်လို့ရနိုင်မယ် လို့ အရင် က ခန့်မှန်းခဲ့ကြပါတယ်။

အခုတော့ ဂူထဲမှာ နောက်ထပ် ရေတွေ များလာမယ့် အခြေအနေ ကို ထည့်တွက်လာရပြီး သူတို့ကို ရက်အနည်းငယ် အတွင်း ကယ်ထုတ်နိုင်ဖို့ ကြိုးစားနေရပါတယ်။

တာချီလိတ် သတင်း အေဂျင်စီ က သတင်းထောက် မချယ်ရီထိုက် က ထိုင်းအစိုးရ သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး ဒီကလေးငယ် တယောက်ချင်းစီ ကို ရေငုပ်ဝတ်စုံတွေဝတ်ဆင်ပေးကာ ရေငုပ်သမား ၂ ယောက်စီ က လူငယ်လေး တယောက်ချင်းစီကို တွဲပြီး ရေထဲက နေ ထုတ်မယ့် အစီအစဉ်ကို လည်း ကယ်ဆယ်ရေးအဖွဲ့ က စဉ်းစားနေတယ်လို့ ပြောပါတယ်။

လိုဏ်ဂူ အပေါ် မြေကြော ပေါ်ကနေ ဝင်လမ်းရှာပြီး ကယ်ထုတ်နိုင်ဖို့ နည်း ကိုလည်း ကြိုးစား နေကြကာ ဒေသတွင်း တောလိုက်သူတွေ ဆီ က နယ်မြေကျွမ်းကျင်သူတွေ ကိုလည်း လိုက်လံ စုံစမ်းနေတဲ့ အကြောင်း သိရပါတယ်။

ဒီလူငယ်လေးအဖွဲ့ ဟာ ဂူထဲကို ဝင်ရောက်စဉ်က တွေမရှိပေမယ့် ဂူထဲမှာ သူတို့ရောက်နေစဉ် အပြင်မှာ မိုးကြီးလာခဲ့ပြီး ဂူထဲကိုတွေဝင်လာတဲ့အတွက် သူတို့ဝင်ခဲ့ရာ လမ်းတွေမှာ ရေတွေပြည့် လာတာကို ကြုံခဲ့ရကာ အခုလို ပိတ်မိနေခဲ့ရတာပါ။