ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထိုင်း လိုဏ်ဂူထဲ လူ ၁၂ ယောက် ပျောက်ဆုံးနေ
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်ခရိုင်ထဲ ဧည့်သည်တွေ အလာများတဲ့ လိုဏ်ဂူထဲ ဝင်သွားခဲ့တဲ့ ဒေသခံ ဘောလုံးအသင်းက လူငယ်တွေ ပြန်ထွက်မလာ ဖြစ်နေပါတယ်။
ထမ်လွန်နန်းနွန် လို့ အမည်တွင်တဲ့ လိုဏ်ဂူထဲ အသက် ၁၁ နှစ်ကနေ ၁၆ နှစ်ကြား လူငယ်တွေနဲ့ သူတို့ရဲ့ နည်းပြဆရာတို့ စနေနေ့တုန်းက ဝင်သွားခဲ့ကြတာ ဖြစ်ပါတယ်။
လိုဏ်ခေါင်း အမြွာတွေ အများကြီးရှိပြီး မြေအောက် ကီလိုမီတာ တချို့ထိ နက်တဲ့ ရေလွှမ်းနေပြီး အထဲ ဝင်သွားကြသူတွေ ပိတ်မိ နေတယ်လို့ ယူဆရတဲ့ အတွက် ထိုင်း အာဏာပိုင်တွေ ရှာဖွေ ကယ်ဆယ်ရေးတွေ လုပ်ဆောင် နေပြီ ဖြစ်ပါတယ်။
အဲဒီ လိုဏ်ဂူထဲ လူငယ်အဖွဲ့ ဝင်သွားခဲ့တဲ့နောက်ပိုင်း မိုး သည်းသည်းထန်ထန် ရွာလာပြီး အဝင်ဝက ချောင်း ရေလျှံလာပါတယ်။
အခုတော့ ရေငုပ် ရှာဖွေရေးသမားတွေပါ လိုဏ်ဂူထဲ ဝင်သွားပြီ ဖြစ်ပါတယ်။
မိုးတွင်းဆိုရင် ဂူဝက ချောင်းဟာ ၁၆ ပေလောက်ထိ နက်လေ့ ရှိပြီး လူတွေ ဝင်လို့ မရဘူးလို့ ဒေသခံ ရဲတစ်ယောက်က ဆိုပါတယ်။
စနေနေ့ နေ့လယ်လောက်ကတည်းက ဂူထဲ ဝင်သွားကြသူတွေ ပြန်ထွက် မလာကြတာကို အဲဒီ ညပိုင်းမှာ သတိထားမိပြီး ရှာဖွေမှုတွေ စတင် ခဲ့ပါတယ်။
ဂူ အဝင်ဝမှာ အဲဒီ အဖွဲ့က ထားခဲ့တဲ့ စက်ဘီးတွေ ၊ တခြား အားကစား ပစ္စည်း တချို့ကို တွေ့ရပါတယ်။
ဇွန်လ ၂၅ ရက် တနင်္လာနေ့ မနက်ပိုင်းမှာတော့ ထိုင်း တော်ဝင် ရေတပ်၊ ရေအောက် ချေမှုန်းရေး ဌာနက ရေငုပ်သမားတွေ ရှာဖွေ ကယ်ဆယ်ရေး လုပ်နိုင်ဖို့ လိုဏ်ဂူထဲ ဝင်သွားကြပြီ ဆိုပြီး ထိုင်း ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝစ် ဝေါင်ဆူဝမ်က ပြောပါတယ်။
အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး ပျောက်ဆုံး နေသူတွေကို ရှာဖွေ ကယ်ဆယ် နိုင်ဖို့ မျှော်လင့်ချက် ရှိနေသေးတယ် လို့လည်း ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။