ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မင်္ဂလာပွဲအပြီး တော်ဝင်မောင်နှံတို့ရဲ့ပထမဆုံးခရီး
ဒမ်ဘာတန် မြို့စားနဲ့ မြို့စားကတော်ဖြစ်တဲ့ မင်းသားဟယ်ရီနဲ့ ဇနီးမီဂန်မာကယ်တို့ မင်္ဂလာပွဲအပြီး ပထမဆုံးခရီးစဉ်အဖြစ် သြစတြေးလျ၊ နယူးဇီလန်နဲ့ တခြားကျွန်းနိုင်ငံတွေကို အလည်အပတ် ခရီးထွက်မယ်လို့ သိရပါတယ်။
တော်ဝင်မောင်နှံဟာ လာမယ့်ဆောင်းဦးမှာ သြစတြေးလျ၊ နယူးဇီလန်အပါအဝင် ကျွန်းနိုင်ငံတွေဖြစ်တဲ့ ဖီဂျီနဲ့ တွန်ဂါကိုလည်း သွားရောက်လည်ပတ်ကြမှာပါ။
ဒီခရီးစဉ်ဟာ သူတို့နှစ်ယောက်ရဲ့ မင်္ဂလာလက်ထပ်ပွဲအပြီး ပထမဆုံး တရားဝင်သွားရောက်ကြမယ့် တောင်ဝင်ခရီးစဉ်လည်း ဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံနဲ့ နယူးဇီလန်နိုင်ငံတွေဟာ မင်းသားဟယ်ရီရဲ့မိဘတွေဖြစ်တဲ့ ချားလ်စ်မင်းသားနဲ့ ဒိုင်ယာနာမင်းသမီးတို့ ပထမဆုံးသွားရောက်ခဲ့ကြတဲ့ တောင်ဝင်ခရီးစဉ်အတိုင်း ခြေရာနင်းတာလည်း ဖြစ်ပါတယ်။
တော်ဝင်မောင်နှံ သွားကြမယ့် ဆောင်ဦးရာသီချိန်ဖြစ်တဲ့ အောက်တိုဘာလမှာ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ၄ ကြိမ်မြောက် Invictus Games ပြိုင်ပွဲ ကျင်းပမှာလည်း ဖြစ်ပါတယ်။
ဒီခရီးစဉ်ဟာ မင်းသမီး မီဂန်မာကယ်တစ်ယောက် တော်ဝင်မိသားစုတာဝန်ကို ဘယ်လိုပုံစံလုပ်ဆောင်မယ် ဆိုတာကိုလည်း ပြသမှာဖြစ်ပါတယ်။
တော်ဝင်မောင်နှံ လာရောက်လည်ပတ်ဖို့ကို သြစတြေးလျနဲ့ နယူးဇီလန် အစိုးရတွေက တရားဝင် ဖိတ်ကြားတာဖြစ်ပြီး ဖီဂျီနဲ့ တွန်ဂါကို သွားလည်ပတ်ဖို့ကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံကို ဟယ်ရီရဲ့မိဘတွေဖြစ်တဲ့ မင်းသားချားလ်စ်နဲ့ မင်းသမီးဒိုင်ယာနာတို့ ၁၉၈၃ ခုနှစ်မှာ သွားရောက်လည်ပတ်ခဲ့တာဖြစ်ပြီး၊ မင်းသားဟယ်ရီရဲ့အစ်ကိုဖြစ်သူ မင်းသားဝီလျံတို့ ဇနီးမောင်နှံကတော့ ၂၀၁၄ ခုနှစ် ဧပြီလမှာ အဲဒီနိုင်ငံတွေကို သွားရောက်လည်ပတ် ခဲ့ကြပါတယ်။