ကမ္ဘာက စောင့်ကြည့်တဲ့ ဗြိတိသျှတော်ဝင်ပွဲ

ကမ္ဘာတဝန်းက သန်းပေါင်းများစွာသော ကမ္ဘာသူ ကမ္ဘာသားတွေဟာ ဗြိတိသျှ ဘုရင်မကြီးရဲ့ မြေးတော် မင်းသား ဟယ်ရီနဲ့ မီဂန်မာကယ်တို့ရဲ့ ဝင်ဆာရဲတိုက်မှာ ပြုလုပ်မယ့် လက်ထပ်မင်္ဂလာပွဲကို စောင့်ကြည့်နေကြပါပြီ။

ရာပေါင်းများစွာဟာ ဝင်ဆာရဲတိုက်ရဲ့ အပြင်ဘက်က လမ်းတွေပေါ်မှာ တညလုံးစောင့်ခဲ့ကြပြီး မင်္ဂလာပွဲကျင်းပုံကို နေရာမြင်ကွင်း ကောင်းကောင်းကနေ ကြည့်ရှူခွင့်ရဖို့ စောင့်နေခဲ့ကြတာဖြစ်ပါတယ်။

မင်္ဂလာပွဲဟာ ဝင်ဆာမှာရှိတဲ့ စိန့်ဂျော့ချ် ဘုရားကျောင်းမှာ ကျင်းပမှာ နေ့လယ် ၁၂ နာရီမှာ ကျင်းပမှာ ဖြစ်ပါတယ်။

မင်္ဂလာစုံတွဲဟာ မြို့အနှံ့ကို လှည့်လည်မှာ ဖြစ်ပါတယ်။ အချိန်ကတော့ ဂရင်းနစ်စံတော်ချိန် နေ့လည် ၁ နာရီမှာပါ။

မစ္စမာကယ်ဟာ သူမရဲ့ ခင်ပွန်းဖြစ်သူရဲ့ အမိန့်ကို နာခံမယ်လို့ ကတိပေးမှာမဟုတ်ဘဲ လက်ထပ်လက်စွပ်ကို မင်းသားဟယ်ရီက ဆင်မြန်းပေးဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ဟယ်ရီရဲ့ ဖခင်မင်းသားချားလ်စ်ကတော့ မာကယ်ရဲ့ဘေး တွဲလျက်လျှောက်လာမှာဖြစ်ပြီး မာကယ်ရဲ့ ဖခင်သောမတ်ကတော့ ကျန်းမာရေးမကောင်းတဲ့အတွက် မင်္ဂလာပွဲကို တက်ရောက်နိုင်မှာ မဟုတ်ပါဘူး။

မင်္ဂလာပွဲ မတိုင်ခင်တရက်ကပဲ မင်းသားဟယ်ရီက သူ့အနေနဲ့ စိတ်လှုပ်ရှားမှုမရှိဘဲ ရွှင်ရွှင်ပျပျဖြစ်နေကြောင်း လူအုပ်ကြီးပြောခဲ့သလို မစ္စမာကယ်ကတော့ အလွန်ပဲ အံ့သြစရာကောင်းလှကြောင်း ပြောဆိုခဲ့ပါတယ်။

လူတော်တော်များများကတော့ ဝင်ဆာကို ရောက်ရှိနေပါပြီ။

တော်ဝင်မင်္ဂလာ အခမ်းအနားတွေဟာ တခုနဲ့တခုမတူဘဲ ခြားနားမှုတွေ ရှိပါတယ်။ ဒါပေမယ့် ဒီအခမ်းအနားတွေဟာ တော်ဝင်မိသားစုတွေအတွက် တော်ဝင်ဘဝ စာမျက်နှာတွေကို ပြန်လည်တင်ပြဖို့ အခွင့်အရေးလည်း ဖြစ်ပါတယ်။

အခုလို ခမ်းနားတဲ့ မင်္ဂလာပွဲတွေဟာ ရှားရှားပါးပါး မြင်တွေ့ရခဲ့တဲ့ ထူးခြားလှပမှုတွေနဲ့ ကျင်းပလေ့ရှိတာပါ။

ဝင်ဆာပတ်ဝန်းကျင်မှာတော့ လူပေါင်း တသိန်းလောက်ဟာ ပျော်ရွှင်နေတဲ့ မင်္ဂလာမောင်နှံကို တွေ့မြင်ခွင့်ရဖို့ မျှော်လင့်စောင့်စားနေပါပြီ။

နစ်ကီနဲ့ မတ်ပရူနာတို့ဟာ အမေရိကန်နိုင်ငံကဖြစ်ပြီး သူတို့ရဲ့ အားလပ်ရပ်အဖြစ် ဗြိတိန်ကို ရောက်နေတာဖြစ်သလို မင်္ဂလာအခမ်းအနားကိုလည်း မြင်တွေ့ခွင့်ရဖို့ မျှော်လင့်နေကြတာပါ။

နစ်ကီ ပရူနာကတော့ ကျွန်တော်တို့ဟာ ကိတ်နဲ့ ဝီလျံတုန်းကလည်း တညလုံး တဲထိုးပြီးစောင့်ခဲ့ကြပါတယ်၊ အဲဒီလိုနောက်တခါကြုံဖို့ မမျှော်လင့်ခဲ့ပေမယ့် အခုဒီတခါ ဒီနေရာကို ရောက်လာပြန်ပါပြီလို့ ပြောပါတယ်။

မတ်ပရူနာကတော့ ဒီနေရာဟာ ပွဲတော်တခုနဲ့တူနေသလို ခံစားရပါတယ် လို့ ပြောပါတယ်။

မင်္ဂလာပွဲကို ဧည့်သည် ၆ဝဝ လောက် တက်ရောက်မှာ ဖြစ်တယ်လို့ ကန်တာဘာရီ ဂိုဏ်းချုပ်ကြီးက ပြောပြီး အသံလွှင့်ဌာနတွေက ထုတ်လွှင့်ချက်ကို ကမ္ဘာတဝှမ်းက သန်းပေါင်းများစွာက ကြည့်ရှုကြမှာ ဖြစ်ပါတယ်။

ပရိုတက်စတင့် ဘာသာဝင် မစ္စ မာကယ်ဟာ ဘုရင့်မိသားစု ကိုးကွယ်တဲ့ အင်္ဂလီကန် အသင်းတော်မှာ နှစ်ခြင်းခံဖို့လည်း ရှိပါတယ်။

ဟယ်ရီနဲ့ မက်ဂန်တို့ တရားဝင် စေ့စပ်ကြောင်းလမ်းတာကို နော်တင်ဟမ်မှာ ဒီဇင်ဘာလ ၁ ရက်က ကျင်းပခဲ့ပါတယ်။