ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထိပ်သီးဆွေးနွေးပွဲလုပ်မယ့် ခေါင်းဆောင် နှစ်ယောက်လုံး စင်္ကာပူကို ရောက်လာပြီ
အမေရိကန် သမ္မတ ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းတို့ ထိပ်သီးဆွေးနွေးပွဲမှာ တွေ့ဆုံဖို့ စင်ကာပူနိုင်ငံကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း စင်ကာပူကို ရောက်ရှိပြီး နာရီ အနည်းငယ် အကြာမှာ သမ္မတ ထရမ့်က Air Force One လေယာဉ်နဲ့ စင်ကာပူ ပါယာလီဘာ လေတပ်စခန်းကို ဆိုက်လာခဲ့ပါတယ်။
မစ္စတာ ကင်ဂျုံအွန်း ရောက်လာတုန်းက သွားကြိုခဲ့တဲ့ စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်ပဲ မစ္စတာထရမ့်ကို ကြိုဆိုခဲ့ပါတယ်။
"အမေရိကန်နိုင်ငံကို ပြန်လည် ကြီးကျယ်အောင်လုပ်မယ် " ဆိုတဲ့ ထရမ့်ရဲ့ ကြွေးကြော်သံ စာတန်းပါ ဦးထုပ်တွေ ဆောင်းထားတဲ့ စင်္ကာပူမှာ ကျောင်းတက် နေကြတဲ့ အမေရိကန် ကျောင်းသူတွေက ထရမ့် အလာစောင့်နေကြတာ တွေ့ရပါတယ်။
ထရမ့်ဟာ ကနေဒါမှာ ကျင်းပခဲ့တဲ့ G-7 စက်မှုအင်အားကြီး ၇ နိုင်ငံရဲ့ ထိပ်သီး အစည်းအဝေးကို တက်ရောက်ခဲ့ပြီး စင်ကာပူကို ခရီးဆက်လာတာပါ။
G-7 အစည်းအဝေးမှာလည်း နောက်ဆုံး ပူးတွဲ ကြေညာချက် ထုတ်ပြန်ကာနီး မိနစ်ပိုင်း အလိုကျမှ သမ္မတထရမ့် လက်မခံခဲ့တဲ့ အတွက် အကြီးအကျယ် သဘောထားကွဲမှုတွေနဲ့ အစည်းအဝေးက အဆုံးသတ် သွားခဲ့ရပါတယ်။
ဇွန် ၁၂ ရက်နေ့မှာတော့ သမ္မတ ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းတို့ ၂ ဦးဟာ ဆန်တိုစာကျွန်းပေါ်က ကြယ်ငါးပွင့်အဆင့် ရှိတဲ့ Capella Hotelမှာတွေ့ဆုံကြမှာ ဖြစ်ပါတယ်။
ဒီထိပ်သီးဆွေးနွေးပွဲဟာ မြောက်ကိုရီးယား နျူကလီးယား လက်နက်ကို စွန့်လွှတ်မယ့် ခြေလှမ်းတခုကို စတင်တာလို့ အမေရိကန်ဘက်က ယုံကြည်နေပါတယ်။